စလေမြို့
စလေမြို့သည် မကွေးတိုင်းဒေသကြီး မကွေးခရိုင်၊ ရေနံချောင်းနယ်တွင် ပါဝင်သည်။ မကွေးမြို့၏ အထက် ဧရာဝတီမြစ် အရှေ့ဖက်ကမ်းပေါ်တွင် တည်ရှိသည်။ ချောက်မြို့၏ တောင်ဘက် (၅)မိုင်ခန့်သာ ဝေးသည်။ ညောင်ဦးမြို့မှ တောင်ဘက် ၃၄ မိုင်ကွာသည်။ ပြည်တွင်းသင်္ဘောဆိပ်မြို့ကလေး ဖြစ်သည်။ မြန်မာပြည်တွင် ပဒေသရာဇ်ခေတ် ထွန်းကားစဉ်အခါကတည်းက စလေမြို့သည် မြို့ငယ်အဖြစ် တည်ရှိခဲ့သည်။ ပုဂံခေတ် စလေမင်းခွေးကို အကြောင်းပြု၍၎င်း၊ ကုန်းဘောင်ခေတ်နှောင်းတွင် မြန်မာစာပေလောက၌ ထင်ရှားကျော်ကြားသော စလေဦးပုည၏ မွေးဖွားရာအရပ်အဖြစ်၎င်း။ အစေ့မရှိသော စလေဆီးသီးကြောင့်၎င်း လူသိများခဲ့ရသော မြို့တစ်မြို့ ဖြစ်သည်။ စလေမြို့တွင် ဦးပုည၏ ကျောင်းနှင့် ဦးပုည၏ စာကြည့်တိုက်ထားရာ အုတ်ကျောင်းများ ရှိသည်။ ဦးပုည၏ကျောင်းမှာ မီးလောင်ထားသော်လည်း စာကြည့်တိုက်အုတ်ကျောင်းမှာ ယခုတိုင် တည်ရှိသေးသည်။
စလေမြို့သည် ဗြိတိသျှအစိုးရလက်ထက်က မြို့ပိုင်ရုံးစိုက် သည့်မြို့ ဖြစ်၍ စလေမြို့နယ်သည် ပုဂံနယ်၊ မြင်းခြံခရိုင်တွင် ပါရှိခဲ့၏။ ယခုအခါမူ စလေမြို့၌ မြို့ပိုင်ရုံး မစိုက်တော့ဘဲ မြောက်ဘက် ၅ မိုင်ကွာ ချောက်မြို့၌ ရုံးစိုက်သဖြင့် စလေမြို့သည် ချောက်မြို့နယ်တွင် အပါအဝင် ဖြစ်နေ၏။ ယခင် စလေမြို့နယ်အဖြစ် တည်စဉ်က လူဦးရေမှာ ၁၉၄၁ ခု သန်းခေါင်စာရင်းအရ ၈၉၅၇၄ ယောက်ဖြစ်၏။ စလေမြို့တွင် အစိုးရဆေးရုံ၊ ရဲဌာနာ၊ ဈေး၊ စာတိုက်နှင့် ကြေးနန်း အဆောက်အအုံများ ရှိသည်။ စလေ ဓာတ်မြေဩဇာစက်ရုံလည်း တည်ရှိလေသည်။
စလေရုပ်စုံကျောင်း၊ ရှင်ပင်စာကြိုဘုရား နှင့် ရခိုင်မဟာမုနိဘုရားများ ထင်ရှားသည်။ ရှင်ပင်စာကြို ဘုရားပွဲကို သီတင်းကျွတ် လပြည့်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
စလေမြို့တဝိုက်၌ မိုးပါးရှားသဖြင့် အစားအစာ ခေါင်းပါးသည့်ဘေးနှင့် တစ်ခါတစ်ရံ တွေ့ရတတ်သည်။ ထို့ကြောင့် ထိုဒေသမှ အချို့သူများသည် ရေနံချောင်း၊ ရေနံမြေသို့၎င်း မြန်မာနိုင်ငံ အောက်ပိုင်းသို့၎င်း သွားရောက်လည်ပတ် အလုပ်လုပ်ကိုင်တတ်ကြသည်။ စလေမြို့အနီးရှိ ဒေသများမှာ မြေဩဇာညံ့ဖျင်းသော်လည်း ဧရာဝတီမြစ်ကြောင်းအားဖြင့် ကူးသန်းရောင်းဝယ်ရေး ရှိသဖြင့် စီးပွားရေးမှာ မဆိုးရွားလှချေ။ စလေမြို့ ပတ်ဝန်းကျင်တွင် ပြောင်းနှင့် ပဲကို အဓိက စိုက်ပျိုးကြသည်။ စလေမြို့၏ အဓိက လုပ်ငန်းများမှာ ယွန်းထည်၊ တိုက်သွင်းထည်များနှင့် ခေါင်းအုံး၊ မွေ့ရာများကို အစာသွတ်ခြင်း ဖြစ်၏။ [1]
ဒေသထွက်ကုန်အဖြစ် အစေ့မပါသော စလေဆီးသီးမှာ နာမည်ကြီးသည်။
ကိုးကား
- မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)