အသံ

အသံသည် အလင်းနှင့် အပူတို့ကဲ့သို့ လှိုင်းလှုပ်ရှား မှုပင် ဖြစ်သည်။ ရေထဲသို့ခဲတစ်လုံးကိုပစ်ချလိုက်သောအခါ ခဲကျနေရာမှ လှိုင်းဂယက်များ ပြန့်ထွက်လာသည်ကို လူတိုင်း တွေ့ဖူးကြပေမည်။ ထိုအတူ အသံသည်လည်း များသောအားဖြင့် လေထဲတွင် အသံဖြစ်ပေါ်ရာနေရာမှ လှိုင်းသဘောဖြင့် လှုပ်ရှား ပြန့်ထွက် လာပြီးလျှင် ကျွန်ုပ်တို့၏ နားရှိရာသို့ ရောက်လာ သည်။ လေထဲ၌ ဖြစ်ပေါ်၍သာ ကျွန်ုပ်တို့သည်အသံလှိုင်း များကို မမြင်ရခြင်း ဖြစ်လေသည်။

အသံနှင့် အလင်းတို့မှာ လှိုင်းသဘောဖြင့် သွားလာပုံခြင်း တူသော်လည်း ထိုလှိုင်းတို့၏ အသွားနှုန်းမှာ တစ်ခုနှင့်တစ်ခု မတူပေ။ အလင်းလှိုင်းနှင့်စာလျှင် အသံလှိုင်းမှာ ယုန်နှင့်လိပ် အပြေးပြိုင်သည်ထက်မကကွာခြားနှေးကွေးသည်ဟုဆိုရပေမည်။ မိုးခြိမ်းစဉ် ဝင်းကနဲလက်ကနဲ လျှပ်ပြက်သည့် အလင်းရောင်ကို မြင်လိုက်ရပြီးနောက် ခဏကြာမှမိုးခြိမ်းသံကြားရခြင်းကို စဉ်းစားလျှင် ဤအချက်သည် ပေါ်လွင်နိုင်ပေသည်။ သိပ္ပံဆရာ ကြီးများ၏ တိုင်းတာတွက်ချက်ထားချက်အရ အလင်းသည် တစ်စက္ကန့်တွင် မိုင်ပေါင်း ၁၈၆ဝဝဝ ခန့်သွား၍ အသံမှာမူ တစ်စက္ကန့်လျှင် ပေ ၁၁ဝဝ မျှသာသွားနိုင်သည်။ သို့သော် အပူချိန် ဒီဂရီမြင့်လာတိုင်း အသံ၏အမြန်နှုန်းသည်တစ်ပေ ကျော်ခန့် တိုးလာသည်။

ဤအသွားနှုန်းနှစ်ခုကို မှတ်ထားလျှင်မိုးခြိမ်းသည့်အခါ မည်မျှကွာဝေးသောနေရာ၌ခြိမ်းသည်ကိုအလွယ်တကူတွက်ချက် ခန့်မှန်းနိုင်သည်။ ဥပမာ - လျှပ်ပြက်သည်နှင့်တစ်ပြိုင်နက် တစ်၊ နှစ်၊ သုံး၊ လေး ဟူ၍ တစ်စက္ကန့်ခြားစီလောက် ခပ်လေးလေးနှင့်ခပ်မှန်မှန် ရေတွက်နေစဉ် ငါးဟုဆိုချိန်တွင် မိုခြိမ်းသံကို ကြားရသည်ဆိုပါစို့။ ထိုအခါအသံလာရသည့် အချိန်မှာ ငါးစက္ကန့်ခန့်ကြာသည်ဟု ယူဆရမည်ဖြစ်သဖြင့် ထိုအသံထွက်ပေါ်ရာဖြစ်သော မိုးခြိမ်းသည့်နေရာမှာ ပေ ၁၁ဝဝ ငါးလီနှင့်ညီမျှသော ပေ ၅၅ဝဝ အကွာအဝေး၌ဖြစ်သည်ဟု ခန့်မှန်းသိနိုင်ပေသည်။ (ဤအလင်းလာရသည့်အချိန်ကိုထည့် မတွက်ပေ။)

စကားပြောသံ၊တီးမှုတ်သံ၊အရာဝတ္ထုချင်း တစ်ခုနှင့်တစ်ခု ပွတ်တိုက်ထိရိုက်မိသည့်အသံ၊ပေါက်ကွဲသံစသည်တို့မှာ အားလုံး အသံချည်းပင်ဖြစ်သည်။ သို့သော်မည်သည့်အသံပင်ဖြစ်စေထို အသံဖြစ်ပေါ်ရန်အတွက် အရာဝတ္ထုတစ်ခုခု၏တုန်ခါလှုပ်ရှား မှုရှိရလေသည်။ စကားပြောစဉ်မိမိလည်ချောင်းကိုလက်နှင့် ထိစမ်းကြည့်ပါ။ အသံဖြစ်ပေါ်ရာ ရေမျို(လည်မျို) နားတွင် တုန်ခါနေသည်ကိုတွေ့ရပေမည်။စောင်းကြိုးကိုတီးခတ်သည့် အခါ မောင်းကိုထုသည့်အခါများတွင်လည်းအသံထွက်ပေါ်ချိန် တွင် အဆိုပါ စောင်းကြိုးနှင့်မောင်းတို့တုန်ခါနေသည်ကိုတွေ့ရ မည်ပင်ဖြစ်သည်။ ထိုကြောင့်အသံကိုဖြစ်ပေါ်စေသည့်အကြောင်း ရင်းမှာ အရာဝတ္ထုတို့၏တုန်ခါမှုဟုသိရသည်။ သို့သော်အရာ ဝတ္ထုတို့ တုန်ခါတိုင်း အသံမှာ ထွက်ပေါ်လာခြင်းမရှိပေ။ ဖြစ်ပေါ်လာသော အသံတစ်ခုကိုသယ်ပို့ပေးမည့်ကြားခံပစ္စည်း ရှိရန်လိုသည့်အပြင်၊ အသံကိုလက်ခံသောနားတွင် မိမိထံရောက် လာသော အသံလှိုင်းကို လက်ခံနိုင်မည့် အရည်အချင်းလည်း ရှိရန်လိုပေသည်။

အသံကို တစ်နေရာမှတစ်နေရာသို့ သယ်ပို့ပေးသောအရာ မှာများသောအားဖြင့် ကျွန်ုပ်တို့ ပတ်ဝန်းကျင်ရှိ လေပင်ဖြစ် သည်။ သို့သော်လေသာမဟုတ်၊ လေကဲသို့ပင်ကျုံ့နိုင်ကန်နိုင် သောသတ္တိရှိသည့် အငွေ့အရည် အစိုင်အခဲမှန်သမျှသည်အသံ ကို သယ်ပို့ပေးနိုင်လေသည်။ (စက်ဘီးလေထိုးတံကို လက်နှင့် ပိတ်ပြီး ထိုးကြည့်လျှင် လေ၌ကျုံ့နိုင်ကန်နိုင်သည့် သတ္တိရှိခြင်း ကို သိနိုင်သည်။)

လေထဲ၌ အသံလှိုင်းများ ပျံ့လွင့်ပုံမှာ ဤသို့ဖြစ်သည်။ ရှေးဦးစွာ လူတစ်ယောက်က မိမိလက်ဝါးနှစ်ဘက် ကိုတီးကာ လက်ခုပ်သံကို ဖြစ်ပေါ်စေသည် ဆိုကြပါစို့။ လက်ဝါးနှစ်ဖက် ကြားတွင် အဖိအညှစ်ခံရသောလေသည် လေ၏ကျုံ့နိုင်ကန် နိုင်သောသတ္တိကြောင့် တုန်ခါ၍သွားသည်။ ထိုလေကမိမိအနီး ရှိ လေကို တစ်ဖန်ဖိညှစ်ပေးကာ တုန်ခါသွားစေပြန်သည်။ ဤသို့ဖြင့် လေထဲတွင် အသံလှိုင်းများဖြစ်ပေါ်ပျံ့ထွက်လာ၍ နောက်ဆုံးတွင် အသံလှိုင်းများကို လက်ခံရာဖြစ်သော ကျွန်ုပ်တို့၏ နားသို့ရောက်လာသောအခါ လက်ခုပ်သံကိုကြား ရလေသည်။

ဤသို့ဖြစ်လျှင် လေမရှိသော ပလာနယ်(ဗက်ကျုအမ်)တွင် အသံဖြစ်ပေါ်နိုင်စရာ အကြောင်းမရှိဟု ထင်ရန်ရှိသည်။ ထင်သည့်အတိုင်းပင် ဟုတ်မှန်ကြောင်းကို အောက်ပါလက် တွေ့စမ်းသပ်မှုမျိုးဖြင့် သိရလေသည်။ ရှေးဦးစွာ သက္ကလတ်၊ ဖော့ စသောအသံကို လွယ်ကူစွာ သယ်ပို့နိုင်စွမ်းမရှိသည့် ပစ္စည်းတစ်ခုခုပေါ်တွင် နာရီသံပတ်ဖြင့်မြည်သော ခေါင်းလောင်း ကလေးတစ်လုံးကိုတင်ထားသည်။ ထိုနောက်ခေါင်းလောင်းကို လေလုံသော ဖန်အုပ်တစ်ခုဖြင့်ဖုံးအုပ်ပြီးလျှင် ခေါင်းလောင်းကို မြည်စေသောအခါ ထိုခေါင်းလောင်းသံကို ဖန်အုပ်အပြင်မှ ကောင်းစွာကြားရလေသည်။ သို့သော် ထိုသို့အသံမြည်နေစဉ် ဖန်အုပ်အတွင်းရှိလေကို လေစုတ်စက်ဖြင့် တဖြည်းဖြည်း စုတ်လိုက်သောအခါ လေးပါးသွားသည့်နှင့်အမျှ ခေါင်းလောင်း သံလည်း တဖြည်းဖြည်းတိမ်လိုက်လာကာ နောက်ဆုံးတွင် အလျှင်းပင်မကြားရတော့ချေ။ ထိုကြောင့် လေထုမရှိဟုယုံကြည် ရသော လပေါ်၌အက်တမ်ဗုံးထက်မက ပြင်းထန်သော ပေါက်ကွဲမှုကြီးမျိုး ဖြစ်ပွားသည့်တိုင်အောင် ထိုပေါက်ကွဲသံကို ကြားနိုင်ဖွယ်ရာမရှိဟုယူဆရလေသည်။

မြေကြီးတွင်ဖြစ်စေ၊ ကြမ်းပြင်တွင်ဖြစ်စေ နားကိုကပ်ပြီး နားထောင်လျှင် အဝေးမှလမ်းလျှောက်သံကို လေထဲမှလာသော အသံထက်ပို၍ ကျယ်လောင်စွာကြားနိုင်သည်။ တုတ်ရှည်ရှည်တချောင်း၏ အဖျားကို နားတွင်ကပ်ထား၍ ကျန်အဖျားဘက်မှ အခြားတစ်ယောက်က အသာကလေး ခြစ်ပေးလျှင်လည်း ဤအတိုင်းပင် ကျယ်လောင်စွာ ကြားနိုင် သည်။ အပ်ချည်ကြိုးတပင်တွင် အဖျားနှစ်ဖက်၌ မီးခြစ်ဘူးခွံ တပ်ကာ ကြေးနန်း စကားပြောသကဲ့သို့ ကလေးများကစားနိုင် ခြင်းမှာလည်း အသံသည် တင်းတင်းဆွဲထားသော ကြိုး တစ်လျှောက်ကို သွားနိုင်ခြင်းကြောင့် ဖြစ်လေသည်။ အသံကို သယ်ပို့ရာတွင် လေထက်သာသော ပစ္စည်းများ စာရင်းတွင် ရေလည်း ပါဝင်သည်။ ရေထဲ၌ အသံသည် လေထဲမှာထက် လေးဆမျှမြန်အောင် သွားနိုင် သည်။ ထိုကြောင့် အစိုင်အခဲနှင့် အရည်တို့သည် ဓာတ်ငွေ့တို့ထက် ပိုပြီး အသံကို သယ်ပို့နိုင် သည်ဟု သိရာသည်။ သို့သော် အဆိုပါ အစိုင်အခဲနှင့်အရည် တို့သည် ကျုံ့နိုင်ကန်နိုင်သည့် သတ္တိရှိသော ပစ္စည်းများ ဖြစ်ရပေမည်။

အသံကိုကြားသည်ဟု ဆိုရာတွင် နား၌ အသံလှိုင်းများကို လက်ခံနိုင်သည့် အရည်အချင်းရှိရမည်ဟု အထက်တွင်ရေးခဲ့ ပြီ။ နားပင်းနေလျှင်ကား မည်သည့်အသံကိုမျှ ကြားနိုင်မည် မဟုတ်ချေ။ သို့ရာတွင် နားမပင်းသည့်တိုင်အောင် နားသည် အရာဝတ္ထုတစ်ခုခု တုန်ခါတိုင်း အသံကို မကြားနိုင်ပေ။ နားသည် တစ်စက္ကန့်တွင် တုန်ခါသည့်အကြိမ်ပေါင်း ၁၆ ကြိမ်မှ အကြိမ်ပေါင်း ၄ဝဝဝဝ အတွင်းရှိ တုန်ခါမှုများမှ ထွက်ပေါ်လာသည့် အသံများကိုသာ ကြားနိုင်လေသည်။ အသံသည် တုန်ကြိမ်နည်းလျှင် နိမ့်၍တိုး၍ တုန်ကြိမ်များလျှင် မြင့်သည်စူးသည်ဖြစ်ရာ နားသည် နိမ့်လွန်းသောအသံ၊ မြင့်လွန်းသောအသံကို ကြားနိုင်မည် မဟုတ်ချေ။ နားထဲတွင် နားအခင်ဟုခေါ်သော အမြှေးပါးတစ်ခုရှိသည်။ ထိုအမြှေးပါး ပေါ်သို့ အသံလှိုင်းများ ကျရောက်ရိုက်ခတ်သောအခါအမြှေးပါးသည်လည်း အသံလှိုင်းများနှင့် ထပ်တူ တုန်ခါပြီးနောက် မူလအသံ အတိုင်း မြည်လာသည်။ သို့သော် နားအခင်သည် နိမ့်လွန်းသောအသံနှင့် မြင့်လွန်းသောအသံများအတိုင်း လိုက်ပြီး တုန်ခါနိုင်စွမ်းမရှိသောကြောင့် ထိုနိမ့်လွန်း၊ မြင့်လွန်းသော အသံများကို ကျွန်ုပ်တို့ ကြားနိုင် တော့မည် မဟုတ်ချေ။ အသံသည် လှိုင်းများမှ ဖြစ်ပေါ်လာသဖြင့်အလင်းနည်း တူပင် အသံကို တစ်နေရာတည်းသို့ စုစေနိုင်သည်။ပဲ့တင်သံ မှာ အတားအဆီးတစ်ခုခုနှင့် တွေ့ပြီးသည့်နောက်ပြန်ဟပ်လာ သောအသံ ဖြစ်သည်။ အတားအဆီး နှစ်ဘက်နှစ်ချက်ရှိသော နေရာမျိုးတွင် ပဲ့တင်သံမှာ ထပ်တလဲလဲ ဖြစ်ပေါ်တတ်သည်။ ကပွဲ၊ တရားပွဲခန်းမကြီးများတွင် ဤသို့ ထပ်တလဲလဲပဲ့တင်သံ မျိုး မဖြစ်ပေါ်စေအောင် နံရံ၌ ကန့်လန့်ကာ၊ သို့မဟုတ် အခြားအသံကို ထိန်းနိုင်သည့် ပစ္စည်းမျိုးကို တပ်ဆင်ပေး ရလေသည်။[1]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.