ဇောတိက

ဇောတိက

ဂေါတမမြတ်စွာဘုရားသခင် လက်ထက်ရာဇဂြိုဟ်ပြည်၌ ဇောတိက၊ ဇဋိလမေဏ္ဍက၊ ကာကဝလိယ၊ ပုဏ္ဏဟူ၍ သူဌေးကြီးငါးဦးထင်ရှားသည် ယင်းတို့အနက် ဇောတိကသူဌေးသည် ဘုန်းသမ္ဘာအကြီးဆုံးဖြစ်သည်။

ဇောတိကသတို့သားကို ဖွားမြင်သောနေ့၌ ရာဇဂြိုဟ်ပြည် အလုံး၌ရှိသော လက်နက်အသုံးအဆောင်တို့သည်လည်း‌ကောင်း၊ အလုံးစုံသော ယောကျာ်း မိန်းမတို့၏ ကိုယ်တွင်ဆင်အပ်သည့် တန်ဆာရတနာတို့သည်လည်းကောင်း လွန်စွာအရောင်တောက်ပကုန်သည်ဖြစ်၍၊ အမည်မှည့်သောအခါတွင် ယင်းပဝတ္တနိမိတ်ကိုအစွဲပြု၍ ဇောတိကဟု မှည့်ခေါ်လေသည်။

မိဖနှစ်ပါးတို့သည် ဇောတိကသတို့သား အရွယ်ရောက် လတ်သောအခါ နေထိုင်ရန်အတွက် အိမ်ရာကိုပြုပြင်ဆောက် လုပ်ခြင်းငှာ ကြိုးပမ်းလတ်သော်၊ ရှေးရှေးဘဝက ပြုခဲ့ဘူးသော ကောင်းမှုတို့ကြောင့် ရတနာခုနစ်ပါးအတိပြီးသော ဘုံခုနစ်ဆင့်ရှိ ပြာဿာဒ်သည်လည်းကောင်း၊ ယင်းကိုပတ်ပတ်လည်ဝန်းရံကာ၊ တံခါး လေးမျက်နှာနှင့်တကွ တစ်ဂါဝုတ်စီကျယ်လျက် ရတနာခုနှစ်ပါး အတိပြီး၍၊ နတ်ဘီလူး စောင့်ရှောက်အပ်သော တံတိုင်းခုနစ် ထပ်တို့သည်လည်းကောင်း၊ ထိုတံတိုင်းများ၏ အကြား၌လည်း လိုအင်ရှိသမျှသီးသော ပရိက္ခရာပဒေသာပင်ကြီးများနှင့် ရှေးကောင်းမှု အင်အားကိုထင်ရှားပြခြင်းငှာ ထန်းလုံးပမာဏရှိသောကြံပဒေသာ ပင်များသည်လည်းကောင်း၊ ပြာဿာဒ်လေးထောင့်၏အနီး၌လည်း တစ်ဂါ ဝုတ်၊ နှစ်ဂါဝုတ်၊ သုံးဂါဝုတ်၊ တယူဇနာစီ အသီးအသီးကြီးသော ရွှေအိုးကြီးလေးလုံးတို့သည်လည်းကောင်း မြေမှပေါက်လာလတ်လေ၏။

ဤအခြင်းအရာတို့ကို ဗိမ္ဗိသာရမင်းကြီးကြားလတ်သော်၊ ဇောတိက သတို့သားအား အဆက်ဆက်သော သူဌေးကြီးတို့၏ ဆောင်းမြဲဖြစ်သည့် ထီးဖြူကို ဆောင်နှင်းလျက် သူဌေးအရာမြောက်စားချီးမြှင့်ခဲ့လေသည်။ ဇောတိက၏ နတ်ဖက်သော ဖူးစာရှင်ကား မြောက်ကျွန်းသူ တူလကာယီပင်တည်း။ အကြိမ် တစ်ရာဖတ်အပ်သော လဲဝါဂွမ်းစုကဲ့သို့ နုထွတ်သိမ်မွေ့လှသဖြင့် တူလကာယီဟူသော အမည်ကိုခံယူခဲ့သူ ဖြစ်သည်ဟုအဆိုရှိ၏။ ဇောတိကသူဌေးမောင်နှံ့တို့သည် မိမိတို့ထံသို့လာရောက် လည်ပတ်ကြသော လူတိုင်းအား မြောက်ကျွန်းမှ ပါလာသည့် ဇောတိပါသာဏမည်သော မြခနောက် သုံးလုံးပေါ်တွင် ရွှေအိုးဖြင့်တင်၍ချက်သည့် ဆန်တကွမ်းစားဖြင့်သာ ကျွေးမွေးဧည့်ခံရာ အဘယ်ခါမှ ကုန်ခန်းခြင်းမရှိခဲ့ဟု ဆိုလေသည်။ ထို့ပြင် ပြန်သောအခါတွင်လည်း ရွှေအိုးကြီးတို့ထံမှ ရွှေများကိုလည်းကောင်း၊ ပဒေ သာပင်များ၌ ဆင်ယင်ထားအပ်သော အဝတ်တန်ဆာများကိုလည်းကောင်း အလိုရှိသမျှ ဆောင်ယူ၍ ပြန်စေ၏။ ယူလေရာရာ ရွှေအိုး ပဒေသာပင်များသည် ယူရာမထင် ပြကတေ့အတိုင်းပင်ဖြစ်၍ တည်၏ဟူသတည်း။

ယင်းသို့ ဇောတိကသူဌေးသည် ပေးမကုန်လှူမခန်းအောင် ချမ်းသာကြီးရခြင်းမှာ ရှေးလွန်လေပြီးသော ကမ္ဘာ၌ ဗရာဏသီပြည်ဝယ် သူကြွယ်ဖြစ်စဉ်ကာလ ဂန္ဓမာဒနတောင်၌နေသော ပစ္စေကဗုဒ္ဓါတို့အား ဩဇာရသ လေးနက်ချိုမြိန်လှသော ကြံနှစ်ချောင်းမှ ကြံရည်ကိုကပ်လှူကာ လူ့ဘုံနတ်ရွာ ဖြစ်လေရာဘဝ တို့၌ တောင့်တတိုင်း ပြီးမြောက်စေသောဟူသည့် ဆုတောင်းနှင့် ပြည့်ဝခဲ့သောကြောင့် တစ်ကြောင်း၊ ဝိပဿီဘုရား ထင်ရှားပွင့်တော်မူစဉ်အခါ၌လည်း ဗန္ဓုမတီပြည်ဝယ် အပရာဇိသူကြွယ်အဖြစ် ရှင်တော်ဘုရားအလို့ငှာ ရတနာ ခုနစ်ပါးအတိပြီးသော ဂန္ဓကုဋီ ကျောင်းတော်ကြီးကို ဆောက်လုပ်လှူဒါန်းခဲ့ဘူးသည့် ပုညစေတနာဟုန်ကြောင့်တစ်ကြောင်း ဖြစ်ပေသည်။

ဗိမ္ဗိသာရမင်းကြီးနတ်ရွာစံ၍၊ မာနခက်ထန်လောဘဇောသန် လှသော သားတော် အဇာတသတ်မင်း၏ လက်ထက်သို့ရောက်သောအခါတွင် ဇောတိကသူဌေးလည်း လောကီစည်းစိမ် ဥစ္စာရတနာတို့၌ စက်ဆုတ်ခြင်း ပြင်းစွာဖြစ်လျက် သံဝေဂအကျွတ်တရားရရှိကာ မြတ်စွာဘုရားအထံတော်၌ ရဟန်းပြုခဲ့လေသည်။ ရဟန်း ဖြစ်၍ မကြာမြင့်မီပင် အရဟတ္တဖိုလ်ကိုရ၍၊ ဇောတိက မထေရ်ဟု ထင်ရှားစွာဖြစ်ခဲ့လေသည်။ ယင်းသို့ ဇောတိက ရဟန်း အရဟတ္တဖိုဟ်ကိုရသောနေ့၌ပင် အလုံးစုံသော ရွှေအိုး၊ ရွှေအိမ်၊ ပဒေသာပင်တို့သည် ကွယ်လေကုန်၏။ ထိုအခါ နတ် တို့သည် မြောက်ကျွန်းသူသူဌေးမ တူလကာယီအား ဥတ္တရကုရု ကျွန်းသို့ ပြန်လည်ပို့ဆောင်ပေးလေသည်။[1]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.