ဆပ်ကပ်ပွဲ
ဆပ်ကပ်ပွဲ
ဆပ်ကပ်ပွဲဆိုသည်မှာ ဆင်လိမ်မာ၊ ခြင်္သေ့လိမ္မာ၊ ကျားလိမ္မာ၊ ခွေးလိမ္မာ စသည်ဖြင့် ယဉ်ပါးလိမ္မာအောင် သင်ထားသော တိရစ္ဆာန်များနှင့် ကစားပြခြင်း၊ မြင်းများကို စီးပြခြင်း၊ ဓား၊ သေနတ် စသည်တို့ကို ကျွမ်းကျင်စွာ ပစ်ပြခြင်း၊ မြေစိုက်ဘား၊ ကောင်းကင်ဘားများပေါ်၌ ရှေ့ကျွမ်း၊ နောက်ကျွမ်းအမျိုးမျိုးကို ကျင်လျင်စွာ ကစားပြခြင်းတို့ဖြင့် ပရိသတ်ကို ဖြေဖျော်ပြသသည့်ပွဲ ဖြစ်သည်။ လူတို့သည် အထူးအဆန်းကို ကြည့်လိုမြင်လိုမြဲ ဖြစ်သည့်အတိုင်း ဆပ်ကပ်ပွဲဟုဆိုလျှင် ကလေးလူကြီးမရွေး မနှစ်သက်သူ ဟူ၍မရှိပေ။ ဆပ်ကပ်ပြပွဲ၌ရုံအတွင်း ဘေးပတ်လည်တွင်ပရိသတ်ထိုင်နိုင်ရန် စင်မြင့်များဆောက်လုပ်၍ အလယ်တွင်ကွက်လပ်တစ်ခု ထားလေ့ရှိသည်။
ဆပ်ကပ်ပြပွဲကို ရှေးရောမလူမျိုးများကစတင်တီထွင်ခဲ့၍ ရောမတို့၏ အကျော်ကြားဆုံး ဆပ်ကပ်ပြပွဲရုံကြီးမှာ ဆပ်ကပ်မက်ဆီးမပ် ဟု တွင်လေသည်။ ထိုရုံကြီးကို အကြိမ်ကြိမ် ထပ်မံချဲ့ထွင်ပြင်ဆင်လာခဲ့ကြရာ၊ ၄ ရာစုနှစ်အတွင်းသို့ ရောက်သောအခါ၊ ထိုရုံကြီးမှာ အရှည်တစ်မိုင်ကျော်၊ အကျယ်သုံးဖာလုံ နီးပါး၊ အမြင့်ပေ ၃၀၀ မျှရှိ၍၊ ပရိသတ် ၄၀၀၀၀၀ နီးပါး
ဆံ့အောင်ပင် ကြီးကျယ်သည်ဟု ဆိုလေသည်။ နောင်သော် နယ်လှည့်ဆပ်ကပ်ပွဲ၊ ကမ္ဘာလှည့်ဆပ်ကပ်ပွဲများ ပေါ်ပေါက်လာကြသည်။
ဆပ်ကပ်အဖွဲ့များတွင် တိရစ္ဆာန်လိမ္မာများ၊ ကျွမ်းဘားသမားများ၊ စက်ဘီးစီးသမားများ၊ ကြိုးတန်းလျှောက်သမားအပြင် တစ်ခါတစ်ရံ လူရှည်၊ လူပု၊ လူဝ၊ ဗလကြီးသူစသော အထူးအဆန်းများလည်း ပါဝင်တတ်သည်။ ဆပ်ကပ်ပွဲ၌ လူပျက် ပါစမြဲပင်ဖြစ်သည်။ ဆပ်ကပ်လူပျက်မှာ မျက်နှာကို ဆေးခြယ်၍၊ ရောင်စုံအဝတ်အစားကို ဝတ်ဆင်ကာ၊ ပရိသတ်များ မငြီးငွေ့စေရန် ရယ်အောင်ပြုလုပ်ပေးရသည်။[1]
ကိုးကား
- မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)