ဂြိုဟ်တု

ဂြိုဟ်တုဆိုသည်မှာ အရာဝတ္ထုတစ်ခုဖြစ်ပြီး ကမ္ဘာ့အပေါ်ရှိ ဂြိုဟ်ပတ်လမ်းကြောင်းအတိုင်း လှည့်ပတ်နေသည်။ လူသားတို့ တီထွင်ဖန်တီးထားသော ဂြိုဟ်တုများ ရှိသကဲ့သို့ သဘာဝအလျောက် ဖြစ်ပေါ်နေသော ဂြိုဟ်တုပေါင်းများစွာလည်း ရှိသည်။ လသည် သဘာဝဂြိုဟ်တု တစ်ခုဖြစ်ပြီး ကမ္ဘာအား သူ၏ ပတ်လမ်းကြောင်းအတိုင်း လှည့်ပတ်နေသည်။ လူသားများပြုလုပ်သော ဂြိုဟ်တုများသည်လည်း ၎င်းတို့၏ ကိုယ်ပိုင် ဂြိုဟ်ပတ်လမ်း ကြောင်းအတိုင်း လှည့်ပတ်နေကြလေသည်။ လူသားတို့ ပြုလုပ်သော ဂြိုဟ်တုအများစုသည် ဂြိုဟ်ပတ်လမ်း အနိမ့်ပိုင်းမှ လှည့်ပတ်ကြပြီး ထိုဂြိုဟ်တုများ၏ မြန်နှုန်းမှာ ကမ္ဘာလည်နေသော မြန်နှုန်းအတိုင်းပင် လှည့်ပတ်နေကြသည်။ ထို့ကြောင့် မြေပြင်မှကြည့်လျှင့် ၎င်းဂြိုဟ်တုများသည် မလှုပ်ရှားဘဲ ငြိမ်နေသကဲ့သို့ဖြစ်နေသည်။ ထိုကမ္ဘာပတ်လမ်းကြောင်းသို့ ရောက်ရှိရန်အတွက် ဂြိုဟ်တုသည် ကမ္ဘာ၏ ဝင်ရိုးစွန်းအပေါ်တွင် ရှိနေရမည်ဖြစ်ပြီး မြေပြင်မှ ကီလိုမီတာပေါင်း ၃၅,၇၈၆ ကီလိုမီတာ (မိုင်ပေါင်း ၂၂၂၃၆ အကွာ) ကွာဝေးရမည်ဖြစ်သည်။ အနိမ့်ပိုင်း ကမ္ဘာပတ်လမ်းတွင် ရှိသော ဂြိုဟ်တုများသည် ကမ္ဘာမြေပြင်မှ အနည်းဆုံး ကီလိုမီတာ တစ်ထောင်ခန့်နှင့် အထက်တွင် ရှိနေကြသည်။ ထိုဂြိုဟ်တုများသည် အလွန်မြန်ပြီး တိမ်းစောင်းနေသော ဂြိုဟ်ပတ်လမ်းများတွင် တည်ရှိနေကြသည်။ ဂြိုဟ်တုတစ်လုံးသည် ပျမ်းမျှအားဖြင့် ၁၄ ပေါင်ခန့်(၆ ဒဿမ ၅ ကီလိုဂရမ်) ရှိမှသာလျှင် ကင်မရာတစ်လုံး (သို့မဟုတ်) ကွန်ပျူတာတစ်လုံးအား သယ်ဆောင်သွားနိုင်မည်ဖြစ်သည်။ စက်ပစ္စည်းများ ပါဝင်သော လူသားတို့ ပြုလုပ်ထားသည့် ဂြိုဟ်တုများကို မိုးလေဝသ တိုင်းတာရေးအကူအညီများ၊ အာကာသအတွင်း ဓာတ်ပုံရိုက်ယူခြင်းများ၊ ရုပ်မြင်သံကြားဆိုင်ရာ အချက်ပြလှိုင်းများအား လွှဲပြောင်းပေးခြင်းများ၊ တယ်လီဖုန်းအဝင်အထွက် လမ်းကြောင်းများအား ပေးပို့ပေးခြင်း၊ လုံခြုံရေးများ၊ အာကာသအတွင်းလေ့လာခြင်းနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းပေးခြင်းများ စသည်တို့ကို လုပ်ဆောင်ကြသည်။ ပထမဦးဆုံးသော လူသားတို့ပြုလုပ်ထားသည့် ဂြိုဟ်တုအမည်မှာ စပွန်းနစ် ဖြစ်သည်။ ဂြိုဟ်တုများအား အဓိက ရည်ရွယ်ချက်ကြီး ခြောက်ခုဖြစ် ပစ်ပို့ လွှတ်တင်ထားကြသည်။ [1] ထိုရည်ရွယ်ချက်များမှာ-

  1. သိပ္ပံနည်းကျ လေ့လာမှုများ ပြုလုပ်ရန်
  2. ကမ္ဘာမြေပြင်အား စောင့်ကြည့်လေ့လာရန်
  3. မိုးလေဝသ အခြေအနေအား လေ့လာရန်
  4. ဆက်သွယ်ရေးဆိုင်ရာများ
  5. လေကြောင်း၊ ရေကြောင်းသွားလာရေးများ နှင့်
  6. စစ်ရေးဆိုင်ရာများ အတွက်ဖြစ်သည်။
ပထမဆုံးသော ဂြိုဟ်တု စပွန်းနစ်-၁
GPS ဂြိုဟ်တုမှ အချက်ပြလှိုင်းများအား လက်ဆင့်ကမ်းပေးပို့နေပုံကို 3Dဖြင့် ပြုလုပ်ထားသည့်ပုံ


မြေကမ္ဘာစောင့်ကြည့်ရေးဂြိုဟ်တု ERS 2 ၏ ပုံစံပြည့်ပုံ

ပထဦးဆုံးအဖြစ် ဆိုဗီယက်ပြည်ထောင်စုသည် Old Number Seven ဒုံးပျံဖြင့် ဘိုင်ကိုနော့ဗ် အာကာသစခန်းမှ စပွန်းနစ်-၁ အမည်ရှိ ဂြိုဟ်တုကို ၁၉၅၇ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့တွင် လွှတ်တင်ခဲ့သည်။ ၎င်းဂြိုဟ်တုသည် ဘတ်စကက်ဘော အရွယ်မျှသာ ရှိပြီးအလွန်သေးငယ်သော ဂြိုဟ်တုတစ်ခုဖြစ်သည်။ သို့သော် ၎င်းဂြိုဟ်တုသည်သာလျှင် ပထမဆုံးသော လူသားတို့ပြုလုပ်သည့် ဂြိုဟ်တုဖြစ်သည်။

ထို့နောက် အမေရိကန်ပြည်ထောင်စုမှ ၁၉၅၈ ခုနှစ် ဖေဖော်ဝါရီလ ၃၁ ရက်နေ့တွင် Explorer-1 အမည်ရှိ ဂြိုဟ်တုအား ဂျူပီတာစီအမည်ရှိ ဒုံးပျံဖြင့် ကိတ်ကာနေဗယ် အာကာသစခန်းမှ ပစ်လွှတ်ခဲ့လေသည်။

၁၉၆၁ ခုနှစ်၊ ဧပြီလ ၁၂ ရက်နေ့တွင် ဆိုဗီယက်ပြည်ထောင်စုက ပစ်လွတ်သော ဗော့စတော့-၁ အာကာသယာဉ်ဖြင့် ဆိုဗီယက် အာကာသယာဉ်မှူး ယူရီဂါဂါရင်သည် အာကာသတွင်း လူသားရောက်ရှိခြင်းနှင့် လူလိုက်ပါခြင်းတွင် ပထမဆုံးသူ ဖြစ်လာခဲ့သည်။

ပြင်သစ်နိုင်ငံမှာ တတိယမြောက် ဂြိုဟ်တုလွှတ်တင်သော နိုင်ငံတစ်ခုဖြစ်သည်။ ၁၉၆၅ ခုနှစ် နိုဝင်ဘာ ၂၆ ရက်နေ့တွင် Asterix-1 အမည်ရှိဂြိုဟ်တုအား Diamant အမည်ရှိ ဒုံးပျံဖြင့် အယ်ဂျီးရီးယားမှ ပစ်လွှတ်လေပြန်သည်။

ဂျပန်နိုင်ငံမှလည်း Ohsumi အမည်ရ ဂြိုဟ်တုကို Lambda 4S-5 ဒုံးပျံဖြင့် ကာဂိုရှီးမား အာကာသစခန်းမှ ၁၉၇၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် လွှတ်တင်သည်။

အလားတူပင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှလည်း ၁၉၇၀ ပြည့်နှစ် ဧပြီလ ၂၄ ရက်နေ့တွင် Mao-1 အမည်ရှိသော ဂြိုဟ်တုအား Long March-1 အမည်ရှိ ဒုံးပျံဖြင့် မွန်ဂိုးလီးယားအတွင်းမှ ပစ်လွှတ်လေသည်။

Milstar ဂြိုဟ်တု

ဗြိတိန်နိုင်ငံသည်လည်း ၁၉၇၁ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့တွင် Black Knight-1 ဂြိုဟ်တုအား Black Arrow ဒုံးပျံဖြင့် ဩစတြေးလျ ဒုံးပျံလွှတ်တင်ရေးစခန်းမှ လွှတ်တင်ခဲ့သည်။

ဗြိတိသျှစစ်ရေးဆိုင်ရာ စကိုင်းနက် ဂြိုဟ်တုအား ပစ်လွှတ်နေစဉ်

အီးယူ (ဥရောပ သမဂ္ဂ) သည် ၁၉၇၉ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် CAT ဂြိုဟ်တုအား Ariane အမည်ရှိ ဒုံးပျံဖြင့် ပြင်သစ် ဂီယာအာကာသ စခန်းမှ လွှတ်တင်ခဲ့သည်။ ယနေ့တွင်မူ ဥရောပအာကာသ အေဂျင်စီက ဥရောပအဖွဲ့ဝင်နိုင်ငံများအတွက် ဂြိုဟ်တုများ လွှတ်တင်ပေးလျှက် ရှိလေသည်။

အိန္ဒိယနိုင်ငံသည် ၁၉၈၀ ပြည့်နှစ် ဇူလိုင် ၁၈ ရက်နေ့တွင် Rohini-1 ဟုခေါ်သော ဂြိုဟ်တုအား Satellite Launch Vehicle ဒုံးပျံဖြင့် ဆာရီဟာရီကိုတာကျွန်းမှ လွှတ်တင်ခဲ့ပြန်သည်။

အစ္စရေးနိုင်ငံက ၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၉ ရက်နေ့၌ Horizon-1 အမည်ရှိသော ဂြိုဟ်တုကို Shavit ဒုံးပျံဖြင့် နီဗက်ဇ် သဲကန္တာရအတွင်းမှ လွှတ်တင်ခဲ့သည်ဟု ဆိုလေသည်။ အီရတ်နိုင်ငံအနေဖြင့်လည်း ၁၉၈၉ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင် Rocket-3rd Stage ဂြိုဟ်တုကို လွှတ်တင်ခဲ့ကြလေသည်။ အီရန်နိုင်ငံသည် ၂၀၀၅ ခုနှစ် မတ်လတွင် ၁၁ နိုင်ငံမြောက် ဂြိုဟ်တုလွှတ်တင်နိုင်သော နိုင်ငံဖြစ်ရန် ကြိုးစားခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် မလွှတ်တင်နိုင်ခဲ့ချေ။ သို့သော် ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့ တွင် Omid ဆိုသော ဂြိုဟ်တုကို Safir-2 ဒုံးပျံဖြင့် ဆမ်နန်အရပ်မှ လွှတ်တင်ခဲ့သည်။ ယခင်က ဆိုဗီယက်ပြည်ထောင်စုတွင် ပါဝင်သော ယူကရိန်းနှင့် ရုရှားနိုင်ငံတို့ကလည်း ၁၉၉၁-၁၉၉၂ ခုနှစ်အတွင်း သီးခြား ဂြိုဟ်တုများ လွှတ်တင်ခဲ့ကြပြန်သည်။ ယခုအခါ ထိုနိုင်ငံများသည် ကိုယ်ပိုင် ဂြိုဟ်တုများ လွှတ်တင်နေကြသကဲ့သို့ အခြားနိုင်ငံများအတွက်လည်း လွှတ်တင်ပေးနေကြလေသည်။ ယခုအချိန်တွင် အာကာသအတွင်း၌ ဂြိုဟ်တုပေါင်း ၁၀, ၀၀၀ ကျော်ရှိနေပြီဟု နာဆာမှတ်တမ်းများအရ သိရှိရလေသည်။

ကမ္ဘာ့လူသားများ အာကာသအတွင်းသို့ ဂြိုဟ်တုလွှတ်တင်နိုင်ခြင်းသည် ဆိုဗီယက်က ၁၉၅၇ ခုနှစ် အောက်တိုဘာ ၄ ရက်တွင် Sputnik-1 ဂြိုဟ်တုမှစတင်ပြီး ၂၀၀၇ ခုနှစ်တွင် နှစ်ပေါင်း ၅၀ ကျော်ပြီးဖြစ်ပါသည်။ ထို့ကြောင့် ထိုအမှတ်တရအနေဖြင့် ဥရောပအာကာသအေဂျင်စီက ဂြိုဟ်တုအလုံးပေါင်း ၅၀ လွှတ်တင်ခဲ့လေသည်။ Nanosat ဟုခေါ်သည့် ဂြိုဟ်တုငယ်များ ဖြစ်ပါသည်။ ထိုဂြိုဟ်တုငယ်များသည် ၂ ဒဿမ ၂ ပေါင်သာ အလေးချိန်ရှိသည်။ ထိုကြောင့် အလွန်သေးငယ်ပြီး လုပ်ငန်းဆောင်တာများ မလုပ်နိုင်ကြချေ။ အာကာသအတွင်းတွင် ညစဉ်သွားလာနေကြသော ဂြိုဟ်တုပေါင်းမှာ ၁ သောင်းကျော် ရှိသော်လည်း အမှန်တကယ် အသုံးချနိုင်သော ဂြိုဟ်တာမှ ရာဂဏန်းမျှသာလျှင် ရှိလေသည်။ ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံအများစုသည် ဂြိုဟ်တုများ လွှတ်တင်ကြသကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံအချို့သည်လည်း ဂြိုဟ်တုများကို လွှတ်တင်နေကြသည်။ ထိုကဲ့သို့ ဂြိုဟ်တုများ လွှတ်တင်လာနိုင်သည်နှင့်အမျှ ထိုနိုင်ငံ၏ စစ်ရေး၊ ဆက်သွယ်ရေး၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မိုးလေဝသခန့်မှန်းမှု ကဏ္ဍများ၌ ကမ္ဘာမြေမှ ဂြိုဟ်တုစခန်းများနှင့် ချိတ်ဆက်မှုများပြုလုပ်ကာ လူသားအကျိုးပြုလုပ်ငန်းများ ပြုလုပ်ပေးနိုင်မည်ဖြစ်လေသည်။

ဂြိုဟ်တုသည် အချက်ပြလှိုင်းများကို ဤစလောင်းသို့ ပေးပို့သည်။

[2]

ကိုးကား

  1. Satellite (artificial) - Simple English Wikipedia, the free encyclopedia
  2. Myanmar.com


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.