ဩဂတ်စတက်ဆီဇာ
ရောမ အင်ပါယာ တည်ထောင်သူ ဩဂတ်စတက် ဆီဇာ (အင်္ဂလိပ်: Augustus Caesar) (ဘီစီ ၆၃ - အေဒီ ၁၄)ကို သမိုင်းတွင် ဘက်စုံတော်သည့် ပညာရှင် အဖြစ် တွေ့ရမည် ဖြစ်သည်။ သူအစပျိုးလိုက်သည့် ရောမအင်ပါယာသည် နှစ်၂၀၀ ခန့်ကာလအတွင်း အင်အားကြီးခြင်း၊ ကြွယ်၀ခြင်း၊ တန်ခိုးကျော်ဇောခြင်း၊ ငြိမ်းချမ်းစည်ပင်ခြင်း အစရှိသည့် အကျိုးများကိုရရှိခဲ့သည်။
ဩဂတ်စတက် | |||||
---|---|---|---|---|---|
The statue known as the Augustus of Prima Porta, 1st century | |||||
ရောမအင်ပါယာ၏ ပထမဆုံး အင်ပါယာပြည့်ရှင် | |||||
နန်းသက် | ၁၆ ဇန်နဝါရီ ၂၇ ဘီစီ – ၁၉ ဩဂုတ် အေဒီ ၁၄ (နန်းသက် ၄၀) | ||||
နောက်မင်းဆက် | တီဗာရီယက်စ် | ||||
မွေးဖွား | Gaius Octavius 23 September 63 BC ရောမမြို့၊ Roman Republic | ||||
ကွယ်လွန် | 19 August AD 14 (aged 75) Nola, Italia (Roman Empire), ရောမအင်ပါယာ | ||||
ထာဝရ အိပ်စက်ရာ နေရာ | ဩဂတ်စတက်ဂူဗိမာန်, ရောမမြို့ | ||||
အိမ်ထောင်ဖက် |
| ||||
| |||||
စံအိမ် | Julio-Claudian Dynasty | ||||
ခမည်းတော် |
| ||||
မယ်တော် | Atia Balba Caesonia | ||||
ကိုးကွယ်မှု | Traditional ancient Roman religion |
ငယ်စဉ်ဘဝ
အမည်ရင်းမှာ ဂီယာ့စ် အော်တေးဗီယာ့စ် (Gaius Octavius) ဖြစ်ပြီး အများက အော်တေးဗီးယန်း (Octavian) ဟု အခေါ်များသည့် ဩဂတ်စတက်ဆီဇာကို မိဘများသာမက အဖိုးဖြစ်သူကပါ သားအဖြစ်မွေးစားပြီး လူလားမြောက်ချိန်ထိ နိုင်ငံရေး၊ အုပ်ချုပ်ရေးနှင့် ပတ်သက်သည့် ပညာရပ်များကို ထိုအဖိုးက ကောင်းစွာသင်ကြားပေးခဲ့သည်။ အဖိုးမှာ အခြားသူမဟုတ်။ နာမည်ကြီး ဂျူးလိယက်ဆီဇာ (Julius Caesar) (ဘီစီ ၁၀၀-၄၄) ဖြစ်သည်။ ဘီစီ ၄၄ တွင် ဂျူးလိယက်ဆီဇာ လုပ်ကြံခံရပြီး ရောမနိုင်ငံရေးနယ်ပယ်တွင် အဆက်မပြတ် အာဏာလုပွဲများ ဖြစ်ခဲ့ရပြီး ပြည်တွင်းစစ်ဟု ဆိုရလောက်အောင်ပင် စစ်ပွဲများဖြစ်ခဲ့သည်။
အာဏာရရန် စွမ်းဆောင်ခြင်း
ဆီဇာကွယ်လွန်လေသော် အော့တေး ဗီးယပ်သည် ရောမမြို့သို့ပြန်လာ၍ ဂီယာ့စ် ဂျူးလီယပ် ဆီဇာ အော်တေးဗီးယန်းဟူသော အမည်ကို ခံယူလေသည်။ ဆီဇာ ကွယ်လွန်ပြီးနောက် ရောမနိုင်ငံရေး အခြေအနေမှာ ရှုပ်ထွေး လျက်ရှိသည်။ ဆီဇာ၏လက်ရုံးဖြစ်သော မတ်အန်တိုနီကလည်း ရောမမြို့ကို အုပ်ချုပ်လျက်ရှိသည်။ ဆီဇာကိုလုပ်ကြံသတ်ဖြတ်ခဲ့ ကြသော သမ္မတဂိုဏ်းသားတို့လည်း ရောမနိုင်ငံ အရှေ့ပိုင်းတွင် မင်းမူလျက်ရှိကြသည်။ အော်တေးဗီးယန်း တစ်ယောက်လည်း ထိုစစ်ပွဲများ၊ အာဏာလုပွဲများတွင် ပါဝင်ခဲ့သည်။ လူငယ်ဖြစ်သည့်အပြင် ဂျုးလိယက်ဆီဇာ၏ မွေးစားသားဖြစ်သည် ဆိုသည့်ဂုဏ်လောက်သာရှိသဖြင့် အများကပင် ဂရုတစိုက်မရှိခဲ့ကြပေ။ သို့သော် အဖိုး၏ပညာအမွေကို ကောင်းစွာဆက်ခံခဲ့သည့် အောက်တာဗီယံသည် ထိုအချက်ကိုပင် ပါးနပ်စွာအသုံးချပြီး ဂျူးလိယက်ဆီဇာ၏ သူရဲကောင်း ၃၀၀၀ ဖြင့် ဖွဲ့စည်းခဲ့သည့် မြင်းတပ် (လီဂျင်းစ်-Legions) ၏ ထောက်ခံမှုကို အလျင်ရယူသည်။ ထိုနောက် ပြိုင်ဖက်များကို ဖယ်ရှားပြီး ထိပ်ဆုံးရောက်သည်အထိ တက်လှမ်းခဲ့သည်။ သို့သော် အများစုဖြစ်သည့် ကျန်တပ်ဖွဲ့များက အော်တေးဗီးယန်း၏ မိတ်ဆွေရင်းဖြစ်သူ မက်ခ် အန်တိုနီ (Mark Antony) ကို ထောက်ခံခဲ့ကြသဖြင့် စစ်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ပြီးနောက် စစ်ခဏနားချိန် ဘီစီ ၃၆ တွင် ရောမ၏နယ်ပယ်ကြီးမှာ အရှေ့နှင့်အနောက်ဟု ထင်ထင်ရှားရှားပင် နှစ်ခြမ်းကွဲတော့သည်။ အရှေ့ဖက်ခြမ်းကို မက်ခ် အန်တိုနီက အုပ်ချုပ်ပြီး အနောက်ခြမ်းကို အောက်တာဗီယံက အုပ်ချုပ်သည်။
ထိုစစ်နားချိန်များအတွင်း အန်တိုနီမှာ အီဂျစ်ဘုရင်မ ကလီယို ပက်ထရာ၏ မာယာစက်ကွင်းတွင် နှစ်မြောကာ နိုင်ငံရေးရာများတွင် လှစ်ဟင်းနေသော်ငြား အော်တေးဗီးယန်းအနေဖြင့် မိမိ၏အနေအထားကို ခိုင်မာသထက် ခိုင်မာစေရန် ကြိုးပမ်းအားထုတ်နေခဲ့သည်။ သို့ဖြင့် ဘီစီ ၃၂ စစ်ပြန်စချိန်တွင် အော်တေးဗီယန်း ဦးဆောင်သည့် တပ်များ ထင်ထင်ရှားရှားပင် အသာရသည်။ ဘီစီ ၃၁ တွင် ဖြစ်ပွားသည့် အက်တီယမ် (Actium) စစ်ပွဲအပြီး နောက်တစ်နှစ်တွင် အော်တေးဗီးယန်း အပြတ်အသတ်နိုင်ပြီး နောက်နှစ်တွင် စစ်ရှုံးသည့် အန်တိုနီနှင့် ကလိုယိုပက်ထရာတို့ အဆိပ်သောက်ကာ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားကြသဖြင့် စစ်ပွဲအဆုံးသတ်ပြီး အော်တေးဗီးယန်း အနေဖြင့် ယခင် ၁၄ နှစ်က အဖိုးဖြစ်သူရရှိခဲ့သည့် ဩဇာအာဏာကို တန်းတူရရှိခဲ့သည်။
အုပ်ချုပ်သူဘဝ နှင့် ကွယ်လွန်ခြင်း
ဂျူးလိယက်ဆီဇာ လုပ်ကြံခံရပြီးနောက်တွင် ဖြစ်ပွားသည့် အာဏာလုပွဲများကြောင့် ပြည်သူတို့အနေဖြင့် သမ္မတစနစ်ကို အယုံအကြည်ကင်းကာ မိမိတို့၏ ငြိမ်းချမ်းရေးကို ဆောင်ရွက်ပေးနိုင်မည့် မင်းကောင်းမင်းမြတ်ကို မျှော်လင့်နေကြချိန်ဖြစ်သည်။ ထိုအချက်ကို ကောင်းစွာနားလည်သည့် အောတေဗီယံသည် အာဏာရသည်နှင့် စစ်ပွဲကာလများတွင် ရက်စက်စွာ တိုက်ခိုက်တတ်သည့် ပုံမှ အလွန်ပင် ကြင်နာသနားတတ်သူအဖြစ် ပြောင်းလဲလာပြီး လူအများအကျိုးကို ထမ်းရွက်တော့သည်။
ရှေးဦးစွာ သမ္မတနိုင်ငံ ပြန်လည်ထူထောင်ပေးမည်ဟုဆိုကာ ရာထူးအားလုံးမှ နုတ်ထွက်ပေးပြီး လွှတ်တော် (ဆီးနိတ်) အဖွဲ့ဝင်များကို စိတ်ကျေနပ်စေရန် ဆောင်ရွက်နိုင်သည်။ ထို့ကြောင့် လွှတ်တော်က ဩဂတ်စတက်ဆီဇာ (အဓိပ္ပါယ်မှာ ထိပ်ဆုံးက ပြည်သူ - Princeps) ဟူသောဘွဲ့ဖြင့် ဂုဏ်ပြုခဲ့သည်။ အမှန်တကယ်တွင် ရောမရှိတပ်များကိုသာ လက်လွတ်ပြီး စပိန်၊ ဂေါလ် (ယနေ့ပြင်သစ်) နှင့် ဆီးရီးယားနယ်များမှ တပ်များကိုမူ လက်အောက်တွင် ဆက်လက်ထားရှိနေသေးသည်။
ကတိအတိုင်း သမ္မတနိုင်ငံ ထူထောင်ပေးသော်လည်း အမည်ခံမျှသာဖြစ်သည်။ အမှန်အစစ် အာဏာရှင်မှာ ဩဂတ်စတက်ဆီဇာ သာဖြစ်သည်။ အကြောင်းမှာ လွှတ်တော်ကို ကောင်းစွာ အရေးပေးဆက်ဆံသဖြင့် ၎င်း၏စိတ်ဆန္ဒရှိသလောက်ကို အတားအဆီးမဲ့ပင် ထောက်ခံပေးခဲ့ကြသောကြောင့်ဖြစ်သည်။ အေဒီ ၁၄ သူကွယ်လွန်ချိန်တွင်မူ သမ္မတစနစ်မှ ဘုရင်စနစ်သို့ ပြန်လည်ကူးပြောင်းပြီး ဖြစ်သဖြင့် မွေးစားသား (မယားပါသား) ဖြစ်သူက ဧကရာဇ်အဖြစ်နှင့် အတားအဆီးမရှိ ငြိမ်းချမ်းစွာပင် နန်းတက်နိုင်ခဲ့သည်။
စွမ်းဆောင်ချက်များ
သမိုင်းတွင် ဩဂတ်စတက်ဆီဇာ ကဲ့သို့ ပြည်သူ့အကျိုးပြု လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည့် အာဏာရှင်မှာ ရှာမှရှားသည်ဟုဆိုရမည်။
- အောင်နိုင်သူ စစ်ဗိုလ်ချုပ်အဖြစ်သာမက နိုင်ငံရေးတွင်လည်း ဂုရုတစ်ဆူဖြစ်သည်။ လိုက်လျောမှုဖြင့် ပြည်တွင်းမှ မညီညွတ်မှုများကို ပြီးပျောက်စေခဲ့သည်။
- အုပ်စိုးချိန် နှစ် ၄၀ သာမက၊ သူကွယ်လွန်ပြီးနောက်တွင်ပင် သူ၏ဩဇာမှာ ထင်ထင်ရှားရှား ကျန်ရှိနေသေးသည်။ သက်ရှိထင်ရှား ရှိစဉ်တွင် စပိန်၊ ဆွစ်ဇာလန်၊ အာရှမိုင်းနားနှင့် ဘောလ်ကန်ဒေသများကို သိမ်းပိုက်ခဲ့ပြီး၊ မြောက်ဖက်နယ်နိမိတ်ကိုလည်း ရိုင်း-ဒန်းနျု (Rhine-Daunbe) မျဉ်းအတိုင်း ထားရှိနိုင်ခဲ့သည်။ နောင်နှစ် ၂၀၀ ခန့်အထိ ထိုနယ်နိမိတ်မျဉ်းအတိုင်း တည်တံ့ခဲ့သည်။
- ထိုအချက်များအပြင် ဩဂတ်စတက်ဆီဇာသည် အလွန်အမျှော်အမြင်ရှိ အုပ်ချုပ်ရေး ပညာရှင်လည်းဖြစ်သည်။ ပြည်သူ့ဝန်ထမ်းစနစ်ကို ကောင်းစွာပြင်ဆင်ဖွဲ့စည်းခဲ့သည်။ အခွန်ကောက်ခံပုံ၊ ဘဏ္ဍာရေးစနစ်နှင့် စစ်တပ်တို့ကို ပြန်လည်ပြင်ဆင်ပြီး အမြဲတမ်းရေတပ်ကို ဖွဲ့စည်းသည်။ ပရေတိုရီယမ် ဂါတ် (Praetorium Guard) အမည်ရှိ ကိုယ်ရံတော်တပ်ဖွဲ့ကို ဖွဲ့စည်းပေးခဲ့သည်။ ထိုတပ်ဖွဲ့မှာ နောင်တွင် ရောမဧကရာဇ်နေရာကိုပင် အပြောင်းအလဲလုပ်နိုင်သည်အထိ အရေးပါလာခဲ့သည်။
- သူ့လက်ထက်တွင် ကွန်ယက်များသဖွယ် လမ်းမကြီးများကို ဖောက်လုပ်ပေးခဲ့သည်။ ထို့ကြောင့်ပင် လမ်းအားလုံးသည် ရောမသို့ဦးတည်သည် ဟူသောဆိုရိုးပင် ဖြစ်ပေါ်လာခဲ့သည်။ ရောမမြို့ကိုလည်း ပြည်သူ့အဆောက်အဦးများ၊ ဘာသာရေး ဝတ်ကျောင်းများ တည်ဆောက်ပေးခြင်းဖြင့် သာယာစည်ပင်စေသည်။ ကိုယ်တိုင်ကလည်း ရောမရှေးဓလေ့ထုံးစံများကို လိုက်နာပြီး လပ်ထက်ခြင်း၊ သားသမီးပွားများခြင်းကို ဥပဒေပြုကာ ကောင်းစွာအားပေးခဲ့သည်။
- အာဏာရချိန် ဘီစီ ၃၀ ဝန်းကျင်မှစကာ ရောမသည် အေးချမ်းသာယာလာသဖြင့် စီးပွားရေးတွင် အလွန်ဖွံဖြိုးလာသည်။ အကျိုးဆက်အဖြစ် အနုပညာရပ်များပါ အရှိန်အဟုန်ဖြင့် တိုးတက်လာပြီး ရောမ၏အနုပညာရွှေခေတ်ဟုပင် တင်စားခေါ်ကြသည်။ ထိုခေတ်တွင် အကျော်ကြားဆုံးသော ကဗျာဆရာများဖြစ်သည့် ဗားဂျေး (Virgil) နှင့် ဟောရေ့စ် (Horace)၊ လီဗီ (Livy) တို့ ပေါ်ပေါက်လာသည်။ အိုဗိဒ် (Ovid) ကိုမူ ဩဂတ်စတက်ဆီဇာနှင့် မသင့်မြတ်သောကြောင့် ပြည်နှင်ဒဏ်ပေးခဲ့သည်။
ထို့ကြောင့် နောင်အခါ၌ စာပေထွန်းကားသောခေတ်ကို ဩဂတ်စတက် ခေတ် ဟူ၍ ခေါ်စမှတ်ပြုကြလေသည်။ ဩဂတ်စတက် ဘုရင်သည် စာပေဖွံ့ဖြိုးတိုးတက်ရေးကို ချီးမြှောက်အားပေးခဲ့သည်သာမက၊ ရောမမြို့တော်ကိုလည်း ခမ်းနားတင့်တယ်အောင် မွမ်းမံပြင်ဆင်ခဲ့လေသည်။ ထို့ကြောင့် ဩဂတ်စတက် သည် အုတ်ဖြင့်တည်ဆောက်ခဲ့သော မြို့ကို ကျောက်ဖြင့် မွမ်းမံပေးခဲ့သည် ဟုဆိုကြသည်။ နိုင်ငံတွင်း၌ လမ်းမကြီးများ၊ ရေသွယ်ပြွန်များ၊ တံတားများကို ဆောက်လုပ် ခဲ့သည်။ ငွေကြေးစနစ်၊ စာပို့စနစ်၊ ပြည်နယ်အချင်းချင်း လွတ် လပ်စွာ ကုန်သွယ်မှုစနစ်တို့ကိုလည်း ပြုပြင်တီထွင်ခဲ့ ပေသည်။ ဩဂတ်စတက်ဘုရင် လက် ထက်တွင် ပါလက်စတိုင်းပြည်၌ ခရစ်တော်ယေရှုဖွားမြင်ခဲ့လေသည်။
မိသားစုဘဝ
သားယောက်ျားမထွန်းကားပေ။ တူတစ်ယောက်နှင့် မြေးနှစ်ယောက်တို့က သူ့အလျင် ကွယ်လွန်ကြသဖြင့် အမွေဆက်ခံရန် မယားပါသားဖြစ်သူ တီဗာရီယက်စ် (Tiberius) ကို မွေးစားခဲ့ရသည်။ သို့သော် ၎င်းတို့နောက်ဆက်ခံသည့် မင်းများတွင် မင်းဆိုးမင်းညစ်များ ပါဝင်လာသဖြင့် အချိန်တိုအတွင်း မင်းဆက်ပြတ်ခဲ့သော်လည်း ရောမအင်ပါယာမှာ နှစ် ၂၀၀ နီးပါးထိ မပြိုကွဲသည့်အတွက် ဩဂတ်စတက်ဆီဇာ၏ ကျေးဇူးကြီးသည်ဟုဆိုနိုင်သည်။
အချုပ်ဆိုရလျှင် ဩဂတ်စတက်ဆီဇာကို မဟာအလက်ဇန္ဒား၊ ဂျင်ဂစ်ခန်၊ နပိုလီယန်နှင့် ဂျော့ချ် ဝါရှင်တန် အစရှိသည့် တိုင်းပြည်ထူထောင်သူ၊ နယ်ပယ်သိမ်းသွင်းရေးသမား၊ စစ်ဗိုလ်ချုပ်များနှင့် နှိုင်းယှဉ်ကြသော်လည်း အားလုံးထက် ဩဂတ်စတက်ဆီဇာ၏ ဩဇာနှင့် အကျိုးပြုမှုက ပိုရှည်ကြာသည်၊ ပိုကြီးကျယ် ခမ်းနားသည်ဟု ဆိုနိုင်သည်။