အရှင်နာဂသေန

အရှင်နာဂသေန သည် ဗုဒ္ဓဘာသာသမိုင်းတွင် ထင်ရှားသည့် ရဟန္တာတစ်ပါး ဖြစ်၏။ မိလိန္ဒမင်း၏ ခက်ခဲနက်နဲသော ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သည့် အမေးပုစ္ဆာများကို ဖြေကြားခဲ့သည့် ရဟန္တာ ဖြစ်၏။ ဗုဒ္ဓဘာသာတွင် အရှင်နာဂသေနှင့် မိလိန္ဒမင်းတို့ အမေးအဖြေပြုခဲ့သည်ကို မှတ်တမ်းတင်ထားသည့် မိလိန္ဒပဉှာကျမ်းသည် အလွန်ထင်ရှားသည်။[1]

မိလိန္ဒမင်းနှင့် အရှင်နာဂသေန

အရှင်နာဂသေန နှင့် မိလိန္ဒမင်းတို့၏ အတိတ်သမိုင်း

ကဿပမြတ်စွာဘုရားလက်ထက်တွင် ဂင်္ဂါမြစ်အနီးရှိ ကျောင်းတိုက်တွင် ဖြစ်၏။ တစ်ခုသော နံနက်တွင် ရဟန်းတစ်ပါးသည် သာမဏေတစ်ဦးကို “ဤတံမြက်ချေးကို စွန့်ပစ်ချေလော့” ဟု ဆို၏။ ထိုသို့ ခေါ်ပါသော်လည်း သာမဏေသည် မကြားယောင် ပြုကာ သွားမြဲအတိုင်း သွား၏။ နှစ်ကြိမ် သုံးကြိမ်တိုင်အောင် ပြောပါသော်လည်း မကြားယောင် ပြုနေသဖြင့် ရဟန်းသည် အမျက်ထွက်လာ၏။ ထို့ကြောင့် သာမဏေအား တံမြက်စည်းရိုးဖြင့် ရိုက်ပုတ်၏။[1]

သာမဏေ၏ ဆုတောင်း

ထိုအခါ သာမဏေသည် ကြောက်ရွံ့ကာ “တံမြက်ချေးကို စွန့်ပစ်၏။ ထိုသို့စွန့်ပစ်သည့်အခါ “တံမြက်ချေးစွန့်ပစ်ရသော ကောင်းမှုကြောင့် နိဗ္ဗာန်ရောက်သည့်တိုင်အောင် ဤအတွင်း ဖြစ်လေရာ ဘဝ၌ မွန်းတည့်နေကဲ့သို့ ဘုန်းကံကြီးသူ၊ တန်ခိုးတေဇော်ကြီးသူ ဖြစ်ရပါလို၏” ဟု ပထမအကြိမ် ဆုတောင်း၏။ တံမြက်ချေးကို စွန့်ပစ်ပြီး ဂင်္ဂါမြစ်သို့ ရေးချိုးရန်သွားသောအခါ တဝုန်းဝုန်းမြည်နေသည့် လှိုင်းတံပိုးတို့ကို မြင်ကာ “အကျွန်ုပ်သည် နိဗ္ဗာန်ရောက်သည့်တိုင်အောင် ဤဖြစ်လေရာဘဝ၌ ဤလှိုင်းတံပိုး အဟုန်ကဲ့သို့ အရာအားလျော်စွာ ဖြစ်ပေါ်လာသော ဉာဏ်ပဋိဘာန်ရှိသူ၊ မကုန်နိုင်သော ဉာဏ်ပဋိဘာန်ရှိသူ ဖြစ်ရပါလို၏” ဟု ဒုတိယအကြိမ် ဆုတောင်း၏။[1]

ရဟန်း၏ ဆုတောင်း

စေခိုင်းသော ရဟန်းသည် ဂင်္ဂါမြစ်သို့ ရေချိုးရန်သွားသောအခါ သာမဏေ၏ ဆုတောင်းသံကို ကြားရ၏။ ထိုအခါ ရဟန်းသည် “ငါစေခိုင်းသော သာမဏေသည်ပင် ဤမျှ ဆုတောင်း၏။ ငါ့အား အဘယ်မှာ ဆုတောင်း မပြည့်စုံဘဲ ရှိလိမ့်မည်နည်း” ဟု ကြံကာ “ငါသည် နိဗ္ဗာန်သို့ ရောက်သည့်တိုင်အောင် ဤအတွင်း ဖြစ်လေရာရာ ဘဝ၌ ဤဂင်္ဂါမြစ်၏ လှိုင်းတံပိုးအဟုန်ကဲ့သို့ မကုန်သော ဉာဏ်ပဋိဘာန်ရှိသူ ဖြစ်ရပါလို၏၊ ဤသာမဏေ မေးတိုင်းမေးတိုင်းသော ပြဿနာအလုံးစုံကို ရှင်းလင်းရန်၊ ဖြေရှင်းရန် စွမ်းနိုင်သူ ဖြစ်ရပါလို၏” ဟု ဆုတောင်း၏။

ဤသို့ဖြင့် ထိုသူနှစ်ဦးတို့သည် နတ်ဘုံ၊ လူ့ဘုံတို့တွင် ကျင်လည်ကြကုန်လျက် ကဿပမြတ်စွာဘုရား နှင့် ဂေါတမမြတ်စွာဘုရားတို့၏ ကြားကာလကို လွလေ၏။[1]

ဂေါတမမြတ်စွာဘုရား၏ ဗျာဒိတ်တော်

မြတ်စွာဘုရားသည် မောဂ္ဂလိပုတ္တတိဿထေရ်ကို ဗျာဒိတ်ညွှန်ကြားတော်မူသကဲ့သို့ မိလိန္ဒမင်းနှင့် အရှင်နာဂသေနတို့ကိုလည်း အောက်ပါအတိုင်း ဗျာဒိတ်ညွှန်ကြားတော်မူခဲ့သည်။

“ငါဘုရား ပရိနိဗ္ဗာန်စံတော်မူသည်မှနောက် နှစ်ငါးရာကျော်သောအခါ ထိုသူနှစ်ဦးတို့သည် ဖြစ်ပေါ်လာလတ္တံ့။ ထိုသူနှစ်ဦးသည် နက်နဲစွာပြု၍ ငါဟောကြားအပ်သော ထိုသုတ်၊ အဘိဓမ္မာ၊ ဝိနည်းတရားတော်တို့ကို ပြဿနာမေးခွန်း၊ ဥပမာ ဥပမေယျ၊ ညီမျှသင့်တင့်သော နည်းတို့၏ အစွမ်းဖြင့် အရှုပ်အထွေးမရှိအောင် ပြု၍ ဝေဖန်ကြကုန်လတ္တံ့” ဟု ဗျာဒိတ်မြွက်ကြားတော်မူ၏။[1]

မိလိန္ဒမင်း

နောင်အခါတွင် သာမဏေသည် ဇမ္ဗူဒိပ်ကျွန်း၊ သာဂလမြို့တွင် မိလိန္ဒအမည်ဖြင့် မင်းဖြစ်၏။ မိလိန္ဒမင်းသည် လိမ္မာ၏၊ အသိဉာဏ်ရှိ၏၊ ကျမ်းဂန်တို့ကို သင်ယူ၏။ မိလိန္ဒမင်းသည် မြို့တွင်းရှိ သမ္မာသမ္ဗုဒ္ဓဟု ဝန်ခံသော သာမဏ၊ ဂိုဏ်းဆရာ၊ ဗြာဟ္မဏတို့ကို ခေါ်ယူကာ မေးခွန်းပုစ္ဆာတို့ကို မေးမြန်း၏။ ထိုသို့မေးမြန်းသည့် အမေးပုစ္ဆာများကို ဖြေကြားနိုင်ခြင်း မရှိပေ။ ထို့ကြောင့် သာမဏ၊ ဗြာဟ္မဏတို့သည် မင်းကြီးမေးသည်ကို မတတ်နိုင်သဖြင့် ဖဲသွားကြ၏။ အရပ်တပါးသို့ မသွားသောသူတို့သည် တိတ်ဆိတ်စွာ နေကြရကုန်၏။ ရဟန်းတို့သည် များသောအားဖြင့် ဟိမဝန္တာသို့ ကြွကုန်ကြ၏။[1]

မဟာသေနနတ်သား

ထိုအခါ ဟိမဝန္တာတောင်၊ ရက္ခိတမည်သော ကုန်းပြင်တွင် သီတင်းသုံးနေသော ရဟန္တာတို့သည် ရှိ၏။ ထိုရဟန္တာတို့ထဲတွင် အသျှင်အဿဂုတ္တမထေရ်သည် ဒိဗ္ဗသောတအဘိညာဏ်ဖြင့် မိလိန္ဒမင်း၏ ညည်းတွားသံကို ကြားရ၏။ ထို့နောက် ယုဂန္ဓိုရ်တောင်ထိပ်တွင် ရဟန်းတို့ကို စုဝေးကာ “မင်းကြီး၏ ယုံမှားသံသယကို ပယ်ဖျောက်ပေးနိုင်သော ရဟန်းရှိပါသလား” ဟု မေးမြန်း၏။ သုံးကြိမ်တိုင် မေးမြန်းသော်လည်း ရဟန်းတို့သည် ဆိတ်ဆိတ်နေကုန်၏။ ထိုအခါ အသျှင်အဿဂုတ္တသည် “တာဝတိံသာနတ်ဘုံရှိ မဟာသေနနတ်သားသည် မင်းကြီး၏ ယုံမှားသံသယကို ပယ်ဖျောက်ရန် စွမ်းဆာင်နိုင်၏” ဟု ပြောကြား၏။ ထို့နောက် ရဟန္တာတို့သည် ယုဂန္ဓိုရ်တောင်ထိပ်မှ တာဝတိံသာနတ်ပြည်သို့ ရောက်၏။ ထို့နောက် နတ်သားအား မင်းကြီး၏ ယုံမှားသံသယကို ပယ်ဖျောက်နိုင်ရန် လူ့ပြည်သို့ လာရောက်ပါလော့” ဟု ဆို၏။ ထိုအခါ နတ်သားသည် ငြင်းပယ်၏။ ရဟန်းတို့သည် သုံးကြိမ်တိုင်တိုင် ပြောဆိုသည့်တိုင်အောင် ငြင်းပယ်နေ၏။ ထိုအခါ အသျှင်အဿဂုတ္တသည် နတ်သားအား ဖျောင်းဖျပြောဆိုရာ နတ်သားလည်း လူ့ပြည်၌ ဖြစ်ပါတော့အံ့ဟု ဝန်ခံ၏။[1]

နာဂသေနသူငယ်

ဖွားမြင်ခြင်း

မဟာသေနနတ်သားသည် နတ်ပြည်မှ လွန်ခဲ့၍ လူ့ပြည်တွင် လူဖြစ်လာ၏။ ဖခင် သောဏုတ္တရပုဏ္ဏား၏ ခင်ပွန်းဖြစ်သူ ဝမ်းတွင် ပဋိသန္ဓေယူ၏။ ထိုသို့ ပဋိသန္ဓေယူသည်နှင့် တစ်ပြိုင်နက် လက်နက်ဘဏ္ဍာတို့၏ ထွန်းတောက်ခြင်း၊ ကောက်စပါးနှင့် ပြည့်စုံခြင်း၊ မိုးသည်းထန်စွာ ရွာခြင်းတို့သည် ဖြစ်ပေါ်၏။[1]

ပညာသင်ကြားခြင်း

နာဂသေနသည် ခုနစ်နှစ်သား ရောက်လာသည့်အခါတွင် ဖခင်က ပညာသင်ကြားစေ၏။ နာဂသေနသည် တစ်ကြိမ်သင့်ရုံဖြင့် ဗေဒင်သုံးပုံ၊ (အဘိဓာန်) နိဃဏ္ဍုကျမ်း၊ (အလင်္ကာ) ကေဋုဘကျမ်း၊ (သဒ္ဒါ) အက္ခရပ္ပဘေဒကျမ်းနှင့် ဣတိဟာသကျမ်းတို့ကို တတ်မြောက်၏။ ထို့ပြင် ပဒကျမ်း၊ ဗျာကရုဏ်းကျမ်း၊ လောကာယတကျမ်း၊ မဟာပုရိသလက္ခဏာကျမ်းတို့ကို တတ်မြောက်၏။

ထိုအခါ နာဂသေနသည် ဖခင်အား ဗေဒင်သုံးပုံထက် သင်ကြားဖွယ်ရှိပါသလားဟု မေးရာ “မရှိပါ” ဟု ဖခင်က ဖြေကြား၏။ နာဂသေနသည် မိမိသင်ယူတတ်မြောက်ထားသည်များ၏ အစ၊ အလယ်၊ အဆုံးကို ဆင်ခြင်သောအခါ အနှစ်သာရကို မတွေ့ဘဲ ဖြစ်နေသည်ကို တွေ့သဖြင့် နှလုံးမသာမယာ ဖြစ်နေ၏။[1]

ရောဟဏမထေရ်နှင့် တွေ့ခြင်း

ထိုသို့ နှလုံးမသာမယာ ဖြစ်နေသည်ကို အရှင်ရောဟဏသည် စိတ်အကြံဖြင့် သိလေ၏။ ထို့နောက် နာဂသေန၏ အိမ်တံခါးမုဒ်တွင် ရပ်နေ၏။ နာဂသေနသည် မထေရ်ကို မြင်သောအခါ “အသျှင်သည် ဦးပြည်းလျက် ဖန်ရည်ဆိုးအဝတ်၏။ အဘယ်လူမျိုး ဖြစ်သနည်း” ဟု မေး၏။ ထိုအခါ အသျှင်ရောဟဏသည် အကုသိုလ်အညစ်ကြေးတို့ကို နှင့်ထုတ်သောကြောင့် ရဟန်းဖြစ်၏ဟု အစရှိသဖြင့် ပြောလေ၏။ ထို့နောက် နာဂသေနသူငယ်သည် အသျှင်ရောဟဏအား အိမ်ထဲသို့ ပင့်ဆောင်ကာ ဆွမ်းလုပ်ကျွေး၏။ ထို့နောက် အသျှင်ရောဟဏအား မန္တန်တို့ကို သင်ကြားပေးရန် တောင်းဆို၏။ အသျှင်ရောဟဏသည် အမိအဖတို့က ခွင်ပြုကာ ရဟန်းအသွင်ကို ယူသောအခါ၌ သင်ကြားပေးမည်ဟု မိန့်တော်မူ၏။[1]

ရှင်သာမဏေပြုခြင်း

ထိုအခါ နာဂသေနသူငယ်သည် မိဘတို့အား မန္တန်များကို သင်ကြားရန် ရဟန်းပြုခွင့် တောင်း၏။ မိဘတို့သည် “သင်ယူရန် ခွင့်ပြု၏၊ သင်ယူပြီးပါက တစ်ဖန်ပြန်လာလိမ့်မည်” ဟု ထင်မှတ်ကာ ခွင့်ပြု၏။ ထိုအခါ အသျှင်ရောဟဏသည် နာဂသေနသူငယ်ကို ဝိဇမ္ဘဝတ္ထုကျောင်းတိုက်၊ ဝတ္တနိယကျောင်းသို့ ခေါ်ဆောင်သွား၏။ တစ်ညဉ့်နေပြီးနောက် ရက္ခိတကုန်းပြင်တွင် ရဟန်းများစွာတို့၏ အလယ်၌ နာဂသေနသူငယ်ကို ရှင်ပြုပေး၏။ ထို့နောက် အသျှင်နာဂသေသည် အဘိဓမ္မာ (၇) ကျမ်းကို ခုနစ်လအတွင်း အကျယ်သင်ယူပြီးမြောက်၏။[1]

သောတာပန်ဖြစ်တော်မူခြင်း

အရှင်နာဂသေနသည် အသက်နှစ်ဆယ်ပြည့်သော် ရဟန်းပြု၏။ တစ်နေ့သောအခါ ဥပဇ္ဈာယ်ဆရာဖြစ်သော အရှင်ရောဟဏနှင့်အတူ ဆွမ်းခံထွက်၏။ ထိုအချိန်တွင် အရှင်နာဂသေန သည် “ငါ၏ ဆရာသည် ငါ့အား အဘိဓမ္မာမှ ကြွင်းသောတရားတို့ကို ရှေးဦးစွာ သင်ပေး၏၊ ငါ၏ ဆရာသည် အချဉ်းနှီးပေတကား” ဟု တွေး၏။ ထိုအခါ အရှင်ရောဟဏသည် အရှင်နာဂသေန၏ စိတ်အကြံကို သိတော်မူသဖြင့် ထိုသို့ကြံစည်ခြင်းသည် မသင့်တော်ကြောင်း ပြော၏။ ထိုအခါ အရှင်နာဂသေနသည် “သည်းခံတော်မူရန်” လျှောက်၏။ ထိုအခါ အရှင်ရောဟဏသည် သာဂလမြို့တွင် အမေးပုစ္ဆာတို့ကို မေး၍ ရဟန်းသံဃာကို ညှဉ်းဆဲနေသော မိလိန္ဒမင်းအား ဆုံးမပါက သည်းခံမည်ဟု မိန့်တောမူ၏။ ထို့နောက် အရှင်ရောဟဏသည် အရှင်နာဂသေနအား ဝါတွင်းကာလတွင် အရှင်အဿဂုတ္တထံသို့ သွားရောက်နေထိုင်ရန် မိန့်တော်မူ၏။

ထို့နောက် အရှင်နာဂသေနသည် အရှင်အဿဂုတ္တထံသို့ ရောက်သွား၏။ တစ်နေ့သော် ဒါကာမတစ်ဦးသည် အရှင်နာဂသေနနှင့် အရှင်အဿဂုတ္တအား ဆွမ်းလုပ်ကျွေး၏။ ဆွမ်းစားပြီးသော် အရှင်အဿဂုတ္တသည် အရှင်နာဂသေနအား ဆွမ်းအနုမောဒနာတရား ဟောကြားရန် မိန့်တော်မူကာ ကြွသွား၏။ အရှင်နာဂသေနသည် ဒါကာမအား တရားဟောကြားတော်မူရာ ထိုနေရာတွင်ပင် ဒါယိကာမသည် သောတာပန် ဖြစ်၏။ အရှင်နာဂသေနသည်လည်း မိမိဟောကြားသော တရားကို ပြန်လည်ဆင်ခြင်သုံးသပ်သော် သောတာပန်ဖြစ်တော်မူ၏။[1]

ပိဋကတ်သင်ကြားတော်မူခြင်း

ထို့နောက်တွင် အရှင်အဿဂုတ္တသည် အရှင်နာဂသေနအား ယူဇနာတစ်ရာဝေးသော ပါဋလိပုတ်ပြည်၊ အသောကာရုံကျောင်းတွင် အရှင်ဓမ္မရက္ခိတ ရှိ၏။ သူ့ထံတွင် မြတ်စွာဘုရား၏ စကားတော်များကို သင်ကြားပါဟု လွှတ်လိုက်၏။

အရှင်ဓမ္မရက္ခိတထံသို့ ရောက်သော် ပိဋကတ်သုံးပုံကို သင်ယူတတ်မြောက်၏။ အရှင်ဓမ္မရက္ခိတသည် အရှင်နာဂသေနအား “နွားကျောင်းသားသည် နွားတို့ကို ထိန်းကျောင်းရ၍ အခြားသော သူတို့သည် နွားနို့မှဖြစ်သော အရသာကို သုံးဆောင်ကြရကုန်သကဲ့သို့ နာဂသေန သင်သည် ပိဋကတ်သုံးပုံဟူသော ဘုရားစကားတော်ကို ဆောင်သော်လည်း မဂ်ဖိုအစု ရရှိသူ မဖြစ်ခဲ့” ဟု မိန့်၏။ ထိနောက် ထိုညဉ့်တွင်ပင် အရှင်နာဂသေနသည် ရဟန္တာဖြစ်တော်မူ၏။[1]

ရဟန်းတို့၏ တောင်းဆိုခြင်း

ထို့နောက် ရာပေါင်းများစွာသော ရဟန်းတို့သည် ရက္ခိတကုန်းပြင်တွင် စုဝေးနေ၏။ ထိုရဟန်းတို့သည် အရှင်နာဂသေနအား “မိလိန္ဒမင်းသည် အမေးပြဿနာတို့ဖြင့် ရဟန်းသံဃာအား ညှဉ်းဆဲနေပါသည်၊ သင်သွားချေလော့” ဟု တောင်းဆို၏။ ထိုအခါ အရှင်နာဂသေနလည်း ဝန်ခံကာ သာဂလမြို့သို့ ကြွတော်မူ၏။[1]

မိလိန္ဒမင်းနှင့် တွေ့ဆုံခြင်း

ဤသို့ဖြင့် မင်းကြီးသည် ဝါဒအမေးပုစ္ဆာတို့ဖြင့် ရဟန်းသံဃာတို့ကို မေးမြန်း၏။ ရဟန်းတို့လည်း မဖြေနိုင် ရှိနေကြ၏။ ထို့နောက် မင်းကြီးသည် အမတ်တို့အား “မိမိ၏ အမေးကို ဖြေနိုင်မည့်သူ ရှိပါသေးသလော” မေး၏။ အမတ်တို့လည်း အရှင်နာဂသေန ရှိပါ၏။ ထိုအခါ မင်းကြီးသည် ဒေဝမန္တိယအမတ်ကို ခေါ်ရန် စေခိုင်းလိုက်၏။

ဤသို့ဖြင့် အရှင်နာဂသေနနှင့် မိလိန္ဒမင်းကြီးတို့သည် တွေ့ဆုံကြလေ၏။ ထို့နောက် မင်းကြီးသည် မေးခွန်းတို့ကို မေးမြန်း၏။ မထေရ်လည်း ဖြေကြား၏။ နောက်ဆုံးတွင် မိလိန္ဒမင်းသည် စည်းစိမ်ကို စွန့်ကာ ရဟန်းပြု၍ တရားအားထုတ်လေရာ အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[1]

ကိုးကား

  1. မိလိန္ဒပဉှာပါဠိတော်မြန်မာပြန်


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.