အိုးဝေမဂ္ဂဇင်း

အိုးဝေ မဂ္ဂဇင်း သည် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂက ၁၉၃၁ ခုနှစ်၊ ဇန်နဝါရီလတွင် စတင်ထုတ်ဝေခဲ့သည့် မဂ္ဂဇင်း ဖြစ်သည်။[1]

အိုးဝေမဂ္ဂဇင်း ကော်မတီ (၁၉၃၆)

အမည်ပြောင်းလဲလာပုံ

မူလက အိုးဝေမဂ္ဂဇင်း၏ အမည်မှာ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ မဂ္ဂဇင်း ဖြစ်သည်။ သို့သော် အမည်ရှည်သဖြင့် အသစ်ပေးရန် အမှုဆောင်များအား တိုင်ပင်သည်။ ကိုညိုမြပေးသော အိုးဝေ ဟူသည့်အမည်ကို အယ်ဒီတာ ကိုအောင်ဆန်းက လက်ခံလိုက်သည်။

မန္တလေးတွင် ကျောင်းနေစဉ်က ဒေါင်းယာဉ်ပျံဟူသော မင်းသမီးကို သဘောကျဖူးကြောင်း၊ သူ၏ "အိုးဝေ အိုးဝေ" ဆိုသည့်အသံမှာ ခုနှစ်သံပြောင်းသော်လည်း နားထောင်မငြီးနိုင်ကြောင်း၊ စာနယ်ဇင်းလောကသို့ ရောက်ပါက အိုးဝေ ဆိုသည့် မဂ္ဂဇင်းထုတ်လိုသည့် အကြံရှိကြောင်း အိုးဝေဟူသောအမည်ကို စဉ်းစားမိပုံနှင့် ပတ်သက်၍ ကိုညိုမြက ပြောပြသည်။ ထို့နောက်မှ −

"ဗမာပြည်သည် ဥဒေါင်းနိုင်ငံ

အိုးဝေသည် ဥဒေါင်းအသံ"

ဟူသည့် ဆောင်ပုဒ်ဖြင့် သမဂ္ဂမဂ္ဂဇင်းကို အိုးဝေ မဂ္ဂဇင်း ဟု အမည်ပြောင်းလိုက်သည်။

ငရဲခွေးကြီ: ဆောင်းပါးနှင့် ၎င်း၏ ဂယက်

၁၉၃၆ ဇန်နဝါရီလထုတ်၊ အတွဲ ၅၊ အမှတ် ၁ အင်္ဂလိပ်ကဏ္ဍတွင် ငရဲခွေးကြီး လွတ်နေပြီ (Hell Hound at Large) ဟူသော ဆောင်းပါး ပါလာသည်။

တက္ကသိုလ်အာဏာပိုင်တစ်ဦး၏ မတရားမှုကို ပွင့်ပွင့်လင်းလင်း ဝေဖန်ထားရာ ကျောင်းရှိ အာဏာပိုင်များကိုသာမက ညွန့်ပေါင်းအစိုးရကိုပါ အဖျားခတ်နေသည်။ ထို့ကြောင့် ကျောင်းအုပ်ကြီးက အယ်ဒီတာ ကိုအောင်ဆန်းကို ဆောင်းပါးရှင်အမည် ဖော်ထုတ်ပေးရန် တောင်းဆိုလာသည်။ ကိုအောင်ဆန်းက အယ်ဒီတာကျင့်ဝတ်နှင့်အညီ ဆောင်းပါးရှင်အား မပြောနိုင်ကြောင်း အရေးယူလိုလျှင် မိမိအား အရေးယူနိုင်ကြောင်း ပြောသည်။

ဤဆောင်းပါးအား ထည့်သွင်းစေသည်ဟူသော အကြောင်းပြချက်ဖြင့် တကသဥက္ကဋ္ဌ ကိုနု ကို ကျောင်းထုတ်သည်။ ဆောင်းပါးရှင်အား အမည်မဖော်သည့်အတွက် ကိုအောင်ဆန်း ကိုလည်း ကျောင်းထုတ်သည်။

ထိုအခါ ဥက္ကဋ္ဌနေရာအား ကိုရာရှစ် က တာဝန်ယူပြီး ကျောင်းသားအစည်းအဝေးကျင်းပ၍ သပိတ်မှောက်စေသည်။ ဤသို့ဖြင့် ၁၉၃၆ ခုနှစ် ​ဒုတိယအကြိမ် ကောလိပ်သပိတ် ဖြစ်ပွားတော့သည်။[2]

ကိုးကား

  1. လှမြင့် (ရန်ကုန်တက္ကသိုလ်) (၄ ဩဂုတ် ၂၀၁၅)။ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ(တကသ)၏ ဂန္ထဝင်အိုးဝေ မဂ္ဂဇင်းများ မြန်မာသံတော်ဆင့် သတင်းစာ ၂၀ ဩဂုတ် ၂၀၁၇ တွင် ပြန်စစ်ပြီး။
  2. အောင်ထွန်း, "မြန်မာနိုင်ငံ ကျောင်းသားလှုပ်ရှားမှု သမိုင်း", သမဂ္ဂစာစဉ်, ၂၀၀၇


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.