ဂရိပင်လယ်နတ်ဘုရားများ

ဂရိဒဏ္ဍာရီတွင် ပင်လယ်ပြင်နှင့်သက်ဆိုင်သော၊ ပင်လယ်သမုဒ္ဒရာကို အစိုးရသော ပင်လယ်နတ်ဘုရား (အင်္ဂလိပ်: Greek sea gods) များစွာရှိသည်။ ဂရိနိုင်ငံ၏ မြို့များစွာသည် မြေထဲပင်လယ်ကမ်းရိုးတန်းတလျှောက်တွင် တည်ရှိကြ၍ ပင်လယ်ပြင်သည် ဂရိလူမျိုးများအတွက် အရေးပါသကဲ့သို့ အန္တရာယ်များ၍ ကြောက်စရာလည်းကောင်းသည်။ ဂရိဒဏ္ဍာရီ၌ ရေ၊ ရေထုနှင့် ပတ်သက်သော နတ်ဘုရားများစွာရှိရာ ပင်လယ်၊ မြစ်ချောင်း၊ အင်းအိုင်၊ စိမ့်စမ်း၊ ရွှံ့နွံ့အိုင် စသည်တို့တွင် အသီးသီးသော နတ်များစွာရှိကြသည်။[1] ဤဒဏ္ဍာရီအရ ထင်ရှားကျော်ကြားသော ပင်လယ်နတ်ဘုရားအချို့ကို အောက်၌ဖော်ပြထားသည်။

ပွန်းတပ်စ်

ပွန်းတပ်စ်သည် ရှေးဦးနတ်ဘုရားတစ်ပါးဖြစ်၍ ဟီးဆီးယဒ်၏ သီယိုဂန်နီကဗျာတွင် ပါရှိသည်။[2] ယင်း၌ပြဆိုသည်မှာ ပွန်းတပ်စ်သည် သမုဒ္ဒရာရေပြင်ဖြစ်၏။ ဤသမုဒ္ဒရာပင်လယ်ရေပြင် ခေါ် ပွန်းတပ်စ်ကို ကမ္ဘာမြေနတ်ဘုရားမ (တိုက်တန်) ဂိုင်ယာက မေထုန်မှုမပြုဘဲ ဖွားမြင်ခဲ့၍ ပင်လယ်ပြင်နှင့် သက်ဆိုင်သမျှ ဘဝတို့၏ ဖခင်ဖြစ်သည်။ ထို့နောက် ဂိုင်ယာနှင့် ပေါင်းစပ်၍ နိယာရီးယပ်စ် (Nereus)၊ သောမတ်စ် (Thaumas)၊ ဖောစစ် (Phorcys)၊ ဆီးတို (Ceto )၊ ယော်ရစ်ဘီးယား (Eurybia) တို့ဖွားမြင်ခဲ့သည်။

နိယာရီးယပ်စ်

နိယာရီးယပ်စ်ကို ပင်လယ်ပြင်၏ မူလအစ အဖိုးအိုဟူ၍ သိရှိကြကာ ငါးအမြောက်အများကို ထောက်ပံ့ပေးသည့် နတ်ဘုရားတစ်ပါးဖြစ်သည်။ လိုသလို ပုံအသွင်ပြောင်းနိုင်စွမ်းရှိသော်လည်း ဟဲရာခလီးဇ်၏ ဖမ်းဆီးခြင်းခံရ၍ ဟဲရာခလီးဇ် လိုအပ်သော သတင်းအချက်လက်များကို ပြောပြခဲ့ရသည်။

ဖောစစ်

ဖော်စစ်သည် မျက်စိတဆုံးအပြောကျယ်သော ပင်လယ်ရေပြင်၏ အန္တရာယ်များနှင့် သက်ဆိုင်သော နတ်ဘုရားဖြစ်သည်။ ဆီးတို နတ်ဘုရားမနှင့် အိမ်ထောင်ပြ၍ ဂရိဒဏ္ဍာရီမှ ဇာတ်ကောင်အချို့၏ မိဘများဖြစ်ကြသည်။

အိုဆီးယန်နပ်စ်

အိုဆီးယန်နပ်စ် (Oceanus) သည် တိုက်တန်နတ်ဘုရားတစ်ပါးဖြစ်၍ ယူရာနပ်စ် (သို့) ယူရေးနပ်စ် (ကောင်းကင်) နှင့် ဂိုင်ယာ (မြေကမ္ဘာ) တို့၏ သားတစ်ပါးဖြစ်၏။ တိတိကျကျဆိုရလျှင် ၎င်းသည် ပင်လယ်နတ်ဘုရားတစ်ပါး မဟုတ်ပေ။ သို့သော် ၎င်းကို ကမ္ဘာမြေကိုပတ်၍ စီးဆင်းနေသော မြစ်ကြီး၏ နတ်ဘုရားတစ်ပါးအဖြစ် ယူဆကြသည်။ တက်သစ် (Tethys) နှင့် အိမ်ထောင်ပြု၍ မြစ်စောင့်နတ်သမီးများစွာ (နင့်ဖ်များနှင့် အခြားမြစ် နတ်သမီးများ) ၏ ဖခင်ဖြစ်သည်။

ပိုဆိုက်ဒန်

ဂရိနတ်ဘုရားအပေါင်း၌ ပင်လယ်ပြင်နှင့်ဆိုင်သော နတ်များစွာ၌ အထင်ရှားဆုံးမှာ ပိုဆိုက်ဒန် ဖြစ်၏။ အိုလံပတ်တောင်နတ်ဘုရား ၁၂ ပါးထဲတွင်လည်း ပါဝင်သော စွမ်းအားကြီးနတ်ဘုရားဖြစ်ကာ ဇုစ်နှင့် ညီအကို တော်စပ်သည်။ ဇုစ်နှင့် အပေါင်းပါတို့ အိုလံပတ်တောင်ကို သိမ်းယူပြီးနောက် ဇုစ်က ပိုဆိုက်ဒန်ကို ပင်လယ်ရေပြင်အား အပိုင်စားပေးခဲ့သည်။ ပိုဆိုက်ဒန်သည် မြင်း၊ ငလျှင်နှင့်သက်ဆိုင်သော နတ်ဘုရားဖြစ်ကာ ဟိုးမားအောဒဆီကဗျာရှည်တွင် ပါဝင်မှုရှိကာ များစွာသော ဒဏ္ဍာရီဇာတ်လမ်းများတွင်လည်း ရေးသားဖွဲ့ဆိုခြင်းခံရသူတစ်ဦးဖြစ်သည်။[3]

ကိုးကား

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.