ချစ်ကောင်း (အဆိုတော်)

အနုပညာအသိုင်းအဝန်းနှင့် ရင်နှီးသူများက ဗိုလ်ချစ် ဟုခေါ်သော အဆိုတော် ချစ်ကောင်းသည် ၁၉၈၀ ကျော် ကာလများ ကတည်းက တေးရေး ဝင်းမင်းထွေး၏ ကော်ဖီခါးခါး တေးစီးရီးဖြင့် အောင်မြင်မှု ရရှိခဲ့သူ ဖြစ်သည်။ ထိုအချိန်က လက်ဘက်ရည်ဆိုင်များတွင် ကော်ဖီခါးခါးမှာလျင်ပင် ချစ်ကောင်းတစ်ခွက်ဟု မှာကြသည်အထိ အောင်မြင်မှု ရရှိခဲ့သည်။

ချစ်ကောင်း
အမည်ရင်းခင်မောင်ညွန့်
မွေးဖွားမန္တလေးမြို့
အလုပ်အကိုင်တေးသံရှင်

ချစ်ကောင်း(ခေါ်) ခင်မောင်ညွန့်သည် မန္တလေးမြို့၌ မွေးဖွားခဲ့သည်။ ငယ်စဉ်ကပင် ဖခင်သေဆုံးခဲ့သည်။ ထို့နောက် ရန်ကုန်သို့ မိသားစုနှင့် အတူပြောင်းရွှေ့လာခဲ့သည်။ လမ်း(၅၀)တွင် နေထိုင်ပြီး အ.ထ.က(၂)ဗိုလ်တထောင် တွင် ပညာသင်ကြားခဲ့သည်။ ဆယ်တန်းတွင် နွေရာသီ ဘင်ခရာသင်တန်းကို အ.ထ.က(၄)ဗိုလ်တထောင်ကျောင်း၌ တက်ရောက်ပြီး ကျောင်းဆင်းပွဲ၌ သီချင်းဆိုခဲ့ရာမှ ဂီတနယ်ပယ်ထဲသို့ ရောက်ရှိခဲ့သည်။

ပထမဆုံး သီချင်းစီးရီး ထုတ်ရန် ကြိုးစားခဲ့သော်လည်း လူလိမ်ခံရ၍ မအောင်မြင်ခဲ့ပေ။ ၁၉၈၆-ခုနှစ် နှစ်စတွင် သီချင်းရေး ဝင်းမင်းထွေး၏ တေးသွားများဖြင့် ကော်ဖီခါးခါး အခွေ စတင်ထွက်ရှိပြီး အောင်မြင်မှုကို ရရှိခဲ့ပေသည်။ ကော်ဖီခါးခါးအခွေသည် ကော်ပီသီချင်းများ ဖြစ်သည်။ ကိုယ်ပိုင်သံစဉ် သီချင်းများကိုလည်း သီဆိုအောင်မြင်ခဲ့သည်။ ကျော်ဟိန်းသီဆိုသော `တစ်ယောက်ထည်းလား´အခွေကို ပြန်ဆိုသောအခါတွင်လည်း အောင်မြင်ခဲ့သည်။ Hip-Hop အဆိုတော်စိုင်းစိုင်းခမ်းလှိုင်နှင့် တွဲဖက်သီဆိုမှုတွင်လည်း လူငယ်များကြားတွင် ဦးချစ်ကောင်း အမည်ဖြင့် အောင်မြင်မှုရရှိခဲ့သည်။ ကော်ပီသီချင်းများ၊ ကိုယ်ပိုင်သံစဉ်များ၊ ပြန်ဆိုသီချင်းများ၊ ဟစ်ဟော့သီချင်များနှင့် တွဲဖက်သီဆိုနိုင်သော ပါရမီရှင် အဆိုကျော်တစ်ဦး ဖြစ်ပေသည်။ ချစ်ကောင်း၏ သီဆိုမှုစတိုင်သည် တခြားအဆိုတော်များ၏ စတိုင်ကို အတုမခိုးဘဲ ကိုယ်ပိုင်စတိုင်နှင့် သီဆိုခဲ့သည့်အတွက် ထူးခြားမှု ရှိပေသည်။

ယခုအခါ သူ၏မျိုးဆက်ဖြစ်သော သမီးလေးကလည်း `အိမ့်ချစ်´ဟူသောအမည်ဖြင့် အဆိုတော်တစ်ယောက် ဖြစ်လာပေသည်။

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.