တာရာမင်းဝေ
တာရာမင်းဝေ သည် မြန်မာနိုင်ငံသား စာရေးဆရာတစ်ဦးဖြစ်သည်။ အမည်ရင်းမှာ ချစ်ညီညီ ဖြစ်ပြီး၊ ၁၉၆၆ စက်တင်ဘာ (၁၃) ရက်နေ့တွင် ရန်ကုန် တောင်ဥက္ကလာ၌ သတင်းထောက် ဦးကျော်ရှိန်နှင့် ဒေါ်လှကြည် တို့မှ မွေးဖွား ခဲ့သည်။ မွေးချင်း ၃ ဦးအနက် ဒုတိယမြောက်သား ဖြစ်သည်။
တာရာမင်းဝေ | |
---|---|
တာရာမင်းဝေ | |
မွေးဖွား | တောင်ဥက္ကလာပ၊ ရန်ကုန်၊ မြန်မာ | ၁၃ စက်တင်ဘာ၊ ၁၉၆၆
ကွယ်လွန် | ၅ ဩဂုတ်၊ ၂၀၀၇ ၄၀) မြောက်ဥက္ကာလာပ၊ ရန်ကုန်၊ မြန်မာ | (အသက်
အိမ်ထောင်ဖက် | မခင်မေဝင်း (စာရေးဆရာမ မနော်ဟရီ) |
ငယ်ဘဝ
သူငယ်တန်း မှ စတုတ္ထတန်း အထိ အ.မ.က(၁ဝ)တောင်ဥက္ကလာ တွင်၎င်း၊ ပဉ္စမတန်းမှ ဒဿမတန်း အထိ အ.ထ.က(၂)ရန်ကင်း တွင်၎င်း ပညာသင်ကြားခဲ့ပြီး၊ ၁၉၈၆-ခုနှစ်မှာ အခြေခံ အထက်တန်းကို မြန်မာစာ ဂုဏ်ထူးဖြင့် အောင်ခဲ့သည်။ ရန်ကုန် တက္ကသိုလ် (လှိုင်)ကို အင်္ဂလိပ်စာ အဓိကနှင့် တက်ရောက် သင်ကြားခဲ့ပြီး အရေးအခင်းနှင့်အတူ ကျောင်းမပြီးခဲ့ပေ။ မြောက်ဒဂုံ (၄၅) ရပ်ကွက်၊ ပီမိုးနင်း(၁) လမ်းမှာ နေထိုင်သူ ဖြစ်သည်။
ရွှေဘုန်းလူ ဆိုသည့် နာမည်နှင့် ဗကသ အဖွဲ့ချုပ်က ထုတ်ဝေသော စာစောင်များတွင် ကဗျာများ စတင် ရေးသား ခဲ့ပါသည်။ ရှစ်လေးလုံး လှုပ်ရှားမှုတွင် တက်ကြွစွာ ပါဝင်ခဲ့သလို၊ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်မှာလည်း တက်ကြွစွာ ပါဝင် လှုပ်ရှားခဲ့သည်။ ၁၉၈၉-ခုနှစ်၊ ဗကသ ပြန်ဖွဲ့ချိန်တွင် ဗကသ ခေါင်းဆောင် တစ်ယောက် အဖြစ် တာဝန် ယူခဲ့ပြီး၊ ဗကသ ဥက္ကဋ္ဌ ကိုမင်းကိုနိုင်နှင့် ဒုဥက္ကဋ္ဌတွေ ဖြစ်သည့် ကိုကိုကြီးနှင့် ကိုအောင်ဒင်တို့ အဖမ်း ခံရချိန်တွင် ဗကသ ခေါင်းဆောင်မှုကို တာဝန်အပြည့်ယူကာ ဒေါင်းအလံကို ဆက်ကိုင်ခဲ့သည်။ ၁၉၉ဝ-ခုနှစ်မှာ အဖမ်း ခံရပြီး၊ ၁၉၉၄-ခုနှစ် အထိ စစ်အစိုးရ၏ ဖမ်းဆီး ချုပ်နှောင်မှုကို ခံခဲ့ရသည်။ အင်းစိန်၊ သာယာဝတီနှင့် သရက် ထောင်များတွင် ချုပ်နှောင်ခံခဲ့ရပြီး၊ ထောင်က လွတ်လာ ပြီးသောအခါ စာပေလောက ထဲကို ခြေစုံပစ် ဝင်ရောက် ခဲ့ပါသည်။ ထင်ရှားသော ကဗျာများမှာ အကျဉ်းထောင်များ အတွင်း၌ ရေးစပ်ခဲ့သော ကျောင်းဖွင့်ချိန် ၊ ဥဒါန်း နှင့် ကျောင်းသား အတ္ထုပ္ပတ္တိ တို့ ဖြစ်သည်။
၁၉၉၄ ခု မေလထုတ် ရင်ခွင်သစ် မဂ္ဂဇင်းတွင် လေစီးကြောင်းထဲမှ လူများ ဝတ္ထုတိုမှ တာရာမင်းဝေ ဆိုသော ကလောင် အမည်ကို စတင် အသုံးပြု ခဲ့ပါသည်။ ၁၉၉၅-ခုနှစ်တွင် တာရာမင်းဝေ ကလောင် အမည်နှင့် ပန်းခေတ်က လမင်း ဆိုသော သူ့၏ ပထမဆုံး လုံးချင်း ဝတ္ထု ထွက်ရှိပြီးချိန်မှာ လူငယ် စာဖတ် ပရိသတ် တွေ၏ အားပေးမှုကို ရရှိ ခဲ့ပါသည်။ ၁၉၉၆ - ၉၇ ထုတ် သရဖူ မဂ္ဂဇင်း များတွင် မောင်ယော ကလောင် အမည်နှင့်၎င်း ၊ စုဖွဲ့ ကလောင် စန်တီယာဂို ကလောင် အမည်နှင့် ၎င်း စာပေ ဝေဖန်ရေးများ၊ စာပေ သဘောတရား၊ သီဝရီများ ရေးသားခဲ့သည်။ မောင်ဓား အမည်နှင့် ဘောလုံးဆောင်းပါးများ ရေးခဲ့ဖူးပြီး၊ အံ့ဘွယ် ဆိုသော ကလောင်အမည်နှင့်လည်း အိုင်ဒီယာမဂ္ဂဇင်း က ထူးခြားသော အမေးအဖြေများကို ရေးခဲ့ပါသည်။ မီးခိုးဖြူ ၊ ညီလေးမွန် စသော ကလောင် အမည်များနှင့်လည်း ရေးသားခဲ့သည်။ စုစုပေါင်း လုံးချင်း ဝတ္ထု (၄၂) အုပ် ရေးသားခဲ့ပြီး၊ ဝတ္ထုတိုများ၊ ကဗျာများလည်း ရေးသား ခဲ့ပါသည်။ ၁၉၉၅-ခုနှစ်၊ စာပေဂျာနယ် မဂ္ဂဇင်းပါ အားလူး စားသူများ ဝတ္ထုတိုနှင့် ဖြူးမိတ်ဆွေများ စာပေဆုကို ရရှိခဲ့သည်။ အာလူး စားသူများ ဝတ္ထုတိုနှင့် တာရာမင်းဝေ အား လူသိများခဲ့ပါသည်။
စာပေ အပြင် ပန်းချီ ဆွဲခြင်း၊ ရုပ်ရှင် ဗီဒီယို ဇာတ်ညွှန်းများနှင့် သီချင်းများကိုလည်း ရေးသားခဲ့သည်။
တာရာမင်းဝေ အမည်နှင့် ရေးခဲ့သော ပထမဆုံး ဗီဒီယို ဇာတ်ညွှန်းမှာ ရွှေရောင် ဖိနပ်မှာ အစိမ်းရောင်ကြက်ခြေခတ်နဲ့ ကောင်မလေး ဖြစ်သည်။ အဲဒီ မတိုင်ခင်ကလည်း ကိုသူရ(ဇာဂနာ)တို့နဲ့ အတူ ဇာတ်ညွှန်းများကို ရေးသားခဲ့ပါသေးသည်။ တာရာမင်းဝေ၏ ဝတ္ထု အချို့ကို ဗီဒီယို ရုပ်ရှင် ရိုက်ကူး ခဲ့ရာမှာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) ရိုက်ကူး၍ ဒွေး၊ နန္ဒာလှိုင်တို့ သရုပ်ဆောင်ထားသော ကောင်းကင်အကြွေ ကောက်တဲ့လက်၊ ဒါရိုက်တာ လွင်မင်း ရိုက်ကူး၍ နေတိုး၊ အိန္ဒြာကျော်ဇင်တို့ သရုပ် ဆောင်ထားသော တစ်ကိုယ်တော်ရေးတဲ့ ကကြီး ခခွေးတို့သည် ထင်ရှားခဲ့သည်။ ဒါရိုက်တာ မောင်သူရ (ဇာဂနာ) ရိုက်ကူးခဲ့သော မြင်းစီးထွက်သော အိပ်မက်များ ရုပ်ရှင် မှာ ပြည်တွင်းတွင် ပြသခွင့်မရခဲ့ပေ။
၁၄ - ၂ - ၉၈ မှာ မခင်မေဝင်း (စာရေးဆရာမ မနော်ဟရီ)နှင့် လက်ထပ်ခဲ့သည်။
ဘဝနိဂုံး
လူနံပါတ် (၁၃) ဝတ္ထုတို စုစည်းမှုနှင့် နက္ခတ် ရစ်သမ် ကဗျာ စာအုပ် တစ်အုပ် ရေးသား ထုတ်ဝေရန် စီစဉ်နေဆဲ၊ ၂ဝဝ၇ ခု၊ ဩဂုတ်လ ၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄ဝ တွင် မြောက်ဥက္ကလာပ ဆေးရုံကြီးတွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် ဇနီး ဖြစ်သူ စာရေးဆရာမ မနော်ဟရီနှင့် သားဖြစ်သူ ခေတ်နေ(ခ) ကြယ်စင်မင်းဝေတို့ ကျန်ရစ်ခဲ့ပါသည်။
တာရာမင်းဝေ ကွယ်လွန်ပြီးမှ လူနံပါတ် (၁၃) စာအုပ်အား နောက်ဆုံးထုတ်ဝေခဲ့သည်။
ရေးသား ထုတ်ဝေခဲ့တဲ့ စာအုပ်များ
- ကိုးမရှိတဲ့နဝင်း
- ကောင်းကင်အကြွေ ကောက်တဲ့လက် (ဇန်နဝါရီ ၂ဝဝ၆)
- ကိုယ်ရေးကိုယ်တာ ပုရပိုက် (ဖေဖော်ဝါရီ ၂ဝဝ၇)
- ကိုယ့်လက်နဲ့ ဖမ်းမိတဲ့နဂါးငွေ့တန်း (အောက်တိုဘာ ၂ဝဝ၂)
- ကျွန်တော်တူးဖော်ခဲ့သည့် မြေစိုင်မြေခဲများ အကြောင်း (စက်တင်ဘာ ၂ဝဝ၅)
- ကျွန်တော်နှင့် ဆောင်းရာသီ ဒဿန (ဇန်နဝါရီ ၂ဝဝရ)
- ကျွန်တော်နှင့် ကြေးသွန်းယဉ်ကျေးမှု
- ကျွန်တော်နှင့် ကြယ်မြင်လမြင် လောကဓံ
- ကျွန်တော်နှင့် ဧဒင်ကချေသည်
- ကျွန်းတော်မှ အပြန် (ဩဂုတ် ၂ဝဝ၆)
- ငါသည်သာ ပန်းဖြစ်၍ နောက်တစ်ကြိမ် ပြန်ပွင့်ခွင့် ရခဲ့သော် (ဒီဇင်ဘာ ၂ဝဝ၆) ဒုတိယအကြိမ်
- နတ်ပျိုမအတွက် ပန်း (ဒီဇင်ဘာ ၂ဝဝဝ)
- ပန်းခေတ်က လမင်း
- ပန်းလက်ဖဝါးမှာ ပါးအပ်ခွင့်မရှိတဲ့ ကောင်လေး
- ပြာ
- ပြိုင်မြင်းတို့ရဲ့ ခွာသံ(ဇန်နဝါရီ ၂ဝဝ၅) ဒုတိယ အကြိမ်
- ဘယ်ဘက်လက်ထဲမှာ ဝှက်ထားတဲ့ပုံပြင်(ဇွန် ၂ဝဝ၆)
- မနက်ဖြန်ခါမှာ ထားခဲ့တဲ့မျက်နှာ
- မိုးခေါင်လို့ တီးတဲ့ဗုံသံ (ဇူလိုင် ၂ဝဝ၄)
- မြင်းစီးထွက်သော အိပ်မက်များ (နိုဝင်ဘာ ၂ဝဝ၆)
- မှော်ဆရာရဲ့ ကျောင်းစာအုပ်
- ရွှေဖိနပ်မှာ အစိမ်းရောင် ကြက်ခြေခတ်နဲ့ ကောင်မလေး (ဇန်နဝါရီ ၂ဝဝ၆) တတိယ အကြိမ်
- လူငယ်တစ်ယောက်ရဲ့ ကျောက်ထွင်းရာဇဝင်
- ဝင်္ကပါကို ဖွင့်တဲ့သော့ (စက်တင်ဘာ ၂ဝဝ၆)
- သူ့အိုးပုတ်ကလေးကို ကျွန်တော် ပြန်မပေးပါ (ဇူလှိုင် ၂ဝဝ၇)
- သင်နှင့် နံနက်ခင်းကိုသာ ဝင်ခွင့်ပြုမည်(ဇွန် ၂ဝဝ၇) တတိယ အကြိမ်
- အရှေ့မြို့ရိုးမှ မိုးရေစက်များ
- အလံမထူခဲ့သော လက်များ (မေ ၂ဝဝ၇)
- အာလာဒင်မသိလိုက်တဲ့ မီးခွက် (ဇူလိုင် ၂ဝဝ၆)
- လူနံပါတ် (၁၃)
ရည်ညွှန်း
- တာရာမင်းဝေ၏ ဈာပနာတွင် ဖြန့်ဝေသော အတ္ထုပ္ပတ္တိ လက်ကမ်း စာစောင်များ။