အီကြာကွေး၊ စာရေးဆရာ

စာရေးဆရာ အီကြာကွေး (၁၉၃၈ - ၁၅ ဒီဇင်ဘာ ၂၀၀၉) ကို ၁၉၃၈ ခုနှစ်တွင် ဧရာဝတီတိုင်းဒေသကြီးဓနုဖြူမြို့ မင်းပိုင်ရပ်၌ မွေးဖွားသည်။ အဖ ဦးမောင်နှစ်၊ အမိ ဒေါ်ညွှန့်မေတို့၏ တစ်ဦးတည်းသော သားဖြစ်သည်။ အမည်ရင်းမှာ ကိုကျော်ထွန်း ဖြစ်၍ မူလ ကလောင်အမည် (ဓနုဖြူ) ကျော်ထွန်း ဖြစ်သည်။ ၁၉၅၄ ခုနှစ်၊ ဇန်နဝါရီလတွင် စာ စရေး၍ ကွယ်လွန်သည့်အချိန် အထိ စဉ်ဆက်မပြတ် ရေးသာရာ စာရေးသက် အနှစ် ငါးဆယ်ကျော် ခန့်ရှိခဲ့သည်။ ၁၉၅၇ ခုနှစ်တွင် အီကြာကွေး ကလောင် အမည်ကို ထပ်ပွားသည်။

အီကြာကွေး
မွေးဖွားကျော်ထွန်း
၁၉၃၈
ဓနုဖြူမြို့ဧရာဝတီတိုင်းဒေသကြီး
ကွယ်လွန်ဒီဇင်ဘာ ၁၅၊ ၂၀၀၉(2009-12-15)
ရန်ကုန်ပြည်သူ့ဆေးရုံကြီး
ကလောင်အမည်(ဓနုဖြူ) ကျော်ထွန်း၊ အီကြာကွေး
အလုပ်အကိုင်စာရေးဆရာ၊ ကဗျာဆရာ
ဘာသာစကားမြန်မာ
နိုင်ငံလူမျိုး မြန်မာ
မိခင်ကျောင်းဓနုဖြူ အစိုးရ အထက်တန်းကျောင်း

ပညာရေး

ဓနုဖြူ အစိုးရ အထက်တန်းကျောင်းတွင် တက္ကသိုလ် ဝင်တန်း အထိ ပညာ သင်ကြားခဲ့သည်။ ၁၉၅၃ - ၁၉၅၄ ခုနှစ်တွင် စာပေ ဝါသနာရှင်များ အသင်း (ဓနုဖြူ) ၏ စာပေ တာဝန်မှူးနှင့် စာကြည့်တိုက်မှူး တာဝန်ယူ၍ မုန်တိုင်း စာစောင် အမှတ် (၁)နှင့် အမှတ် (၂) တို့ကို ထုတ်ဝေခဲ့သည်။ ၁၉၅၇ ခုနှစ်တွင် ပြည်သူ့ လူငယ် အဖွဲ့ (ဓနုဖြူ) တွင် ဥက္ကဋ္ဌ အဖြစ် တာဝန် ယူခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် ပြည်သူ့ လူငယ် အဖွဲ့ (ဓနုဖြူ) တွင် ဥက္ကဋ္ဌနှင့် ကမ္ဘာ့ ငြိမ်းချမ်းရေး ကွန်ဂရက် (ဓနုဖြူ) တွင် အဖွဲ့ဝင် အဖြစ် ပါဝင်ခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် ရန်ကုန်မှ စာရေး ဆရာကြီးများအား ဖိတ်ကြား၍ စာဆိုတော်နေ့ စာပေ ဟောပြောပွဲကို စတင် ကျင်းပ ပေးခဲ့သည်။ ဓနုဖြူတွင် စာပေ ဟောပြောပွဲကို မျိုးစေ့ ချပေးခဲ့ခြင်း ဖြစ်သည်။

၁၉၆၉ ခုနှစ်တွင် တောင်ဥက္ကလာ ကဗျာ့ ကလာပ်စည်း၏ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူ၍ ပစ္စက္ခ ကဗျာများနှင့် ပဲ့တင်သံ ကဗျာများ စုပေါင်း ကဗျာစာအုပ် နှစ်အုပ် ထုတ်ခဲ့သည်။ အီကြာကွေး အမည်ဖြင့် ရေးခဲ့သော (နောင်တခါ မေးရင် ဖြေလိုက်မယ်) ဝတ္ထုတိုကို ရုရှဘာသာသို့ ပြန်ဆိုခြင်း ခံခဲ့ရသည်။

ရေးသားခဲ့သော စာပေများ

(ဓနုဖြူ) ကျော်ထွန်း အမည်ဖြင့် ကဗျာ ၁၂ဝဝ ကျော်၊ ဝတ္ထုတို ၈ဝ ကျော်၊ မဂ္ဂဇင်း ဝတ္ထုရှည် ၃ ပုဒ်နှင့် ပီမိုးနင်း၏ ဝတ္ထုတို အတတ်ပညာ စာပေကျမ်း (၁) ကျမ်းကို ပြုစုခဲ့သည်။ လက်သင်စ ကဗျာရှင်များ အတွက် လမ်းညွှန် နည်းပြ မဂ္ဂဇင်းတွင် ‘ကဗျာ့ ပွဲခင်းသာ’ ကဏ္ဍကို နှစ်ပေါင်း သုံးဆယ်ကျော် လစဉ်မပျက် တာဝန်ယူ ရေးသားခဲ့သည်။ ယခုအခါ သောကြာ စာစောင်တွေင် ‘ကဗျာ့ ပွဲခင်းသာ’ ကဏ္ဍကို ဆက်လက် ရေးသားခဲ့ရာ သုံးနှစ် သက်တမ်း ရှိခဲ့ပြီး ဖြစ်၏။

(ဓနုဖြူ) ကျော်ထွန်း အမည်ဖြင့် ရေးသားခဲ့သော ခွပ်လိုက်ကြစို့သူငယ်ချင်း ကဏ္ဍအကြောင်းများနှင့် လက်ရှိရေးသားနေသော သက်ရှိထင်ရှား ရေးဖေါ်များ စသောဆောင်းပါးများဖြင့် ဘဝတူစာပေလောကသား အချို့အကြောင်း တစ်စေ့တစ်စောင်း ပုံဖေါ်ခဲ့သည်။ ဓန / မြန်မာ့ဓန မဂ္ဂဇင်းများတွင် ရယ်စရာတွေးစရာ အဖြစ် ဝတ္တုဆိုရမည့်စာများ ပင်တိုင်ရေးသားခဲ့သည်။

အီကြာကွေး အမည်ဖြင့် လုံးချင်း အုပ် ၂ဝ ရေးသားခဲ့ပြီး၍ သောကြာ စာစောင်တွင် အယ်ဒီတာချုပ် အဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သည်။

ဘဝဖြတ်သန်းမှု

စာစတင်ရေးသားလာစဉ်မှစ၍စာပေလုပ်ငန်းများတွင်သာအခြေချလုပ်ကိုင်ပြီး လွန်ခဲ့သောနှစ်ပေါင်းများစွာထဲကပင် စာရေးခြင်းသက်သက်ဖြင့် ဘဝရပ်တည်ခဲ့သည်။ အိမ်ထောင်မပြု လူပျိုကြီးဘဝဖြင့်သာ နေထိုင်ပြီး တောင်ဥက္ကလာပရှိ နေအိမ်နှင့်ခြံဝင်းကို ကြိုတင်လှူဒါန်းထားပြီးဖြစ်သည်။

ဘဝနိဂုံး

စာရေးဆရာကြီး အီကြာကွေးသည် ၂၀၀၉ခုနှစ်၊ ဒီဇင်ဘာလ ၁၅ရက်နေ့ ညနေ ၆ နာရီခွဲခန့်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။

ရည်ညွှန်းကိုးကား

  • စာရေး ဆရာ အီကြာကွေး ခေါ် (ဓနုဖြူ) ကျော်ထွန်း၏ အတ္ထုပ္ပတ္တိ အကျဉ်း (နတ်ရူးတို့ ကြောင်နိုင်ပေ စာအုပ်မှ) - အီကြာကွေး၊ ၂ဝဝ၃ ခုနှစ်၊ နိုဝင်ဘာလ၊ ပထမ အကြိမ်၊ တွတ်ပီ စာအုပ်တိုက်။
  • rfa သတင်း
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.