စာအုပ်

ပုံနှိပ်ပြီး စာအုပ်တစ်အုပ်၏ အံ့ဩဖွယ် ရှေးအခါက ပပိုင်းရပ် ကျူရွက်များ၊ သားရေပြားပေါ်တွင် စာရေးသားကာ၊ စာအုပ်ပြုလုပ်သည်မှစကာ ပုံနှိပ်စာအုပ် ဖြစ်ပေါ်ထုတ်ဝေသည်အထိ စာအုပ်သမိုင်းသည် စိတ်ဝင်စားဖွယ် ဖြစ်သည်။ ယခုခေတ်တွင် စာအုပ်အမျိုးမျိုး ပေါ်ပေါက်လျက်ရှိ၏။ ထိုကဲ့သို့ ပေါ်ပေါက်လာနိုင်ခြင်းမှာ စာအုပ်ဖက်ဆိုင်ရာ လုပ်ငန်းများကို တစ်ဆင့်ထက်တစ်ဆင့် ကောင်းမွန်သည်ထက် ကောင်းမွန်လာအောင် ပြုပြင်ပေးနိုင်သောကြောင့်ပင် ဖြစ်သည်။ ပုံနှိပ်စက်မပေါ်မီက စာအုပ်များ ရှိခဲ့သော်လည်း စာအုပ်အမြောက်အမြား ထုတ်ဝေနိုင်ခြင်းမှာ စာပုံနှိပ်စက်ပေါ်တွင် တည်သည်။ စာပုံနှိပ်စက်များကို ကောင်းမွန်လာအောင် ပြုပြင်ပေးနိုင်သောကြောင့် စာအုပ်ကောင်း မြောက်မြားစွာ ဖြစ်ပေါ်လာနိုင်သည်။ ရှေးပဝေဏီကဆိုလျှင် စာအုပ်များ မပေါ်သေးချေ။ ရှေးခေတ်လူများသည် ရွှံ့စေးပြား၊ သစ်ခေါက်၊ သားရေ၊ ပျဉ်ပြား စသော မပျက်စီးလွယ်သည့် ပစ္စည်းများပေါ်၌ စာအုပ်များကို ရေးသားကြသည်။ ကျောက်ပြားများပေါ်တွင် စာလုံးများကို ထွင်းကြသည်။ ဆင်စွယ်ပြား၊ ကြေးညိုပြား၊ ခဲပြားများပေါ်တွင် ပြည်သူ အများနှင့်ဆိုင်သော မှတ်တမ်းများကို ရေးခဲ့ကြသည်။ယင်းတို့ကို နံဘေးတဖက်၌ တွဲထားလေ့ရှိရာ စာအုပ်ခပ်ဆင်ဆင် ဖြစ်လာ၏။

အနားထောင့်တွင် ဘောင်ကွပ်ထားသော ၁၅ ရာစုက စာအုပ်။
၁၃၅ အေဒီက ဆဲလ်ဆပ်စ် စာကြည့်တိုက်သည် စာလိပ်ပေါင်း သောင်းနှစ်ထောင်ကို သိမ်းဆည်းနိုင်သည်။

စာအုပ်၏အဓိပ္ပာယ်

မည်သည့်ပုံနှိပ်စာကို "စာအုပ်"ဟု ခေါ်သနည်းဟူသော မေးခွန်းကို ကမ္ဘာအရပ်ရပ်၌ အမျိုးမျိုး ဖြေဆိုထားသည်။ ဥပမာအားဖြင့် အိုက်စလန်ပြည်၌ စာမျက်နှာ ၁၇ ရှိလျှင် "စာအုပ်"ဟု သတ်မှတ်၍ အိုင်ယာလန်နှင့် မိုနာကိုနိုင်ငံများကမူ စာမျက်နှာ ၁၀၀ ထက်မနည်း ရှိမှ စာအုပ်ဟု သတ်မှတ်သည်။ သို့ဖြင့်ရာ စာအုပ်ကို အောက်ပါအတိုင်း အမျိုးမျိုး သတ်မှတ်ထားသည်ကို တွေ့ရ၏။

အိုက်စလန် ၁၇ မျက်နှာ

အိုင်ယာလန်နှင့် မော်နာကို ၁၀၀ ကျော်

ဒိန်းမတ် ၆၀ ကျော်

အမေရိကန်နှင့် ဟန်ဂေရီ ၆၄ မျက်နှာကျော်

ချက်ကိုစလိုဗားကီးယား ၃၂ မျက်နှာကျော်

ဗြိတိန် (အထူအပါးမပြ၊ ခြောက်ပဲနိ တန်ဖိုး ရှိရမည်။)

စာအုပ်ဟူ၍ သတ်မှတ်ရာ၌ ယင်းသို့ အမျိုးမျိုးကွဲပြားနေသဖြင့် ၁၉၅၀ ပြည့်နှစ်တွင် ကမ္ဘာ့ကုလသမဂ္ဂ ပညာသိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို)က "စာအုပ်ဆိုသည်မှာ အတွင်းစာမျက်နှာ ၄၉ မျက်နှာထက်မနည်း ရှိ၍ အချိန်မှန် ထွက်ရန် မလိုသည့် ပုံနှိပ်ထုတ်ဝေသော စာပေ ဖြစ်ရမည်"ဟု သတ်မှတ်ပေးခဲ့သည်။[1]

ပပိုင်းရပ် စာလိပ်များ

ထိုနောက် ပပိုင်းရပ်ဟုခေါ်သော ကျူပင်တစ်မျိုးမှရသည့် အရွက်များပေါ်တွင် စာများကိုရေးသား၍ စာအုပ်သဘော ဖြစ်ပေါ်လာသည်။ ပပိုင်းရပ်အရွက်များကို ယခုခေတ် စာအုပ်ချုပ် သကဲ့သို့ မချုပ်ဘဲ ကော်ဖြင့်သာ တစ်ခုနှင့်တစ်ခု ပပိုင်းရပ်ရွက်များကို ယှဉ်၍ ကော်ကပ်လိုက်ရာ အလိပ်ရှည်ကြီး ဖြစ်လာသည်။ ပပိုင်းရပ်ရွက်၏ အလျားကိုလိုက်၍ အလိပ်များမှာ ပြက် ၅ လက်မမှ ၁၂ လက်မအထိ ရှိသည်။ ပပိုင်းရပ်ရွက်များ၏ အရေအတွက်လိုက်၍ အလိပ်များမှ ၁၅ ပေမှ ပေ ၄ဝ အထိ ရှိသည်။ ပပိုင်းရပ်ရွက်များပေါ်တွင် တစ်ဖက်သာ စာရေးလေ့ ရှိ၏။ ပပိုင်းရပ်ရွက်များကို ဆေးခြယ်(သို့) ရွှေချထားသော တုတ်တံတစ်ချောင်း ပတ်၍ထား၏။ ထိုတုတ်တံ၏ အစွန်းနှစ်ဖက်၌ ဖုများ တပ်ထားသည်။ စာဖတ်လိုသော အခါ စာဖတ်သူသည် ညာဖက်လက်ဖြင့် ပပိုင်းရပ်အလိပ်ကိုကိုင်၍ ဖြန့်ကာဖြန့်ကာ တစ်ရွက်ပြီးတစ်ရွက် ဖတ်ပြီးလျှင် ဗယ်ဖက် လက်ဖြင့် အခြားတုတ်တံတစ်ခုပေါ်တွင် ပြန်လိပ်သွားသည်။ တစ်လိပ်လုံးကို ဖတ်ပြီးလျှင် ပြန်၍ ပထမတုတ်တံပေါ်တွင် လိပ်ထားရသည်။ ပပိုင်းရပ် စာလိပ်များမှာ ရှေးအီဂျစ်ခေတ်မှစ၍ ပေါ်ခဲ့သည်။

ကမ္ဘာ့အရှေ့တိုင်းများတွင် ပုရပိုက်နှင့် ပေစာများ အသုံးပြုခဲ့ရာ ပုရပိုက်မှာ စာအုပ်သဘောသက်ဝင်၍ ပေစာများကိုမူ ပေထုပ်ပြု၍ စာပလွေဖြင့် ရစ်ပတ်ကာ သိမ်းဆည်းထားလေ့ရှိ၏။

ရှေးဂရိနှင့် ရောမလူမျိုးများသည် ရှည်လျားသော စာမူများအတွက် ပပိုင်းရပ်စာလိပ်များကို အသုံးပြုသော်လည်း အတိုအထွာ မှတ်စရာအတွက်မူ ဖယောင်းအမည်းသုတ်ထားသော ပျဉ်ပြားကလေးများကို သုံးကြသည်။ စတိုင်းလပ်ခေါ် သံချောင်းချွန်ဖြင့် ဖယောင်းပေါ်တွင် စာလုံးများကို ရေးခြစ်ကြသည်။ ထိုစတိုင်းလပ်မှာ မြန်မာစာပေများကို ရေးသားသော ကညစ်နှင့် သဘောချင်းတူသည်။ အထက်ဖော်ပြရာပါ ပျဉ်ကလေးများကို အလျားတစ်ဖက်၌ အပေါက်များဖောက်၍ သားရေကြိုး၊ သံကွင်း စသည်ဖြင့် တွဲထားတတ်ရာ စာအုပ် သဘော ဖြစ်ပေါ်လာပြန်သည်။

ရှေးခေတ်က စာအုပ် (ဝါ) စာလိပ်များအတွက် ပပိုင်းရပ်ကို အသုံးများသော်လည်း အရေးကြီးသော စာမူများကို 'ဗယ်လမ်' ခေါ် နွားကလေးသားရေပေါ်၌ ဖြစ်စေ 'ပတ်ချမင့်'ခေါ် သိုး သို့မဟုတ် ဆိတ်သားရေဖြစ်စေ ကူးယူ၍ စာအုပ် ပြုလုပ်ထားလေ့ရှိ၏။ သိုးနှင့်ဆိတ်သားရေးတို့မှာ နွားကလေးသားရေလောက် ချောမွှတ် နူးညံ့ခြင်း မရှိပေ။

စာရေးသားရန် သားရေးမှာ နယ်ပြီးသားဖြစ်သော သားရေ မဟုတ်ချေ ရေနှင့်ဆေး၍ အမွေးများကျွတ်အောင် ထုံးနှင့် ပွတ်တိုက်၍သာ ထားသော သားရေဖြစ်သည်။ အမွေးကျွတ်သွားသောအခါ သစ်သားဘောင်တွင် ကြက်၍ သားရေကို ခြစ်သည်။ မြေဖြူမှုန့်များနှင့် လိမ်းကျံသည်။ ပြောင်လာအောင် ကျောက်ပွနှင့် ပွတ်တိုက်ပေးရသည်။ ထိုအခါမှ စာရေးသား၍ရသော 'ဗယ် လမ်'နှင့် 'ပတ်ချမင့်'ခေါ် သားရေဖြစ်လာသည်။ နွားကလေး သားရေသည် စာအုပ်ပြုလုပ်သည့် ပစ္စည်းများထဲတွင် ကြာရှည် အခံဆုံး၊ အလှပဆုံးပစ္စည်းဖြစ်လေသည်။ သို့ရာတွင် ဈေးကြီး သဖြင့် အခါတိုင်း စာအုပ်ပြုလုပ်ရာတွင် မသုံးနိုင်ပေ။ ပုံနှိပ် ရာ၌လည်း အလွယ်တကူ ကိုင်တွယ်၍ မရပေ။

နွားကလေးသားရေနှင့် သိုး၊ ဆိတ်တို့၏ သားရေများကို စာရေးရန်၊ စာအုပ်ပြုလုပ်ရန်အတွက် ခရစ်မပေါ်မီ နှစ်ပေါင်း ၅ဝဝ ခန့်မှစ၍ အသုံးပြုခဲ့သည်။ ခရစ်တော်ပေါ်သည့် အချိန်လောက်မှစ၍ နွားကလေးသားရေ၊ သိုးဆိတ် သားရေများကို ပပိုင်းရပ် အရွက်များအစား တဖြည်းဖြည်း ပိုမိုသုံးလာကြသည်။ ခရစ်တော်ပေါ်ပြီး အနှစ် ၄၅ဝ ခန့်ကြာသောအခါ စာအုပ်များအတွက် သားရေများကိုသာ သုံးလေ့ရှိတော့၏။ သားရေချပ်များကို အရွယ်ညီအောင်ဖြတ်၍ သားရေကြိုးများဖြင့် စုစည်း ချုပ်လုပ်လိုက်သောအခါ စာအုပ်ဖြစ်လာ၏။

ရောမအင်ပိုင်ယာကြီး ပျက်စီးသွားပြီးသည့်နောက် နှစ်ပေါင်း တစ်ထောင်အတွင်းတွင် စာအုပ်များကို လက်ဖြင့်သာရေးသာ ချုပ်လုပ်ခဲ့ကြရသည်။ စာရေးသားရာ၌ ကျူရိုးနှင့် ငှက်တောင်များကို ကလောင်အဖြစ်ဖြင့် အသုံးပြုကြသည်။

ပပိုင်းရပ်ပေါ်တွင် အများအားဖြင့် မီးခွက်မှိုင်းမှသော မင်ဖြင့် ရေးခဲ့၏။ သားရေများပေါ်၌လည်း ထိုမင်ဖြင့် ဆက်လက် ရေးသားကြ၏။ ထိုနောက် မင်အသစ်တစ်မျိုး ပေါ်လာ၏။ သံမှုန့်များနှင့် ဝက်သစ်ချခေါက်ဖြစ်စေ၊ ပဉ္စကာနီသီး ဖြစ်စေ၊ ရောစပ်၍ ရှရကာရည်ဖြင့် ကျိုလိုက်ရာ မင်ဖြစ်လာသည်။ မင်တွင် ထနောင်းစေးကို ထည့်ထားသဖြင့် သားရေ၌ မင်မှုန့်များ စွဲကပ်နေစေ၍ ပျက်ပြယ်ခြင်း မရှိပေ။ စာမရေးသားမီ သားရေပေါ်၌ စာများကို ရေးသားရန် မျဉ်းများကို ချွန်ထက်သော ခဲချောင်းဖြင့် သားလေ့ကြသည်။

ဥရောပ အလယ်ခေတ်တွင် စာအုပ်များကို ကူးယူရေးသား ကြသည်မှာ အများအားဖြင့် ခရစ်ယန် ဘုန်းကြီးကျောင်းများ တွင် ဖြစ်သည်။ သားရေလေးချပ်ကို ထပ်ပြီးလျှင် တစ်ခေါက် ချိုး လိုက်သောအခါ အရွက်ရှစ်ရွက်ပါ စာအုပ်တစ်ပိုင်း ဖြစ်လာသည်။ စာကူးသူသည် တစ်ရွက်စီခွဲ၍ ရေးသည်။ စာမျက်နှာ နှစ်ဖက်စလုံးတွင် ရေးသည်။ ခေါင်းစဉ်များကို မင်နီနှင့်ရေး၍ အစစာလုံးများကို လှပစွာ ရေးထည့်သည်။ တစ်ပိုင်းပြီးတစ်ပိုင်း ရေးသားပြီးသောအခါ ပြန်လည် ဖတ်ရှု၍ အမှားများကို ပြင်ပြီး လျှင် စာအုပ်ချုပ်သူထံသို့ စာအုပ်ချုပ်ရန် စာအုပ်အပိုင်းများကို ပေးပို့ကြရသည်။ စာအုပ်ချုပ်သူသည် သားရေချပ်ခေါက်များကို ခေါက်ရိုးနားတွင်ဖေါက်၍ ကြိုးများ ဖြင့် သိပြီးလျှင် သစ်သား ပြားများကို စာအုပ်အဖုံးပြုလုပ်ရန် အပေါက်ဖေါက်ကာ တစ်ပါ တည်း ချုပ်လိုက်၏။ ထိုနောက် သစ်သားပြားများနှင့် စာအုပ်ကျောကို သားရေပြားကြီး တစ်ချပ်ဖြင့် ကော်ကပ်ရန် ဖုံးလိုက်၏။ ထိုသားရေဖုံးကို လှပအောင် သံပူထိုး၍ ခြယ်လယ်လေ့ရှိကြ၏။ ဘာသာရေး ကျမ်းစာအုပ်များကို အထူးသဖြင့် လှပအောင် ခြယ်ထားလေ့ ရှိ ကြသည်။ စာမျက်နှာတိုင်းလိုလိုပင် လှပစွာ ရောင်စုံဖြစ်စေ ရွှေမှုန့်ချ၍ဖြစ်စေ ရေးဆွဲထားသောပုံများ ပါ လေ့ရှိသည်။

အလယ်ခေတ်တွင် ဘာသာရေး ကျမ်းစာအုပ်များကိုသာ အများအပြား ရေးခဲ့သည်။ သို့သော် တရားဥပဒေ၊ ဆေးပညာ၊ သဘာဝသမိုင်း၊ ဗေဒင် စသည့် စာအုပ်စာတမ်းများကိုလည်း ရေးသားခဲ့ကြသေး၏။ အသုံးပြုသော ဘာသာမှာ လက်တင် ဘာသာ ဖြစ်သည်။

လက်ရေးနှင့် ရေးသားသော စာအုပ်များတွင် ခရစ်တော် မပေါ်ထွန်းမီခေတ်က လက်တင် လက‡ာရေးဆရာ ဗာဂျီရေး သားခဲ့သော ကဗျာလက‡ာများကို ခရစ် ၃ ရာစုနှစ်အတွင်းတွင် တစ်စုံတစ်ယောက်က ကူးယူ၍ လက်ရေးစာအုပ်များ ပြုလုပ်ခဲ့ ရာ ယခုထက်တိုင် မပျောက်မပျက်သေးသော စာအုပ်များအနက် ရှေးအကျဆုံး စာအုပ်များ ဖြစ်နေသည်။ ယင်းကို ဗက်တီကင် စာကြည့်တိုက်၌ တွေ့နိုင်ပေသည်။

ခရစ် ၁၂ဝဝ ပြည့်နှစ် ကျော်လွန်သောအခါတွင် စာပေ လိုက်စားခြင်း၊ ကျမ်းပြုခြင်း ပညာသင်ကြားခြင်း စသည့် ကိစ္စ များမှာ ဘုန်းကြီးကျောင်းများမှာထက် တက္ကသိုလ်များတွင် ပိုမို ထွန်းကားလာလေသည်။ ခရစ်ယန်ဘုန်းကြီးများ ရေးသားကူးယူ ချုပ်လုပ်သော စာအုပ်များအပြင် တက္ကသိုလ် အမှုထမ်းလူပုဂ္ဂိုလ် စာကူးဆရာများ ရေးကူးချုပ်လုပ်သော လက်ရေးစာအုပ်များ ပေါ်ထွက်လာလေသည်။ တက္ကသိုလ်များနှင့် တွဲဖက်၍ စာအုပ် ဌာနများ ပေါ်လာလေသည်။ ကျောင်းသားများသည် စာအုပ်ဌာန များမှ စာအုပ်များကို ငှားဖတ်ရသည်။ စာအုပ်များကို ကိုယ်ပိုင် ပစ္စည်းအဖြစ်ဖြင့် အခြားသို့ ယူသွားခွင့် မရှိချေ။ တဖြည်းဖြည်း နှင့် စာအုပ်များကို အပိုင်ရောင်းချသော အလေ့အထ ပေါ်လာ လေရာ စာအုပ်ဌာနမှ စာအုပ်ဆိုင်အဖြစ်သို့ ရောက်သွားလေ သည်။

ထိုနောက်၌မူ စာရေးစက္ကူ ပေါ်ပေါက်လာသည်နှင့် စာအုပ် များ ကျဆင်းသွားသည်။ ၁၁ ရာစုနှစ်မှစ၍ ဥရောပတိုက်တွင် စက္ကူကို အများအပြား အသုံးပြုလာကြသည်။

စက္ကူပေါ်လာသော်လည်း စာအုပ်များ မြောက်မြားစွာ မဖြစ်ပေါ်နိုင်သေးချေ။ အဘယ်ကြောင့်ဆိုသော် စာပုံနှိပ်စက် များ မပေါ်ပေါက်သေးခြင်းကြောင့် ဖြစ်သည်။ စာပုံနှိပ်စက်များ မပေါ်ပေါက်မီ သစ်သားဗလောက်များနှင့် ဘာသာရေးဆိုင်ရာ ကျမ်းစာအုပ်ငယ်များနှင့် ရိုက်နှိပ်ကြသည်။ ဗလောက်များဖြင့် ဖြစ်ပေါ်လာသော စာအုပ်များကို ဗလောက်စာအုပ်များဟု ခေါ် ကြသည်။ ထိုစာအုပ်များတွင် စာတစ်မျက်နှာအတွက် သစ်သား ဗလောက်တစ်ခုထွင်း၍ ရိုက်ရသည်။ ဗလောက်နှင့် ရိုက်ပြီး နောက်လက်ဖြင့် ဆေးရောင်စုံ ရေးခြယ်သွင်းလေ့ရှိ၏။

ထိုနောက် ပုံနှိပ်စက် ပေါ်လာလေသည်။ ပုံနှိပ်စက်ပေါ်တွင် စာလုံးတစ်လုံးစီအတွက် ခဲတစ်ခုစီဖြစ်၍ ရိုက်နိုင်လာလေသည်။ ပုံနှိပ်စက်ဖြင့်ရိုက်သော စာအုပ်များမှာ ရောင်စုံမဖြစ်နိုင် တော့ချေ။

၁၅၅ဝ ပြည့်နှစ်လောက် ရောက်သောအခါ ယခုခေတ် စာအုပ်များ၏ ပုံသဏ္ဌာန်အတိုင်း စာအုပ်များ ပေါ်ပေါက် လာပေပြီ။ စာအုပ်၏ အစမျက်နှာတွင် စာအုပ်၏အမည်၊ စာရေးသူ၏ အမည်နှင့် စာအုပ်ထုတ်ဝေသူ၏အမည်၊ သူ၏ လုပ်ငန်းတည်ရာမြို့၊ စာအုပ်ထုတ်ဝေသည့်နှစ် စသည်များကို ဖော်ပြပါရှိလေ့ရှိသည်။ ကျောဖက်တွင် မူပိုင်ကျေညာချက်နှင့် ပုံနှိပ်သူ၏ အမည်ပါရှိ၏။ ယင်း၏ နောက်မျက်နှာများတွင် လေးစားဂုဏ်ယူပြုခြင်း အနေဖြင့် ပုဂ္ဂိုလ်တစ်ဦးသီးအား မှတ် တမ်းတင် ရည်စူးချက်၊ ပဏာမ၊ နိဒါန်း စသည်တို့ ပါရှိသည်။ ဗဟုသုတပေးသည့် စာအုပ်မျိုးတွင် စာသားနောက်၌ကြောင်း ခြင်းရာ အညွှန်း ပါလေ့ရှိ၏။

စက္ကူကို လက်ဖြင့်ပြုလုပ်သည့် ခေတ်က စာအုပ်အတွက် အသုံးပြုသည့် စက္ကူများမှာ အရွယ်တစ်စားတည်းဖြစ်၍ စက္ကူ တစ်ခေါက်ချိုး၊ နှစ်ခေါက်ချိုး စသည်ကိုလိုက်၍ စာအုပ်များ၏ အရွယ်ကို ခေါ်ဝေါ်သတ်မှတ်ခဲ့ကြ၏။ သို့ရာတွင် စက္ကူများကို စက်ဖြင့်ပြုလုပ်သောအခါ စက္ကူ အရွယ်အစားစား ရှိသလာဖြင့် စာအုပ်များ၏ အရွယ်အစားစားကိုလည်း စက္ကူ အရွယ်လိုက်၍ ခေါ်ဝေါ် သတ်မှတ်ကြ၏။ သို့သော် ယခုခေတ်တွင် စာအုပ် အရွယ်များကို အမည်အားဖြင့် မဖော်ပြကြဘဲ အလျား၊ အနံ၊ လက်မအားဖြင့်သာ ဖော်ပြကြသည်မှာ များလေသည်။

စာအုပ်ပြုလုပ်ရာတွင် ပါဝင်သောအချက်များ စာအုပ်တစ်အုပ်ကို စတင် မရိုက်နှိပ်မီ အသုံးပြုမည့် စက္ကူ အမျိုးအစား၊ အရွယ်အစား၊ စာအုပ်အထူ၊ စာအုပ်အဖုံး အမျိုး အစားနှင့် သုံးမည့်ခဲစာလုံးတို့၏ အနေအထားတို့ကို လျာထား သော 'ဒမ်မီ'ခေါ် ပုံစံစာအုပ်ကို ကြိုတင် စီစဉ်လေ့ရှိကြ၏။ စာစီရာ၌ မြန်မာနိုင်ငံရှိ ပုံနှိပ်တိုက်များတွင် ခဲစာလုံးများကို လက်ဖြင့်စီသည်မှာ များပြားသည်။ အနောက်နိုင်ငံများတွင်မူ မိုနိုတိုက်၊ သို့မဟုတ် လိုင်နိုတိုက် စာစီစက်များဖြင့် စီလေ့ ရှိ၏။ မြန်မာနိုင်ငံတွင်လည်း ဘာသာပြန် စာပေအသင်းပိုင် ပုံနှိပ်တိုက်၊ နိုင်ငံတော် ဗုဒ္ဓသာသနာအဖွဲ့ပိုင် ပုံနှိပ်တိုက်နှင့် အခြားသတင်းစာ၊ မဂ္ဂဇင်းတိုက် အနည်းငယ်တို့တွင် မြန်မာလို စီသော မိုနိုတိုက်၊ စာစီစက်များကို ယခုအခါ အသုံးပြုနေကြ ပြီ။

စာစီပြီးလျှင် စာမျက်နှာများကို အကြမ်းရိုက်ထားသော ပရုခေါ် ပုံနှိပ်စာကြမ်းကို ဖတ်ရှုပြင်ဆင်ပြီးသောအခါ မြန်မာ နိုင်ငံတွင် ပုံနှိပ်စက်များဖြင့် အချောတစ်ခါတည်း ရိုက်ကြ၏။ အနောက်နိုင်ငံများတွင်မူ စာအုပ်တစ်အုပ်လျှင် အုပ်ရေ သိန်း သောင်းချီ၍ ပုံနှိပ်ရသည်ဖြစ်ရကား အမှားများ ပြင်ဆင်ပြီးသော အခါ စာမျက်နှာမျာိုး ကြေးနီပြားပေါ်တွင် အီလက်ထရိုတိုက် ခေါ် လျှပ်စစ်ပုံသွင်းနည်းဖြင့် ကူးယူ၍ ပုံနှိပ်ခြင်းပြုသည်။

ထိုသို့ တစ်ဆင့်ကူးယူရခြင်း အကြောင်းမှာ ရိုးရိုး ခဲစာလုံးများနှင့် စီဖွဲ့ထားသော စာမျက် နှာများကို အခါပေါင်း ထောင်သောင်းမက ရိုက်နှိပ်ပါလျှင် ခဲစာလုံးများမှာ ပျော့သဖြင့် ပျက်စီးလွယ်သောကြောင့် ပုံနှိပ်ပြီး စာသားမှာ ကြည်လင်ပြတ်သွားစွာ ထင်နိုင်မည် ထင်နိုင်မည် မဟုတ်တော့ပေ။ ထိုကြောင့် ထပ်ကာထပ်ကာ ပြန်လည် စီရ ပေမည်။ လျှပ်စစ်ပုံသွင်းနည်း၊ စတီရီယို ပုံသွင်းနည်းဖြင့် ခဲ စာမျက်နှာကို တစ်ဆင့်ပုံသွင်း၍နှိပ်ပါမူ ပုံနှိပ်ချက် အခါပေါင်း ထောင်သောင်းရှိသော်လည်း မပျက်စီးနိုင်ပေ။ ခဲစာလုံးများ စီထားသော စာမျက်နှာများ အတိုင်း ဖြစ်စေ၊ လျှပ်စစ်ပုံသွင်းနည်း၊ စတီရီယိုပုံသွင်းနည်း အရ တစ်ဆင့် ပုံသွင်းထားသော အချပ်များဖြစ်စေ၊ ယင်း စာမျက်နှာများ (ဝါ) အချပ်များကို တွဲဖက်စီစဉ်၍ သံဘောင် တစ်ခုတွင် ထည့်ကာ ကျွတ်မကျ အောင် စို့များဖြင့် တင်းကြပ် ထားသည်။ ဤသို့ စာမျက်နှာများကို တစ်ပြင်တည်း တစ်သား တည်းဖြစ်အောင် သံဘောင်တွင် တင်းကြပ်စွာ ထည့်ထားသော အခါ ယင်းတစ်ခုလုံးကို 'စာ ဖေါင်'ဟု ခေါ်သည်။ စာဖေါင် တစ်ခုတွင် ခဲစာမျက်နှာ (ဝါ) စတီရီယို အချပ်ပေါင်း ၄ မျက်နှာမှ ၆၄ မျက်နှာအထိ ရွယ် အစားလိုက်၍ သွင်းနိုင် သည်။ မြန်မာဝတ္ထုများ ရိုက်လေ့ရှိသော အရွယ်အတွက် တစ်ဖေါင်လျှင် ၁၆ မျက်နှာပါသည်။ မြန်မာ တရားစာအုပ်များ အရွယ်မှာ၊ တစ်ဖေါင်လျှင် တစ်ဖေါင်လျှင် ၈ မျက်နှာပါသည်။ စာဖေါင်များ တင်၍ ရိုက်ပြီးသော စာရွက် များကြီးများကို ခေါက်လျက် ထိုစာရွက်ခေါက်များကို အစဉ် လိုက်စု၍ ချုပ်လိုက်သောအခါ စာအုပ်ကြမ်း ဖြစ်လာသည်။ နံဘေးသား များကို ဖြတ်ရန်နှင့် အဖုံးဖုံးရန်သာ လိုတော့သည်။

စာအုပ်တအုပ်ကိုဖွင့်၍ ဖတ်ရှုရာတွင် စာမျက်နှာအစီအစဉ် နှင့် စာများကို တစ်ဆက်တည်း ဖတ်ရှုနိုင်ပေသည်။ သို့ရာတွင် စာပုံနှိပ်ရာ၌ ထိုကဲ့သို့ မပြုလုပ်နိုင်ပေ။ စာမျက်နှာ အမျိုးမျိုး ကိုတွဲ၍ ပုံနှိပ်ရသည်။ စာဖေါင်များပေါ်တွင် ရိုက်လိုက်သော စာရွက်များကို ချိုးခေါက်၍ စာမျက်နှာ အစီအစဉ် ပြုလုပ်ပြီး သောအခါတွင်မှ စာအုပ်ချုပ်ရသည်။

စာအုပ်ပြုလုပ်ရာတွင် ပထမ၌ စာရွက်များကို စာပုံနှိပ်စက် တွင် ရိုက်နှိပ်ရသည်။ စာပုံနှိပ်ခြင်း၏သဘောမှာ စာရွက် လွတ် သည် ဒလိမ့်တုံးနှင့် ရစ်ပတ်၍ပါသွားပြီးလျှင် ဒလိမ့်တုံးအောက် တွင်ရှိသော စာဖောင်တွင် ဖိပေးခြင်းငြဖ့် ဖြစ်သည်။ စာဖောင် ကို ချိတ်ခွက်ခေါ် အောက်ခံသံပြားခွက်တစ်ခုပေါ်တွင် ထည့်၍ စက်ပေါ်တင်လိုက်သောအခါ စက်သည် စာဖောင်ကို အဆက် မပြတ် ရှေ့တိုးနောက်ငင် ရွေ့ပေးလေသည်။ စာဖောင်သည် နောက်ဖက်သို့ ရွေ့သွားခိုက်တွင် ဒလိမ့်တုံးသည် အပေါ်မြောက် နေသည်။ နောက်ဖက်သို့ ရွှေ့သွားသော စာဖာင်ကို မင်ဆွတ် ပေးသည့် ဒလိမ့်များက ညီညာစွာ မင်ဆွတ်ပေးပြီးလျှင် စာ ဖောင်ရှေ့သို့ ရွှေ့လာသောအခါတွင် စာရွက်ပါလာသည့် အပေါ် မှ ဒလိမ့်တုံးက စာရွက်ကို စာဖောင်ပေါ် ဖြန့်ကာ နှိပ်ပေးလေ သည်။ ထိုအခါ၌ စာဖောင်မှစာသည် စာရွက်ပေါ်တွင် ထင်လာ ၏။ စာရွက်တွင် စာများ ထင်ပေါ်လာသော်လည်း စာရွက်၌ မင်စိုနေသေးသဖြင့် မင်ခြောက်မှသာလျှင် စာရွက်၏ ကျန် တစ်ဖက်ကို ပုံနှိပ်ရပြန်သည်။

စာရွက်များကို ပုံနှိပ်ပြီးသောအခါ စက်ဖြင့် စာရွက်များကို ခေါက်၍ စာမျက်နှာများကို ဖြတ်ပေးပြီးလျှင် စာရွက်များကို စီ၍ စာအုပ်ချုပ်ယူသည်။ စာအုပ်၏ မျက်နှာစာဖက်နှင့် ကျော ဖက်တွင် ကော်သုတ်၍ စာအုပ်မျက်နှာဖုံးကို တပ်သည်။စာအုပ် ဖြစ်၍ အစွန်းများ မညီလျှင်ညီအောင် စက်ဓားဖြင့် ဖြတ်ရ သည်။ အနောက်နိုင်ငံများ၌ စက်များဖြင့် စာအုပ်ချုပ်ခြင်း၊ အဖုံးဖုံး ခြင်း ပြုလုပ်ကြ၏။ အဖိုးထိုက်တန်သည့် စာအုပ်များကိုသာ လက်ဖြင့် အထူးတလည် ချုပ်လေ့ရှိ၏။ မြန်မာနိုင်ငံ အစရှိ သော အရှေ့တစ်လွှား တိုင်းပြည်များတွင် စာအုပ်များကို လက်ချုပ် ချုပ်သည်က များလေသည်။ ယခုခေတ် လက်ဖြင့် စာအုပ်ချုပ်နည်းသည် လွန်ခဲ့သည့်နှစ်ပေါင်း ၅ဝဝ လောက်က ပေါ်ခဲ့သောနည်းပင် ဖြစ်၏။ စာအုပ်ချုပ်ရန်အတွက် ချုပ်ခွက်ရှိ ရန် အရေးကြီးသည်။ ချုပ်ခွက်သည် ခေါက်ထားသော စာရွက် များကို ဖိထားရန်စြဖ်သည်။ ထိုကဲ့သို့ဖိပြီးမှ စာအုပ်ချုပ်ခြင်းကို စတင်ပြုလုပ်ရသည်။ စာအုပ်ကို ချုပ်ပြီးသောအခါ အဝတ်ဖုံး ဖြစ်စေ၊ သားရေဖုံးဖြစ်စေ၊ အဖုံးပေါ်တွင်တင်၍ ချုပ်နိုင်သည်။

ရှေးနှစ်ပေါင်း ၅ဝဝ ခန့်က စာအုပ်ချုပ်ရာတွင် ဝက်သစ်ချသား ကို စာအုပ်ဖုံးအဖြစ်ဖြင့် ချုပ်လေ့ရှိခဲ့ကြသည်။ ယခုခေတ်တွင် စာအုပ်မျက်နှာဖုံးများ ဖြစ်စေရန် စက္ကူချပ်အထူများကို အသုံး ပြုကြသည်။ ထိုစက္ကူချပ် အထူပေါ်တွင် စက္ကူကိုသော်၎င်း၊ အဝတ်ကိုသော်၎င်း၊ သားရေကိုသော်၎င်း ကော်နှင့် ကပ်ထားနိုင် ပေသည်။ စာအုပ်ဖုံးအဖြစ် အသုံးပြုရန်အတွက် အဝတ်သည် သားရေထက် လွယ်ကူ၍ ထင်ရှားသော စာလုံးများကို အဝတ် ပေါ်၌ အလွယ်တကူနှင့် ရိုက်နှိပ်နိုင်ပေသည်။

၁၅ ရာစုနှစ် နောက်ပိုင်းလောက်တွင် စာအုပ်ဖုံးများကို ရွှေချပေးလေ့ ရှိခဲ့ကြသည်။ စာအုပ်ဖုံးများကို အမျိုးမျိုး ရွှေချ ထားသဖြင့် လှပသော စာအုပ်အမျိုးမျိုး ဖြစ်ပေါ်လာနိုင်သည်။ စာအုပ်များကို ရွှေချသောနည်း ခေတ်စားလာသော်လည်း ဂျာမနီ နိုင်ငံတွင် ၁၈ ရာစုနှစ်တိုင်အောင် စာအုပ်မျက်နှာဖုံးများကို ရိုးရိုးသာ ချုပ်လိုပ်ခဲ့ကြသည်။ အီတလီ၊ ပြင်သစ်နှင့် အင်္ဂလန် တို့တွင် ရွှေချထားသော သားရေများကို မျက်နှာဖုံးတွင်ကပ်၍ တန်ဆာဆင်ထားလေ့ရှိကြသည်။ ပြင်သစ်နိုင်ငံတွင် လှပသော စာအုပ်များ ထွက်ပေါ်ရေးအတွက် ဘုရင်မှစ၍ မှူးကြီးမတ်ကြီး တို့က စာအုပ်ချုပ်သူများအား ငွေဖြင့် ထောက်ပံ့ခဲ့ကြသည်။ ထွက်ပေါ်လာသော လှပသည့်စာအုပ်များကို ပြတိုက်များနှင့် ပိဋတိုက်များတွင် ထားလေ့ရှိကြသည်။

၁၉ ရာစုနှစ် အကုန်လောက်တွင် စာအုပ်ချုပ်နည်းများ၌ အသစ်ထွင်ချက်များ ပေါ်ပေါက်လာခဲ့သည်။ စာအုပ်မျက်နှာ ဖုံးများကို စာအုပ်နှင့် အချိုးအစားကိုက်အောင် ပြုပြင်ပေးခြင်း၊ စာအုပ် မျက်နှာဖုံးကို မြင်ရုံနှင့် စာအုပ်ကို လိုချင် ဝယ်ချင်စေ အောင် ပြုပြင်ပေးနည်းများကို ပြုလုပ်လာကြသည်။ ယခုခေတ် တွင် ထွက်ပေါ်သည့် စာအုပ်အမျိုးမျိုး၌ စာအုပ်နှင့် လိုက်လျော သော မျက်နှာဖုံးများ တပ်ဆင်ထားသည်ဖြစ်၍ စာအုပ်တိုင်း သည် လှပတင့်တယ် ဖတ်ချင့်စဖွယ် ဖြစ်ပေသည်။[2]

အခြားကြည့်ရန်စီးပွားရေး

ကိုးကား

  1. ဦးသိုက်ထွန်း (၁၉၈၀)။ သုတစာပေစာတမ်းများ။ စာပေဗိမာန်။ p. ၁၅၉။
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.