ဂျင်ဂစ်ခန်

ဂျင်ဂစ်ခန်သည် မွန်ဂိုလူမျိုး တို့၏ ၁၁ ရာစုမှ ၁၂ ရာစုအကြား မွန်ဂိုးလီးယား မြက်ခင်းပြင်များတွင် ရွေ့လျားသွားလာလျက် ရှိကြသော မွန်ဂို မျိုးနွယ်စုဝင် လူမျိုးများကို စုစည်းစည်းရုံး၍ အာရှတိုက်နှင့် ဥရောပတိုက်တခွင်လုံးကို ကြီးမားသော ကျူးကျော်စစ်များ ဆင်နွှဲနိုင်ခဲ့သည့် စစ်ဘုရင်ဖြစ်သည်။

ဂျင်ဂစ်ခန်အား အရှေ့တိုင်း လက်ရာဖြင့် ရေးဆွဲသော ပုံတူ

မွန်ဂိုလူမျိုးများ၏ ဓလေ့စရိုက်အရ တနေရာတွင် အခြေချမနေပဲ နေရာအနှံ့ ပြောင်းရွှေ့ နေထိုင်လေ့ ရှိသောကြောင့် သိမ်းပိုက် အနိုင်ရသော နယ်မြေများကို ရေရှည် ထိမ်းချုပ်ထားခြင်း မရှိခဲ့သော်လည်း မွန်ဂို ဩဇာညောင်းခဲ့သော နယ်မြေများအား သမိုင်းနှင့် ကိုက်ကာ တွက်ချက်မှုအရ ဧကရာဇ် ဂျင်ဂစ်ခန်နှင့် သူ၏ မွန်ဂိုလူမျိုးများသည် ကမ္ဘာ့သမိုင်း တစ်လျှောက်လုံးတွင် မြေပြင်တစ်ဆက်တည်းရှိသည့် အကြီးမားဆုံး နယ်မြေကြီးကို အုပ်စိုးနိုင်ခဲ့ပေသည်ဟု အသိအမှတ် ပြုခဲ့ကြပေသည်။

  • မွန်ဂိုကို မြန်မာ့ သမိုင်းတွင် "မောင်းဂွတ်" ဟုလည်းကောင်း၊ "တာတာ" ဟုလည်းကောင်း ရေးသားလေ့ ရှိသည်။

ဂျင်ဂစ်ခန်၏ ငယ်ဘဝ

နှစ်ကာလသည် အလွန်တရာ ရှေးကျကာ ရေးသားထားသော မှတ်တမ်းမှတ်ရာများ ရှားပါးမှုကြောင့် ဂျင်ဂစ်ခန်၏ ငယ်ဘဝ အချို့ အစိတ်အပိုင်းများကို တိကျ၍ အချက်အလက် စုံစွာ ဖော်ပြနိုင်ရန်မှာ များစွာပင် အခက်အခဲ ရှိလှပါသည်။

ဂျင်ဂစ်ခန် မွေးဖွားခြင်း

ဂျင်ဂစ်ခန်၏ မူလ မွန်ဂို စာလုံး

ဂျင်ဂစ်ခန်သည် ၁၁၆၂ ခုနှစ် ခန့်တွင် ဘာခန် ခလာဒန် တောင်၊ အိုနွန် နှင့် ခါလန် မြစ်နားမှ ယနေ့ မွန်ဂိုးလီးယား နိုင်ငံ၏ မြို့တော် အူလန်းဘာထာနှင့် အနည်းမျှငယ်သာ ကွာဝေးသော ဒယ်လီဂန် ဗူလဒွတ်အရပ်တွင် မွေးဖွားခဲ့သည်။ မွေးဖွားစတွင် ရရှိခဲ့သော ဂျင်ဂစ်ခန်၏ အမည်ရင်းမှာ သံလူသား(Iron Man) ဟု အဓိပ္ပါယ်ရသော တီမူးဂျင် ဟူ၍ဖြစ်သည်။ ထိုအမည်မှာ သူမွေးဖွားခါနီးတွင် သူ့ဖခင် တိုက်ခိုက် အနိုင်ရခဲ့သော တာတာ လူမျိုးစုခေါင်းဆောင်၏ အမည်ကို ယူခြင်း ဖြစ်သည်။

ရက်စုခိုင် ဟု အမည်တွင်သော သူ၏ဖခင်မှာ မွန်ဂိုမျိုးနွယ် ကိုင်ယက်ခ် မျိုးနွယ်စု၏ ခေါင်းဆောင်ဖြစ်ကာ မိခင်မှာ အိုလ်ခွန်းနတ် မျိုးနွယ်စုတွင် မွေးဖွားခဲ့ကာ ဟိုလန် ဟု အမည်ရသည်။ သို့သော်လည်း ဂျင်ဂစ်ခန်မှာမူ ထုံးတမ်း အစဉ်အလာအရ ကိုင်ယက်ခ် မျိုးနွယ်စုမှာပင် ကြီးပြင်းခဲ့သည်။

မွေးချင်းများ

တီမူးဂျင်တွင် ညီအစ်ကိုများ ဖြစ်သော ခါစာ၊ ခါဂျန်း၊ တီမျူးနှင့် ညီမ တန်မျူလန် ဟူ၍ အခြား မွေးချင်း လေးယောက်နှင့် အခြား မိထွေးများမှ မွေးသော ညီအစ်ကိုများ ဖြစ်သော ဘက်ခ်ထာ နှင့် ဘယ်လ်ဂူတိုင် တို့လည်း ရှိသည်။

ငယ်ဘဝ

အခြား ရွေ့လျား နေထိုင်ကြသော မွန်ဂိုးလီးယားမှ အခြား မျိုးနွယ်စုလေးများ ကဲ့သို့ပင် တီမူးဂျင်၏ ငယ်ဘဝသည်လည်း ခက်ခဲမှုများ တွေ့ကြုံခဲ့ရသည်။ တီမူးဂျင် ကိုးနှစ်သား အရွယ်တွင် ကြိုတင် စေ့စပ်ထားမှု အရ သူ၏ အနာဂတ်တွင် လက်ထပ်ရမည် ဖြစ်သော ဘုတ်အူဂျင်၏ အွန်ဂီရတ် မျိုးနွယ်စု ဆီသို့ သူ့ဖခင်၏ အမိန့်ဖြင့် ပို့ဆောင်ခြင်း ခံရသည်။ သူသည် လက်ထပ်နိုင်သည့် အရွယ် ဖြစ်သော ၁၂ နှစ်သား အရွယ်အထိ ထိုလူမျိုးစုမှ ဒိုင်စီချန်ထံတွင် နောက်လိုက် တစ်ဦး အဖြစ် လိုက်ပါခဲ့ရသည်။

တီမူးဂျင် အိမ်ပြန်ခွင့်ရသည့် အချိန်တွင်မှ သူ၏ ဖခင်မှာ နယ်မြေချင်း ဆက်စပ်၍ မကြာခဏ စစ်ဖြစ်ပွားလေ့ရှိသော တာတာ တို့နှင့် ထမင်းစားပွဲတွင် အဆိပ်ခတ်ခံရ၍ သေဆုံးသွားခဲ့လေသည်။ ထို့ကြောင့် တီမူးဂျင်သည် လူမျိုးစု ခေါင်းဆောင် "ခန်" တစ်ဦးအဖြစ် ကြေငြာရန် ပြန်လာခဲ့သည်။ သို့သော် သူ၏ လူမျိုးစုက အသက် ငယ်ရွယ်လှသော တီမူးဂျင် အုပ်ချုပ်မည်ကို လက်မခံခဲ့ကြပဲ သူ၏ တစ်မိသားစုလုံးကို အကာအကွယ် မပေးတော့ပဲ စွန့်ခွာထားပစ် ခဲ့ကြသည်။

နောက်ထပ် နှစ်အတော်ကြာအထိ တီမူးဂျင်နှင့်သူ၏ မိသားစုမှာ အလေ့ကျ သီးသော အသီးအနှံများကို ခူးဆွတ်စားခြင်း၊ တီမူးဂျင်တို့ ညီအစ်ကို တစ်စု က အမဲလိုက်နိုင်သော အကောင် ငယ်လေးများကိုသာ စားသုံးခြင်းနှင့် ဆင်းရဲစွာ ရုန်းကန်နေထိုင် ခဲ့ကြရသည်။ အမဲလိုက်ပွဲ တစ်ခုတွင်မူ အသက် ၁၃နှစ် ရှိပြီဖြစ်သော တီမူးဂျင်က သူ၏ အဖေတူ အမေကွဲ ညီအစ်ကို ဘက်ခ်ထာ ကို အမဲကို ဝေငှသောအခါ စကားများကြရင်း သတ်လိုက် မိလေသည်။ ထိုဖြစ်ရပ်ကြောင့် သူသည် သူတို့ မိသားစု၏ ခေါင်းဆောင် ဖြစ်လာခဲ့သည်။

တီမူးဂျင်၏ လွတ်မြောက်ခြင်း

၁၁၈၂ တွင်မူ သူ့ဖခင် မကွယ်လွန်ခင်က မဟာမိတ်များ ဖြစ်ခဲ့သော တရီချိုင်ရစ် လူမျိုးစုမှ တိုက်ခိုက်ခြင်း ခံရကာ အကျဉ်းသား အဖြစ် ဖမ်းဆီးခြင်း ခံရသည်။ သို့သော် တီမူးဂျင်ကို သနားစိတ် ဝင်ခဲ့သော (နောင်အခါ ဂျင်ဂစ်ခန်၏ စစ်ဗိုလ်ချုပ် တစ်ဦး ဖြစ်လာခဲ့သော) ချေးလ်လောင်၏ ဖခင်က တီမူးဂျင် လွတ်မြောက်စေအောင် ကူညီခဲ့လေသည်။ ထိုအချိန်တွင် (နောင်အခါ ဂျင်ဂစ်ခန်၏ စစ်ဗိုလ်ချုပ်များ ဖြစ်လာကြမည့်) ဂျယ်လ်မီ နှင့် ဘော်ရ်ချူ တို့လည်း လာရောက် ပူးပေါင်းသည်။ ထို တရီချိုင်ရစ် လူမျိုးစု လက်ထဲမှ လွတ်မြောက်သွားသည့် အချိန်မှ စတင်၍ တီမူးဂျင်သည် သူ၏ အစောဆုံး ကျူးကျော်စစ်များအတွက် လိုအပ်သည့် လူအင်အားကို သူ၏ ညီအကိုများကို ဗဟိုပြု၍ စုဆောင်းလေတော့သည်။

မိခင်၏ သင်ကြားမှု

ထိုအချိန်တွင် မွန်ဂို လူမျိုးစုများမှာ တခါတရံ ကြိုတင် စေ့စပ်သည့် လက်ထပ် ပွဲများကြောင့် ခဏတာ မဟာမိတ် ဖြစ်သည်များမှ လွဲ၍ ဘယ်သောအခါမှ စုစုစည်းစည်း မရှိကြပေ။ တီမူးဂျင်သည် မွန်ဂိုးလီးယား၏ နိုင်ငံရေးဥတုကို လေ့လာရင်း၊ လူမျိုးစုများကြား စစ်ပွဲများ၊ လူမျိုးစုချင်း ခိုးဝှက် ဓားပြ တိုက်ခိုက်မှုများ၊ မသမာမှုများနှင့် အဆက်မပြတ် အပြန်အလှန် ဖြစ်ပွားနေကြသော လက်စားချေ မှုများအကြားတွင် ကြီးပြင်းလာရသည်။

ထိုကဲ့သို့ ဖြစ်ချင်တိုင်း ဖြစ်နေကြသော မွန်ဂိုးလီးယား မြက်ခင်း လွင်ပြင် ဒေသကြီးမှာ တောင်ပိုင်းမှ တရုတ်မင်းဆက်များ၏ ဩဇာ လွှမ်းမိုး၍ ဝင်ရောက် စွက်ဖက်ရန် ကြိုးစားနေမှု များလည်း ရှိနေသည်။ တီမူးဂျင်၏ အမေ ဟိုလန်က မွန်ဂိုးလီးယားနိုင်ငံရေး အခြေအနေများနှင့်စပ်လျင်း၍ များစွာ သင်ကြား ပေးခဲ့ရာ အဓိအားဖြင့် မဟာမိတ် ဖွဲ့ခြင်း၏ အရေးပါမှုကို နားလည်အောင် သင်ကြားပေးခဲ့သည်။

မိသားစုဘဝ

တီမူးဂျန်သည် သူ၏ ဖခင် စေ့စပ် စီစဉ်ခဲ့သော အိမ်ထောင်ဖက် ဖြစ်သည့် အွန်ဂူရတ် မျိုးနွယ်စုမှ ဘုတ်အူဂျင်ကို အသက် ၁၆နှစ်ခန့်တွင် လူမျိုးစုခြင်း မဟာမိတ် ပြုရန်အလို့ငှာ လက်ထပ်ခဲ့သည်။ ဘုတ်အူဂျင်နှင့် ဂျိုချီ (၁၁၈၅ - ၁၂၂၆)၊ ချဂတိုင် (၁၁၈၇ - ၁၂၄၁)၊ အိုဂျီဒိုင် (၁၁၈၉ - ၁၂၁၄)နှင့် တိုလူအီ (၁၁၉၀ - ၁၂၃၂) ဟူ၍ သားလေးဦး ထွန်းကားခဲ့သည်။ ဂျင်ဂစ်ခန်သည် အခြား ဇနီးများနှင့်လည်း သားသမီးများ ရရှိခဲ့သော်လည်း သူ၏ သိမ်းပိုက် အောင်မြင်မှုများကို ခွဲဝေရာတွင် ထည့်သွင်း စဉ်းစားခြင်း မရှိခဲ့ပေ။ သမီးများနှင့် ပတ်သက်သော မှတ်တမ်းမှတ်ရာ များမှာမူ လုံးဝ မရှိချေ။

လက်ထပ်ပြီး မကြာမီတွင် ဘုတ်အူဂျင်အား မားကစ် လူမျိုးစုမှ ဖမ်းဆီးသွားကြရာ တီမူးဂျန်က သူ၏ မိတ်ဆွေ၊ (နောင်အခါ ပြိုင်ဖက်များ ဖြစ်လာကြသော) ဂျမူကာ နှင့် သူ၏ သက်တော်စောင့် ကာရစ် မျိုးနွယ်စုမှ အွန်ခန်နှင့် ပူးပေါင်းကာ သွားရောက် ကယ်ဆယ်ခဲ့လေသည်။ ထို့နောက် ကိုးလမျှ ကြာသော် သား ဂျိုချီကို မွေးဖွားခဲ့လေသည်။ တီမူးဂျန်သည် ခေါင်းဆောင် တစ်ဦး အနေနှင့် ဇနီး တစ်ဦးထက်ပို လက်ခံရသော ထုံးတမ်း အစဉ်အလာကို လိုက်နာခဲ့သော်လည်း ဘုတ်အူဂျင် သည်သာ သူ၏ တစ်ဦးတည်းသော ဧကရီ ဖြစ်ခဲ့လေသည်။

ဂျင်ဂစ်ခန်နှင့် ဘာသာရေး

ဂျင်ဂစ်ခန်သည် ဗုဒ္ဓဘာသာ ဝင်တစ်ဦးဖြစ်သည်။ [1] သို့သော် သူသည် ဘာသာရေးနှင့် ပတ်သက်၍ အလွန် အမြင်ကျယ်သောသူ ဖြစ်ကာ အခြား ဘာသာများမှ အတွေးအခေါ်နှင့် အယူအဆများကို လေ့လာရန် အလွန် စိတ်ပါဝင်စားမှု ရှိခဲ့သည်။ ဗုဒ္ဓဘာသာ အတွေးအခေါ်နှင့် အယူအဆများကို အလွန် စိတ်ပါဝင်စားမှု ရှိခဲ့သည်။ ထို့ကြောင့် သူသည် ဗုဒ္ဓဘာသာ ရဟန်း များ၊ ခရစ်ယာန် သာသနာပြုများ၊ မူဆလင် ကုန်သည်များနှင့် တာအို ဘုန်းကြီးများကို လက်ခံတွေ့ဆုံ၍ ဆွေးနွေးမှုများ ပြုခဲ့သည်။

မဟာမိတ်များကို စည်းရုံးခြင်း

ဂျင်ဂစ်ခန် အဆင့်ဆင့်သိမ်းပိုက်၍ မွန်ဂို အင်ပိုင်ယာကို တည်ဆောက်ခဲ့ပုံ

အလယ်အာရှ ကုန်းပြင်မြင့်သည် တီမူးဂျန် ငယ်စဉ် ကာလ ၁၂၀၀ ခုနှစ်လောက်တွင် လူမျိုးစုများ၊ မဟာမိတ်အဖွဲ့များနှင့် များစွာ အစိတ်စိတ် ကွဲ၍ တည်ရှိခဲ့သည်။ ထို လူမျိုးစုများ၊ မဟာမိတ် အစုများ အထဲတွင် နိုင်မန်းမားကစ်ယူဂါ့တာတာမွန်ဂိုနှင့် ကာရစ် တို့မှာ အချင်းချင်း မသင့်မမြတ် ဖြစ်လေ့ရှိကြပြီး လူမျိုးစု အချင်းချင်း ဓားပြတိုက်မှုများ၊ အပြန်အလှန် ကလဲ့စား ချေမှုများနှင့် ဖုံးလွှမ်းနေခဲ့သည်။

ထိုစဉ် သူ၏ မိသားစုလေး၏ ခေါင်းဆောင် ဖြစ်နေသော တီမူးဂျန်သည် သူ့ ဖခင်၏ သွေးသောက် ညီအစ်ကို ဖြစ်ခဲ့သော ကာရစ် လူမျိုးစု၏ ခေါင်းဆောင် တော့ဂ်ဟရူ အား မဟာမိတ်ပြုရန် တောင်းဆိုခဲ့သည်။ ဘုတ်အူဂျင်ကို မားကစ်လူမျိုးစုမှ ဖမ်းဆီး ခေါ်ဆောင်သွားသော အခါတွင် ထို ကာရစ် လူမျိုးစု၏ မဟာမိတ်မှ အကူအညီပေးခဲ့သည်။ ကူညီရန်အတွက် တော့ဂ်ဟရူက သူ၏ ကာရစ် လူမျိုးစုမှ တိုက်ပွဲဝင် လူအင်အား ၂၀၀၀၀ နှင့်အတူ သူ၏ ငယ်ဘဝ သူငယ်ချင်း ဂျမူကာ ကို စေလွှတ်ခဲ့သည်။ ဂျမူကာသည် နောင်အခါတွင် ဂျဒါရန် လူမျိုးစု၏ ခေါင်းဆောင် ဖြစ်လာခဲ့သည်။ တိုက်ပွဲမှာ အောင်မြင်ခဲ့ပြီး တီမူးဂျန်၏ ဇနီးကို ကယ်တင်လိုက်နိုင်ကာ မားကစ် လူမျိုးစုကို တိုက်ခိုက် အနိုင်ယူလိုက် နိုင်သည်။ ထိုတိုက်ပွဲ နောက်ပိုင်းတွင် တီမူးဂျန်နှင့် ဂျမူကာတို့မှာ သွေးသောက် ညီအစ်ကိုများ ဖြစ်လာကြသည်။

မွန်ဂို လူမျိုးစုများ၏ မဟာမိတ် အဖွဲ့၏ ၁၂၀၀ ခုနှစ်ခန့်က အဓိက ရန်သူများမှာ အနောက်အရပ်တွင် နိုင်မန်း၊ မြောက်အရပ်တွင် မားကစ်၊ တောင်အရပ်တွင် တန်ဂပ်နှင့် အရှေ့အရပ်တွင် ဂျင် နှင့် တာတာ လူမျိုးစုများ ဖြစ်သည်။ ၁၁၉ဝတွင် အကြံပေးများ၊ သူ၏ နောက်လိုက်များနှင့် တီမူးဂျန်သည် အသေးစား မွန်ဂို လူမျိုးစု မဟာမိတ် အဖွဲ့လေးသာ ဖွဲ့စည်းနိုင်ခဲ့သည်။ သူ၏ အုပ်ချုပ်မှု ကာလအတွင်း ရန်ဖက် လူမျိုးစုများကို တိုက်ခိုက်ခဲ့ရာတွင် တီမူးဂျန်သည် မွန်ဂိုတို့၏ ရိုးရာ ဓလေ့ထုံးတမ်းများကို အတော်အတန် ချိုးဖျက်ခဲ့လေသည်။ သူသည် သူ၏ ခေါင်းဆောင်မှုကို မိသားစု တစ်စု၏ ခေါင်းဆောင်ကို လိုက်နာမှု ပုံစံထက် သစ္စာရှိမှုအပေါ် အခြေခံခဲ့သည်။ တီမူးဂျန်သည် သူ၏ အမိန့်နှင့် ဥပဒေကို တိတိကျကျ လိုက်နာခြင်းဖြင့် သူ၏ နောက်လိုက် ပြည်သူများနှင့် စစ်သည်များကို ချမ်းသာ ကြွယ်ဝစေရမည်ဟု ဆိုခဲ့သည်။ သူသည် ရှေးအစဉ်အလာ လုပ်ထုံး လုပ်နည်းအရ ရန်သူကို တိုက်ခိုက် အောင်မြင်ပါက ရန်သူများကို နှင်ထုတ်၍ ပစ္စည်းများကို သိမ်းယူခြင်းကို မလုပ်ပဲ ရန်သူ၏ လူမျိုးစုကို သူ၏ လက်အောက်သို့ သွင်းကာ သူ၏ လူမျိုးစုဟု သတ်မှတ်လိုက်သည်။ အချို့ တိုက်ပွဲများမှ ရရှိသော မိဘမဲ့ ကလေးများကို သူ၏ မိခင်က မွေးစားကာ မိသားစုဝင် အဖြစ် သတ်မှတ်သည်များလည်း ရှိခဲ့သည်။ ဤသို့ဖြင့် စစ်ရှုံး၍ သိမ်းသွင်းခံရသူများ ကြားတွင်လည်း လေးစားမှုကို ရရှိလာပြီး အောင်မြင်သော တိုက်ပွဲ တစ်ပွဲစီ တိုင်းတွင် တီမူးဂျင်နှင့် သူ၏ မွန်ဂို မဟာမိတ်အဖွဲ့မှာလည်း ပိုပို၍ အင်အား ကြီးမားလာ လေတော့သည်။

တော့ဂ်ဟရူ၏သား စန်ဂမ်မှာမူ တီမူးဂျန်၏ အောင်မြင်မှုအပေါ် မနာလိုဝန်တိုမှု ကြီးမားလာသည်။ ထို့နောက် သူသည် သူ၏ ဖခင်နှင့် ပေါင်းကာ တီမူးဂျန်ကို လုပ်ကြံရန် ကြံစည်ခဲ့လေသည်။ တော့ဂ်ဟရူမှာ တီမူးဂျန်နှင့် ပူးပေါင်း၍ တိုက်ခိုက်လျက် ရှိသော်လည်း သူ့သားဖက်မှာ ပါကာ လက်တွဲ တိုက်ခိုက်ရန် ငြင်းဆန်လိုက်လေတော့သည်။ တော့ဂ်ဟရူတို့၏ မလေးစားမှုများသည် သူ့သမီးနှင့် တီမူးဂျန်၏ အကြီးဆုံးသား ဂျိုချီတို့ လက်ထပ်ရန် စီစဉ်ထားသည်ကိုပင် ဖျက်သိမ်းသည်အထိ ပြုမူလာသည်။ ထို စေ့စပ်ထားသည်ကို ဖျက်သိမ်းခြင်းသည် မွန်ဂို ယဉ်ကျေးမှုကိုပါ မလေးစားသကဲ့သို့ ဖြစ်ပေါ်သည်။ အဆိုပါ ဖြစ်ရပ်ကြောင့် ကွဲထွက်နေသည့် တော့ဂ်ဟရူနှင့် တီမူးဂျန်တို့ အုပ်စုကြားတွင် စစ်ပွဲဆီသို့ ဦးတည်လာတော့သည်။ တော့ဂ်ဟရူသည် တီမူးဂျန်အား အစကတည်းက ဆန့်ကျင်နေပြီး ဖြစ်သော ဂျမူကာနှင့် ပူးပေါင်းသည်။ သို့သော် တော့ဂ်ဟရူနှင့် ဂျမူကာတို့ ကြားတွင် ပဋိပက္ခ ဖြစ်သောကြောင့် နောက်ဆုံးတွင် တီမူးဂျန်သာ အနိုင်ရလိုက်သည်။ ဂျမူကာမှာမူ တိုက်ပွဲအတွင်းမှ ထွက်ပြေး လွတ်မြောက်သွားသည်။ ထို တိုက်ပွဲ၏ ရလဒ်အနေဖြင့် ကာရိတ် လူမျိုးစုမှာ လုံးဝ ပျက်သုဉ်းခြင်းသို့ရောက်ရှိခဲ့သည်။

ဂျင်ဂစ်ခန် (ခရစ် ၁၁၆၂-၁၂၂၇)

ဂျင်ဂစ်ခန်ကို ဗိုက်ကာအိုင်ကြီး၏ အရှေ့တောင်ဖက်၊ အိုနွန်မြစ်ပေါ်ရှိ၊ ဒယ်လီဂန်၊ ဗူလဒွတ်အရပ်တွင် ဖွားမြင်ခဲ့သည်။ သူ့ဘခင်မှာ တရုတ်နိုင်ငံတံတိုင်းကြီးနှင့် အမူးမြစ်အကြားရှိ အတော်ကျယ်ဝန်းသောဒေသကို အုပ်ချုပ်သော မွန်ဂိုအကြီးအကဲတစ်ဦးဖြစ်၍ ဖခင်သေဆုံးသောအခါ ဂျင်ဂစ်ခန်သည် အသက် ၁၃ နှစ်အရွယ် လူမမယ်ဘဝနှင့် ကျန်ရစ်၏။ ထိုစဉ်က သူ့ကို တပ်မျူဂျင်ဟူ၍ ခေါ်ခဲ့ကြသည်။ သူသည် ထိုသို့နုနယ်ပျိုမျစ်သော အရွယ်မှာပင် အခြား မွန်ဂိုလူမျိုးစုများကို တိုက်ခိုက် အောင်မြင်ပြီးနောက် တန်းဂွတ်ဒေသကို အောင်မြင်ခဲ့၏။ ၁၂ဝ၆ ခုနှစ်တွင် ဝီးဂူးဝါးတို့၏ တိုင်းပြည်ကို အလွယ်တကူအောင်မြင်၍ မိမိအောင်ပွဲရခဲ့သည်တို့ကို ထင်ရှားစိမ့်သောငှာ၊ ဂျင်ဂစ်ခန် ဟူသောအမည်ကို ခံယူခဲ့လေသည်။ ထိုအမည်ဖြင့်ပင် ကမ္ဘာ့သမိုင်း၌ ထင်ရှားပေတော့သည်။ ထိုအခါတွင် သူ၏ အသက်မှာ ၄၈ နှစ် ရှိချေပြီ။


ဂျင်ဂစ်ခန်သည် ပထမဦးစွာ မွန်ဂိုဟူသမျှကို တစ်စည်းတစ်လုံးတည်း ညီညွတ်အောင် ထပ်မံဆောင်ရွက်၏။ သဘော ကွဲလွဲလျက်ရှိသော ခေါင်းဆောင်များကို သိမ်းသွင်းသည်။ အချို့ကို သုတ်သင် ရှင်းလင်းပစ်လေသည်။ ထိုနောက် မွန်ဂို နယ်နိမိတ်ကို ကျော်လွန်ကာ နယ်ပယ်ချဲ့ရာတွင် ၁၂ဝ၉ ခုနှစ်၌ တရုတ်နိုင်ငံတံတိုင်းကြီးကို ဖြတ်ကျော်၍ မြောက်ပိုင်းသို့ ဝင် ရောက်တိုက်ခိုက်သည်။ ထိုအရပ်ရှိ တားတားလူမျိုးတို့ကို လက်အောက်သို့ သိမ်းသွင်းခဲ့ပြီးနောက် ယခင်က ယင်ကင်း၊ ယခု ပီကင်းမြို့တော်တွင် အတန်ကြာ အုပ်ချုပ်နေခဲ့သည်။ ထိုမှ ၅ နှစ်အကြာတွင် ကိုရီးယားသို့ သွားရောက်တိုက်ခိုက်ခဲ့သည်။ ထိုနောက် အေရယ်ပင်လယ်၏ တောင်ဘက်ရှိ ခွာရစ်ဇံနိုင်ငံမှ ရှားဘုရင်သည် မွန်ဂိုသူပုန်ခေါင်းဆောင်တစ်ဦးကို လက်ခံ ချီးမြေ|ာက်ခဲ့သည့်အတွက် ဂျင်ဂစ်ခန် သွားရောက်တိုက်ခိုက်ကာ ရှားဘုရင်နှင့်တကွ သူပုန်ခေါင်းဆောင်ကို လက်ရဖမ်းဆီးမိ၏။ သို့သော်လည်း ရှားဘုရင်အား အမျက်မထားဘဲ သဘောထား ကြီးကြီးနှင့် မဟာမိတ်ဖွဲ့ကာ နိုင်ငံအချင်းချင်း ကူးသန်းရောင်း ဝယ်ရန် စာချုပ်ကိုပင် ချုပ်ဆိုခဲ့၏။ ရှားဘုရင်ကမူ၊ စာချုပ်ကို ဖောက်ဖျက်ကာ မွန်ဂိုကုန်သည်များကို သတ်ဖြတ်၏။ ထိုကိစ္စ အတွက် သံတမန်များ စေလွှတ်ခဲ့ရာတွင် ရှားဘုရင်က သံ တမန်များကို မလေးမခန့်ပြုရုံမက တစ်ဦးကို ခေါင်းဖြတ်၍ပင် သတ်ခဲ့လေသည်။ ထိုကြောင့် ဂျင်ဂစ်ခန်သည် စစ်သည် ၇ဝဝÝဝဝဝ ဖြင့် သွားရောက် တိုက်ခိုက်သည်။ မွန်ဂိုတပ်များ ၏ ဒဏ်ကို ခိုင်မာသောခံတပ်ကြီးများပင် မခံနိုင်ချေ။ ရှား ဘုရင်မှာလည်း ခွာရစ်ဇံနိုင်ငံမှ လက်လွတ်ထွက်ပြေး တိမ်း ရှောင်ခဲ့ရသည်။ ဗူခါးရားနှင့် ဆမားကန်းမြို့ ၂ မြို့မှာလည်း စစ်ဒဏ်ကြောင့် ကြေမွသွားလေတော့သည်။

ဂျင်ဂစ်ခန်သည် ခွာရစ်ဇံနိုင်ငံတွင်ရှိစဉ် ရုရှနိုင်ငံရှိနိုင်ငံ အသီးသီးသို့ သံတမန်များကို လက်ဆောင်ပဏ္ဏာများဖြင့် မိတ် ဖွဲ့ရန် စေလွှတ်ခဲ့သည်။ သို့ရာတွင် ထိုနိုင်ငံများသည် မွန်ဂို လူမျိုးဟူ၍ ကြားပင်မကြားဘူးသည့်ပြင် မိမိတို့နိုင်ငံများသာ ကြီးကျယ်ခမ်းနားသည်ဟု အထင်ကြီးနေခဲ့သဖြင့် မွန်ဂိုသံတမန် တို့အား မချေမငံ ပြုကျင့်၏။ အချို့နိုင်ငံများကမူ သတ်ဖြတ် ပစ်၏။ ထိုအခါ၌ မွန်ဂိုတို့၏ အစွမ်းကိုပြရန်အလို့ငှာ အနောက်ဘက်သို့ အလုံးအရင်းနှင့် ချီတက်လျက် နိုင်ငံပေါင်း များစွာကို မှုန့်မှုန့်ညက်ညက် ချေမှုန်းလိုက်လေသည်။ထိုနောက် တွင်မှ ယင်းနိုင်ငံများသည် အညံ့ခံ၍ သံတမန်များ၊ လက်ဆောင် ပဏ္ဏာများဖြင့် လာရောက်ကာ သစ္စာခံကြလေ သည်။

ဤသို့ ဂျင်ဂစ်ခန်၏ တပ်မတော်ကြီးမှာ ရုရှနိုင်ငံများကို နှိမ်နင်းပြီးစတွင် ယခင် ရှားဘုရင်၏သား၊ ဂျလားလွတ်ဒင်က မွန်ဂိုစစ်သည်တို့အား လာရောက်ထိပါးပြန်သည်။ မွန်ဂိုတို့က ယှဉ်ပြိုင် တိုက်ခိုက်သည်တွင် ဂျလားလွတ်ဒင်မှာ မခံမရပ် နိုင်ဘဲ တောင်ဖက်သို့ ဆုတ်ခွာပြေးရလေ၏။ မွန်ဂိုတို့လည်း ထက်ကြပ်မကွာ လိုက်လံတိုက်ခိုက်ရာတွင် အိန္ဒုမြစ်ကမ်း၌ ရန်သူတို့ တပ်လုံးပြုတ်၍ ဂျလားလွတ်ဒင်တစ်ဦးတည်းသာ ဒေလီမြို့သို့ ထွက်ပြေးပုန်းအောင်းနေရလေသည်။ ဤသို့ဖြင့် ဂျင်ဂစ်ခန်၏ တပ်မတော်သည် အနောက်ဖက်တစ်ခွင်တွင် အရှုံးမရှိ၊ စစ်ပွဲများကို အောင်နိုင်ပြီးသောအခါ ကယ်ရကိုးရမ်း နေပြည်သို့ ပြန်လေသည်။နေပြည်တော်သို့ရောက်၍ အသက်ပင် ၆ဝ ကျော်ပြီ ဖြစ်သော်လည်း တရုတ်ပြည် အနောက်မြောက် ပိုင်းသို့ ချီတက်တိုက်ခိုက်ကာ အောင်ပွဲခံလိုက်သေးသည်။

ဤသို့ မရပ်မနား အောင်ပွဲ အဆက်ဆက်ခံခဲ့ပြီးနောက် ၁၂၂၇-ခုနှစ် ဩဂုတ်လတွင် ရုတ်တရက် နာမကျန်းဖြစ်၍ ဂျင်ဂစ်ခန် ကွယ်လွန်လေတော့သည်။ သူစည်းရုံးခဲ့သော နိုင်ငံတော်ကြီးမှာ အရှေ့ဖက်ပင်လယ်ဝါမှ အနောက်ဖက် ပင်လယ်နက်အထိ ကျယ်ပြန့်လေသည်။ ဤမျှ ကျယ်ဝန်းသောနိုင်ငံတော်ကြီးကို ကမ္ဘာ့သမိုင်းတွင် အကြီးမားဆုံး အဆောက်အအုံတစ်ခု ဖြစ်ခဲ့ သည်ဟု မှတ်တမ်းတင်နိုင်တော့သည်။ ဂျင်ဂစ်ခန် ကွယ်လွန်သည့်နောက် သူ့အမည်နှင့် တည်ဆောက်ခဲ့သော နိုင်ငံတော် ကြီးမှာ အာရှတိုက်သားတို့ ဂုဏ်ယူရစ်ရန် ကျန်ခဲ့လေသည်။ ယခုခေတ် အီရန်နိုင်ငံ၊ အိန္ဒိယအနောက်မြောက်ပိုင်းနှင့် ရုရှ နိုင်ငံ၏တစ်စိတ်တစ်ဒေသ၊ တရုတ်နိုင်ငံမြောက်ပိုင်း မွန်ဂိုလီးယားနယ်မြေများ အပါအဝင်ဖြစ်သော အာရှတစ်ခွင်သည် ဂျင်ဂစ်ခန်မင်းကြီး၏ ဩဇာပျံ့နှံ့ရာ ဖြစ်ခဲ့လေသည်။ သူသည် မြင်းကုန်းနှီးပေါ်မှနေ၍ ဓားလွတ်ဖြင့် နိုင်ငံထူထောင်ခဲ့သူ ဖြစ်သည်။ သူ့အတွက် အားထားရဆုံး ရဲမက်တို့ကား နာမည်ကျော် မွန်ဂိုမြင်းစီးသူရဲများ ဖြစ်လေသည်။ ဂျင်ဂစ်ခန်သည် သက်တမ်းတစ်လျှောက် စစ်မက်ဖြင့်သာ ရင်းနှီးခဲ့ရကား စစ်ရေးစစ်ရာတွင် ကျွမ်းကျင်လှသည်။ သူ၏တပ်မတော်ကြီးမှာ စည်းကမ်းကောင်း၍ ဖွဲ့စည်းပုံစနစ် ကျနသဖြင့် အထူးချီးကျူးဖွယ် ဖြစ်သည်။

မိမိအောင်မြင်ခဲ့သော နိုင်ငံများမှ ကျွမ်းကျင်သူများစွာကို မိမိထံတွင် အမှုထမ်းစေခြင်းဖြင့် စစ်ပညာများ ဖွံ့ဖြိုးစေကာ စစ်အောင်နိုင်ရေးအတွက် အကူအပံ့များစွာ ရခဲ့သည်။ သူကိုယ်တိုင် ပညာခေါင်းပါးခဲ့သော်လည်း ပညာရေးကို အားပေးသူ ဖြစ်သည်။ ဂျင်ဂစ်ခန်မင်းကြီးသည် ကြမ်းတမ်းသော စစ်သားကြီးတစ်ဦးဖြစ်သော်လည်း နိုင်ငံတစ်ဝန်းလုံးက လက်ခံယုံကြည်ကြသော အယူဝါဒအသီးသီးကို လေးစားသည်။ ကိုးကွယ်ဆည်းကပ်ခွင့်နှင့်ဆိုင်သော အခွင့်အရေးများကိုလည်းပေးခဲ့သည်။

သူကွယ်လွန်သောအခါ မွန်ဂိုလူမျိုးတို့တွင် နိုင်ငံခြား ယဉ်ကျေးမှုအစုစုကို လက်ခံသိမ်းသွင်းပြီးလျှင် ယဉ်ကျေးစွာ တိုးတက်ကြီးပွားရေးအတွက်၌လည်း အခြေတည်မိခြင်း ဖြစ်လေသည်။ သူ၏ လက်ငုတ်လက်ရင်းဖြစ်သော နိုင်ငံတော်ကြီးကို သားတော် ၃ ဦးက ခွဲခြမ်း၍ တာဝန်ယူ အုပ်ချုပ်ကြသည်။ ကွယ်လွန်ခါနီးတွင် တရုတ်နိုင်ငံတောင်ပိုင်းကိုပါ သိမ်းယူရန် သူ့အား ဆက်ခံမည့်သူများကို မှာကြားခဲ့သေးသည်။

ဂျင်ဂစ်ခန်၏ နိုင်ငံတော်ကြီးကို အအောင်မြင်ဆုံး ပြန်လည်အုပ်ချုပ်နိုင်သူကား သူ၏မြေး ကူဗလိုင်ခန်မင်းကြီးပေတည်း။ [2]

ကိုးကား

  1. http://www.vegetariansareevil.com/forum/comments.php?DiscussionID=10&page=1%5Bလင့်ခ်သေ%5D
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.