စကျင်ကျောက်

ကျွန်ုပ်တို့ ထုံးကျောက်ဟုခေါ်သော ကျောက်နှင့် စကျင် ကျောက်တို့မှာ ဓာတ်သဘောအလိုအားဖြင့် ကယ်လဆီယမ် ကာဗွန်နိတ်များ ဖြစ်ကြသည်။ ကမ္ဘာပေါ်တွင် လူတို့ စတင် မပေါ်ပေါက်မီ နှစ်ပေါင်းသန်းပေါင်းများစွာက ပင်လယ်များတွင် ဖော်ရာမိနစ်ဖာရာခေါ် အလွန်သေးငယ်သော သတ္တဝါတစ်မျိုး ရှိလေသည်။ ဖော်ရာမိနစ်ဖာရာတို့မှာ သတ္တဝါဟု ဆိုရငြား သော်လည်း ဦးခေါင်းသို့မဟုတ် ခြေထောက်ဟူ၍ မပါရှိကြ ချေ။ အလွန်သေးငယ်သော ငထီးများနှင့် ဆင်ဆင် တူ၍ အပြင်ဖက်တွင် အခွံဖြင့် ဖုံးအုပ်လျက်ရှိသည်။ ဤသတ္တဝါ တို့သည် မရေမတွက် နိုင်လောက်အောင် များပြားလှသည့် အုပ်သင်းများဖွဲ့ကာ ပင်လယ်ရေမျက်နှာပြင်နားတွင် ကပ်လျက် နေထိုင်ကြသည်။ သေဆုံးသောအခါ သတ္တဝါတို့၏ အခွံများ သည် ရေအောက်တွင် အနယ်ထိုင်သွားကြပြီး တဖြည်းဖြည်း စုပုံလျက် ရှိကြလေသည်။ ကာလကြာမြင့်သော် အထက်မှ အနည်တို့၏ ဖိအားကြောင့် ထိုအခွံတို့သည် မြေဖြူနှင့် ထုံး ကျောက် ဖြစ်သွားကြလေသည်။ ထုံးကျောက်မှတစ်ဖန် အလွန် ကြီးမားသော ဖိအားနှင့် အပူရှိန်ကြောင့် အသွင်ပြောင်းလဲ၍ စကျင်ကျောက် ဖြစ်လာကြလေသည်။

စကျင်ကျောက်
ရာသီဥတုဒဏ် ခံထားရသော ချီလီနိုင်ငံ ဂျင်နရယ်ကာရီယာ ကန်မှ စကျင်ကျောက်တုံး
တာ့ဂျ်မဟာရ် သည် စကျင်ကျောက်များဖြင့် ဆောက်လုပ်ထားသည်။
Natural patterns on the polished surface of Breccia or "landscape marble" can resemble a city skyline or even trees, and were used as inlays for furniture etc.

စကျင်ကျောက်မှာ အလွန်မာ၍ လှပသောကြောင့် ရှေး အခါကပင် ရုပ်လုံးထု ဆရာတို့သည် ကျောက်ရုပ်လုံးများ ထုလုပ်ရာ၌ ယင်းကို အသုံးပြုခဲ့ကြလေသည်။ ရှေးခေတ် ဂရိ ရုပ်လုံးထု ဆရာများ အသုံးပြုခဲ့သော ပင်တဲလစ် စကျင် ကျောက်ကို အက်တစ်ကာမြို့၌ ရှိသည့် ပင်တဲလစ်ကပ်တောင်မှ ရရှိခဲ့ကြ သည်။ ပယ်ရိကန်စကျင်ကျောက်မှာ ပါးရော့ကျွန်းမှ ရရှိသော စကျင်ကျောက်ဖြစ်သည်။ ထိုစကျင်ကျောက်ကို ဂရိ လူမျိုးတို့သည် ကျောက်ရုပ်များနှင့် အဆောက်အအုံများ ဆောက်လုပ်ရန် အမြတ်တနိုး အသုံးပြုခဲ့ကြသည်။ ဗီးနပ်ဒါမဲဒီချီ ကျောက်ရုပ်သည် ပယ်ရိယန် စကျင်ကျောက်ဖြင့် ထုလုပ် ထားသော ကျောက်ရုပ်ဖြစ်သည်။ ယခုခေတ် နာမည်အကျော်ဆုံး ရုပ်လုံးထုဆရာများ အသုံးပြုကြသည့် စကျင်ကျောက်မှာ ကာရာရာ စကျင်ကျောက်ဖြစ်သည်။ ဤကျောက်မျိုးဖြင့် မိုက်ကယ်အန်ဂျလိုနှင့် ကားနိုဗာအမည်ရှိ ကမ္ဘာကျော်ရုပ်လုံးထု ဆရာတို့သည် အကောင်းဆုံးလက်ရာကို ထုလုပ်ထားခဲ့ကြလေသည်။

အညစ်အကြေးကင်းစင်သော စကျင်ကျောက်သည် ဖြူဖွေး လျက် ရှိသည်။ သို့သော် တစ်ခါတစ်ရံ စကျင်ကျောက်တွင် အခြား ဓာတ်ပစ္စည်းများ ရောနှောပါရှိတတ်ရာ ထိုထိုရောနှော နေသော စကျင်ကျောက်တွင် ပစ္စည်းကိုလိုက်၍ အရောင် အမျိုး မျိုး ရှိတတ်သည်။ ဤကျောက်မျိုးတွင် အချို့၌ အရောင် တစ်ပြင်တည်း ရှိတတ်၏။ အချို့မှာမူကား အပြောက်ထနေ တတ်၏။ အဝါရောင်နှင့်အညိုရောင်ရှိသော မဟူရာ စကျင် ကျောက်သည် အလွန်ထင်ရှားသော အပြောက်ထကျောက်မျိုး ဖြစ်သည်။ ထို မဟူရာကျောက်ကို ကားသေ့နှင့် ရောမနိုင်ငံ ကောင်းစားစဉ်က အဆောက်အအုံများ ဆောက်လုပ်ရာ၌ များစွာ အသုံးပြုခဲ့ကြလေသည်။ ယခုလည်း ပြင်သစ်နိုင်ငံ၌ အမြတ်တနိုး အသုံးပြုလျက် ရှိသေးသည်။ ဤကျောက်တွင် ရှိသော အရောင်မှာ အိုင်းယန်းအောက်ဆိုက်ကြောင့် ဖြစ်သည်။ ကျောက်မီးသွေးရောနှောပါရှိသော စကျင်ကျောက်တွင် အမည်း ရောင် ရှိသည်။ ဤကျောက်မျိုးကို ညောင်ရေအိုးများနှင့် မီးဖို ပေါ်တွင် ဆွဲချိတ်ထားရန် အလှပြ အထည်များ ပြုလုပ်ရာ၌ သုံးသည်။ ကျောက်တွင်ရှိသော အမည်းရောင်မှာ ဩဂဲနစ် ပစ္စည်းကြောင့် ဖြစ်၍ မီးတိုက်ပေးသောအခါ ပျောက်ကွယ် သွားသည်။ စကျင်ကျောက်ကို အစိမ်းရောင်၊ မရန်းရောင်၊ အပြာရောင်စသော အရောင် များဖြင့်လည်း တွေ့ရတတ်၏။ စကျင်ကျောက် အမြောက်အမြား ထွက်သော နိုင်ငံများမှာ အီတလီ၊ ပြင်သစ်၊ ဂျာမနီ၊ အင်္ဂလန်နှင့် အမေရိကန် ပြည်ထောင်စုနိုင်ငံတို့ ဖြစ်ကြသည်။ အိန္ဒိယနိုင်ငံ၊ ရာဇပုတ္တန နယ်၌လည်း ထင်ရှားသော ကျောက်ကျင်းများရှိ၍ အာဂရာမြို့၌ ရှိသည့် အလွန်ကျော်ကြားသော တက်ဂျမဟာသင်္ချိုင်းတော် အဆောက်အအုံကြီးမှာ ထိုကျောက်ကျင်းမှ စကျင်ကျောက် များဖြင့် တည်ဆောက်ထားသည် ဆို၏။


မြန်မာနိုင်ငံ၌ မန္တလေးမြို့မြောက်ဘက်မိုင် ၂ဝ တွင် စကျင် တောင်ဟူ၍ ရှိသည်။ ထိုစကျင်တောင်မှ ကျောက်သည် ကျောက် ရုပ်တုများထုလုပ်ရန် ကောင်းမွန်သဖြင့် ထိုကျောက် ကို တူးယူ၍ စစ်ကိုင်း၊ မန္တလေးမြို့များသို့ ပို့ပြီးလျှင် ဘုရား ရုပ်တုတော်များ၊ သိမ်တိုင်များ၊ ကျောက်စာချပ်များ ထုလုပ်ကြ သည်။ စကျင်ကျောက်သည် နှမ်းဖတ်ကျောက်ထက် အပူကို ခံနိုင် ရည်ရှိသောကြောင့် မီးခံအဆောက်အအုံများ ဆောက်လုပ်ရန် အတွက် အထူးသင့်တော်သည်။ သို့သော် မိုးရေထိလျှင်ဖြစ်စေ၊ အက်စစ်ဓာတ်ငွေ့ပါရှိသော လေထုနှင့် တွေ့ထိလျှင်ဖြစ်စေ၊ စကျင်ကျောက်၏ မျက်နှာပြင်သည် ကြေမွသွားတတ်သည်။ [1]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.