အာမေးနီးယန်းလူမျိုး

အာမေးနီးယန်းလူမျိုးနှင့် ပတ်သက်ပြီး မကြာခဏကြားရသည်များ ရှိသော်လည်း ၎င်းတို့၏ အကြောင်းကို သေသေချာချာ မသိကြသူ များပါသည်။ အာမေးနီးယန်းနိုင်ငံသည် တစ်ချိန်က ဆိုဗီယက်ပြည်ထောင်စု၏ အစိတ်အပိုင်းတခု ဖြစ်ခဲ့ပြီး တည်နေရာမှာ အာရှနှင့် ဥရောပတိုက်ကြားတွင် ပါဝင်သည်။ မြောက်ဖက်ပိုင်းတွင် ဂျော်ဂျီယာ၊ အနောက်ဖက်တွင် တူရကီ ၊အရှေ့ဘက်တွင် အဇာဘိုင်ဂျန် နိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ဆက်စပ်လျက်တည်ရှိပါသည်။ ခရစ်ယာန်ဘာသာကို အစောဆုံးကိုးကွယ်သော လူမျိုးစုတစ်ခုလဲဖြစ်သည်။

အာမေးနီးယန်းလူမျိုးများသည် AD ၄ရာစုလောက်မှ စတင်ပြီး ရွှေ့ပြောင်းသွားလာ နေထိုင်ခဲ့ကြပါသည်။ ထိုအချိန်ထဲက ပါးရှားအင်ပါယာနှင့် ဘိုင်ဇန်တိုင်းအင်ပါယာများတွင် အာမေးနီးယန်းလူမျိုးများ စတင်ဝင်ရောက်နေထိုင်ခဲ့ကြသည်။ မှတ်တမ်းတချို့အရ အာမေးနီးယန်းလူမျိုးများသည် ၁၆ရာစုနှောင်းပိုင်းတွင် အာရှဒေသများ (မြန်မာနိုင်ငံအပါအဝင် ) သို့ကုန်သည်များအဖြစ် ဝင်ရောက်အခြေချနေထိုင်လာခဲ့ကြသည်။ ၎င်းတို့က မြန်မာဘုရင်များထံ မင်းမှုထမ်းခဲ့ပြီး အကောက်အခွန်နှင့် သံတမန်ဆက်သွယ်ရေးတာဝန်များကို ထမ်းဆောင်ခဲ့ကြပါသည် ။ 1871-72 ဗြိတိသျှ - အိန္ဒိယ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် အာမေးနီးယန်းဦးရေ ၁၂၅၀ ဦးခန့် ရှိခဲ့သည် ။

1901 ခုနှစ်က ဗြိတိသျှလုပ်ငန်းရှင် ဂျွန်ဒါဝတ် တည်ဆောက်ခဲ့သော စထရင်းဟော်တယ် (ရန်ကုန်) ကို အာမေးနီးယန်းညီနောင် (စာကီးစ်) မှပြန်လည်ဝယ်ယူသွားခဲ့ပြီး ၁၉၂၅ ခုနှစ်အထိကိုယ်တိုင်ဦးစီးခဲ့ကြသည်။ ၎င်းညီနောင်၂ဦးသည် စင်္ကာပူရှိ ရပ်ဖယ်ဟိုတယ်နှင့် မလေးရှားရှိ Eastern & Oriental များကိုလည်း ပိုင်ဆိုင်ခဲ့ကြသေးသည်။

အာမေးနီးယန်းလူမျိုးများနှင့် ပတ်သက်ပြီး နောက်ထပ်အထင်ကရရှိသော အဆောက်အဦမှာ ရန်ကုန်မြို့တွင်း ဗိုလ်အောင်ကျော်လမ်းနှင့် ကုန်သည်လမ်းဒေါင့်မှ စိန့်ဂျွန်းခရစ်ယာန် ဘုရားရှစ်ခိုးကျောင်း ဖြစ်ပါသည်။ လွန်ခဲ့သော နှစ်ပေါင်း ၁၅၀ခန့်က စတင်တည်ထောင်ခဲ့ပြီး လက်ရှိတွင် အာမေးနီးယန်း လူမျိုးနွယ်များဆိုင်ရာ တစ်ခုတည်းသောအဆောက်အဦးအဖြစ် တည်ရှိနေပါသည်။

လက်ရှိ မှတ်တမ်းများအရ ရန်ကုန်မြို့တွင် အာမေးနီးယန်း ကုန်သည်မျိုးရိုးများမှ ဆင်းသက်လာသူ မိသားစု ၂၀ ဝန်းကျင်ခန့် ရှိလိမ့်မည်ဟု ခန့်မှန်းထားပါသည် ။

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.