ဂရက်ဖိုက်

စိန်နှင့်ဂရက်ဖိုက်(ခဲနက်)တို့သည် ကာဗွန်စစ်စစ်ဖြစ်၏။ အခြားဓာတ်ပစ္စည်းများနှင့် ရောနှောပေါင်းစပ်ခြင်း မရှိသော ဒြပ်စင်သက်သက် ဖြစ်၏။

ဂရပ်ဖိုက်တုံး

စိန်နှင့် ဂရက်ဖိုက်တို့သည် ကာဗွန်အခဲများ ဖြစ်ကြသော်လည်းစိန်သည် သိရှိရသရွေ့ ပစ္စည်းအားလုံးအနက် အမာဆုံးဖြစ်ရုံမက ကြည်လင်တောက်ပသည့်အတွက် လူအများက တန်ဖိုးထားကြ သည်။ ဂရက်ဖိုက်မှာမူ ပျော့၍ နက်သောအရောင်သာရှိသည်။ ဂရက်ဖိုက်ကို စစ်ဆေးကြည့်သောအခါ ပါးလွှာသော အချပ် ကလေးများဖြင့် ဖွဲ့စည်းထားကြောင်းကို တွေ့ရသည်။ ဂရက်ဖိုက်ကို ကမ္ဘာအနှံ့အပြား၌ တွေ့ရသော်လည်း သီဟိုဠ်ကျွန်းတွင် အများဆုံး တူးဖော်ရရှိသည်။ အမေရိကန်ပြည်ထောင်စုအီတလီနိုင်ငံဆိုက်ဘေးရီးယားမက္ကဆီကိုနိုင်ငံနှင့် အိန္ဒိယနိုင်ငံရှိ အချို့ သော နယ်များမှလည်း အထိုက်အလျောက် တူးဖော်ရရှိသည်။ ဂရက်ဖိုက်ကို ဤကဲ့သို့ သဘာဝအလျောက် တူးဖော်ရရှိသည့် အပြင် ဓာတုဗေဒနည်းအားဖြင့်လည်း ဖော်စပ်ယူနိုင်ပေသည်။

ဂရက်ဖိုက်သည် စိန်လောက် အဖိုးမတန်လှသော်လည်း စိန်ထက်များစွာ အသုံးဝင်သည်။ ဂရက်ဖိုက် တစ်တုံးကိုယူ၍ စက္ကူပေါ်တွင် ခြစ်ကြည့်လျှင် အမဲကြောင်းများ ထင်ကျန်ရစ် သည်ကို တွေ့ရပေမည်။ ထို့ကြောင့် ဂရက်ဖိုက်ကို အလွန်မှုန့် သော မြေစေးမှုန့်များနှင့် ရောပြီးလျှင် ခဲတံပြုလုပ်ရာ၌ ခဲဆန် အဖြစ်ဖြင့် အသုံးပြုကြသည်။

အမှန်စင်စစ် ဂရက်ဖိုက်ဟူသောစကားသည် ရေးရန်ဟု အဓိပ္ပာယ်ရသော ဂရိဘာသာစကားမှ ဆင်းသက်လာသည်။အချို့ သော ခဲတစ်မျိုးတွင် ဂရက်ဖိုက်ပိုမို ပါဝင်သောကြောင့် ရေးရာ တွင် ပျော့၍ အရောင်မှာလည်း ပို၍မဲသည်။ ဈေးပေါသော ခဲတံများတွင်မူ ဂရက်ဖိုက်နည်း၍ မြေစေးအပါများသောကြောင့် ရေးရာတွင် မချောမွတ်ဘဲ ခြစ်ကြောင်းလည်း ထင်တတ်သည်။ ဂရက်ဖိုက်ကို ကိုင်တွယ်ကြည့်လျှင် စေးကပ်ကပ်နှင့် ချောနေ သည်ကို တွေ့ရမည်။ ထိုသတ္တိကြောင့် ဂရက်ဖိုက်ကို ချောဆီ အဖြစ်ဖြင့်လည်း အသုံးများကြသည်။ ပုံစံအားဖြင့် မော်တော်ကား ဘော ဘယ်ရင်များနှင့် အခြားအပူအားကြီးသော စက်၏ အစိတ်အပိုင်းများအတွက် ဂရက်ဖိုက်မှာ အလွန်ကောင်းသော ချောဆီတစ်မျိုးဖြစ်၏။ ဂရက်ဖိုက်သည် လျှပ်စစ်ဓာတ်ကို ကောင်းစွာလိုက်စေနိုင်သောကြောင့် လျှပ်စစ်ဓာတ်ဘက်ဆိုင်ရာ ပစ္စည်းကိရိယာများ ပြုလုပ်ရာတွင်လည်း အများအပြား အသုံး ပြုကြသည်။ အပူကောင်းစွာခံနိုင်သောလုံနှင့် ရီတော့ပေါင်းအိုး များ ပြုလုပ်ရာတွင် ဂရက်ဖိုက်ကို သဲမြေစေးတို့နှင့် ရော၍ လုပ်ယူကြသည်။ ထို့ပြင် ခြယ်ဆေးများ၊ အရောင်တင်ဆေးများ ပြုလုပ်ရာတွင်လည်း ဂရက်ဖိုက်ကို များစွာပင်အသုံးပြုကြသည်။ [1]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.