ပီမိုးနင်း
ပီမိုးနင်း | |
မွေးသက္ကရာဇ် | ၁၂၄၅ ခုနှစ် တန်ဆောင်မုန်းလဆန်း ၆ ရက် |
မိဘများ | ဦးရွှေခမ်း၊ ဒေါ်စိန်နု |
ငယ်မည် | မိုးနှင်း |
အမည်ရင်း | မောင်ကျော်ညွန့် |
နိုင်ငံသား | မြန်မာ |
မွေးရာဇာတိ | သုံးဆယ်မြို့၊ ရွာမရပ် |
အလုပ်အကိုင် | စာရေးဆရာ၊ |
ထင်ရှားကျော်ကြားမှု | ထင်ရှားသော စာရေးဆရာ |
ကိုးကွယ်သည့် ဘာသာ | ဗုဒ္ဓဘာသာ |
ရုပ်သွင်
ဆရာပီမိုးနင်း၏ ရုပ်ရည်မှာ လွန်စွာထိုင်းမှိုင်း လေးကန်လေသည်။ အသားအရည် စိုနေပြီး အတော်ပင်ဝသည်။ သူသည် ကတုံးဗိုကေကလေးနှင့် ဖြစ်လေ၏။ အင်္ကျီလက်တို ကော်လန်ကလေးဝတ်ထား၍ အပေါ်အင်္ကျီမပါ ရခိုင်လုံချည် အနီနှင့်အစိမ်းကွက်ကို ဝတ်ဆင်ထားလေသည်။ လက်တအုပ်ခန့်ရှိ အပြားရှိသော ခါးပတ်စိမ်းကြီးမှာ သူ၏တုတ်ခိုင်သောခါးတွင် ရေစည်သံပတ်ကြီးကဲ့သို့ ထင်ရှားစွာ ပေါ်လျက်ရှိပေသည်။ သူ့ရုပ်ကိုကြည့်လျှင် တရုတ်ကပြားကြီးနှင့် တူလေသည်။ [1]
ငယ်ဘဝ
ကျွန်ုပ်သည် ၁၂၄၅ ခုနှစ် တန်ဆောင်မုန်းလဆန်း ၆ ရက် တနင်္လာနေ့ နံနက် ၉ နာရီ၊ ဆွမ်းတော်ဗျို့ ဟု အော်ပြီး ဘုန်းကြီးကျောင်းသားကလေးများ ဆွမ်းခံသောအချိန်၌ မွေးဖွားခဲ့လေသည်။ ကျွန်ုပ်ကို ဖွားမြင်သော ထိုနေ့နံနက်၌ မိုးနှင်းများ ထူထပ်စွာ ကျရောက်နေရကား အချိန် ၉ နာရီ၊ ၁ဝ နာရီ ထိသည်တိုင်အောင် နေရောင်ခြည်ကို ကောင်းစွာ မမြင်ရချေ။ ထိုမျှ ထူထပ်စွာ ကျရောက်နေသော မိုးနှင်းများကို အစွဲပြု၍ ကျွန်ုပ်အား မိုးနှင်း ဟူသော အမည်ဖြင့် ရပ်ရွာက အသိအမှတ်အမည်ပေးကာ ခေါ်ဝေါ်ခဲ့ကြလေသည်။'
ဤသို့လျှင် ဆရာကြီး ပီမိုးနင်းသည် မိမိ၏ အတ္ထုပ္ပတ္တိ ဖြစ်သော ပီမိုးနင်း၏ပီမိုးနင်း စာအုပ်တွင် မှတ်တမ်း တင်ခဲ့သည့်အတိုင်း သက္ကရာဇ် ၁၂၄၅ ခုနှစ် အတွင်းက သုံးဆယ်မြို့ ရွာမရပ်တွင် ဖွားမြင်ခဲ့သူ ဖြစ်ပေသည်။ ငယ်မည်မှာ မိုးနှင်း ပင် ဖြစ်ပါ၏။ ဇာတာအမည်မှာမူ မောင်ကျော်ညွန့် ဖြစ်သည်။
အမိ၊ အဖများမှာ ဆင်းရဲနွမ်းပါး ကြကုန်သည်။ ထို့ကြောင့်လည်း အမိလုပ်သူသည် တောင်းရွက်၍ ဈေးထွက်ရောင်းရသော အချိန်များတွင် မောင်ကျော်ညွန့် (ခေါ်) ပီမိုးနင်းသည် ငယ်ရွယ်သေးသူပင် ဖြစ်လင့်ကစား အိမ်တွင်နေရစ်ခဲ့ရ၍ ကွေးလေးနုနယ် နှမငယ်ကို ထိန်းခြင်းသိမ်းခြင်းများ ပြုလုပ်သည့်အပြင် အခြားအချိန်များ၌လည်း မိမိ အဝတ်၊ နှမငယ် အဝတ်၊ အမိအဝတ် တို့ကို လျှော်ခြင်း ဖွပ်ခြင်း၊ ဟင်းရွက် ဟင်းလျာ ရှာခြင်း ဖွေခြင်း၊ ညစာ နံနက်စာ ချက်ချင်း ပြုတ်ခြင်း စသော ဗာဟီရ အလုပ်များကို လုပ်ကိုင်ရရှာသည်။
သို့နှင့် အသက်အတန်ငယ်ရင့်မှ အာ-စီ-အင် (မ်) ခရစ်ယာန် သာသနာပြု ကျောင်းတွင် စာပေသင်ကြားခွင့် ရတော့သည်။ ထိုကျောင်းတွင် ၃ နှစ်ကျော် ၄ နှစ်ခန့် နေ၍ အင်္ဂလိပ် - မြန်မာ ၄ တန်း အောင်ပြီးနောက် ကျောင်းအုပ် ဖြစ်သော ခရစ်ယာန် ဘုန်းကြီး ဖာသာရ်-ဝဲလဝါး၏ စောင်မ ကြည့်ရှုမှုခြင့် မော်လမြိုင်မြို့ရှိ ဆန်မာနာရီကျောင်း (Seminary School) ခေါ် ဘုန်းကြီး အတတ်သင်ကျောင်းသို့ သွားရောက်သင်ကြားခွင့် ရပြန်သည်။ ထိုကျောင်းတွင် လက်တင်ဘာသာ၊ လက်တင် သဒ္ဒါကို အထူး တတ်မြောက်ပေသောကြောင့်လည်း ပညာကို တိုးတက် သင်ကြားစေအံ့သောငှာ ၃ နှစ်ခန့် အကြာတွင် ပလောပီနံ မြို့ရှိ ‘ဂျင်နရယ် ကောလိပ် (General College) ခေါ် ပြင်သစ်ပြည် ပါရစ် မြို့တော်မှ တဆင့် ခွဲ၍ ထားသော သိပ္ပံ ကျောင်းကြီးသို့ ပို့လွှတ်ခြင်း ခံရသည်။ သို့ရာတွင် ဗရင်ဂျီဘုန်းကြီး လုပ်ရန်ကို များစွာ စိတ်မပါလှ။ ထို့ကြောင့်လည်း ပလောပီနံသို့ ရောက်၍ များမကြာမီ အသက် ၁၉ နှစ် အရွယ်တွင် မြန်မာပြည်သို့ ပြန်လည်ရောက်ရှိ လာပြန်ကာ ရှေးဦးစွာ ငယ်ဆရာ ငယ်ကျောင်း ဖြစ်သော ဖာသာရ်-ဝဲလဝါး၏ အာ-စီ-အင် (မ်) ကျောင်းတွင်ပင် ဆရာအဖြစ် ခန့်ထား ချီးမြှင့်ခြင်း ခံရသည်။
သည့်နောက်ပိုင်း တွင်မူ ကြို့ပင်ကောက်သို့ ပြောင်းပြန်ကာ အာ-စီ-အင် (မ်) ကျောင်းဆရာအဖြစ် ခေတ္တခဏမျှ လုပ်ကိုင်လိုက်သေး၏။ သို့ရာတွင် ဆင်းရဲ နွမ်းပါးသူတို့ အကြား စိတ်၏တည်ငြိမ်မှု မရရှိနိုင်သေးရကား ထိုမှ ဤမှ လှည့်လည် သွားလာနေပြန်ကာ နောက်ဆုံးတွင် ပြည်မြို့သို့ ရောက်သွားသည်။ ပြည်မြို့ တွင်လည်း ခေတ္တခဏမျှလောက်သာ ပြည်ဆေးရုံကြီး၌ စာရေးကြီးအဖြစ် ဝင်ရောက်လုပ်ကိုင်ပြီး လယ်တီ ဆရာတော် ဘုရားကြီး ပြည်မြို့သို့ကြွလာတော်မူခိုက်တွင် အလုပ်မှထွက်ပြန်ကာ ဆရာတော်ဘုရားကြီး ထံတော်တွင် ရဟန်းခံလေသည်။ နောက် ပဉ္စင်းဝတ်နှင့်ပင် ရန်ကုန်မြို့သို့ ရောက်သွားသည်။ သို့ရာတွင် တည်းစရာခိုစရာ မရှိ။ ညောင်တုန်းကျောင်းတိုက်၊ ဦးဗျားတောရ ကျောင်းတိုက်၊ ဂျောင်ဝိုင်းကျောင်းတိုက် တို့သို့ လှည့်လည် နေနားပြီး နောက်ဆုံးတွင် သိက္ခာချ သင်္ကန်းချွတ်၍ လူဝတ်လဲ လိုက်သည်။
စာပေအရေးအသားတွင် အထူးဝါသနာထုံသော ဆရာကြီး ပီမိုးနင်း၏ စာရေးဆရာဘဝကား စပေပြီ။ သင်္ကန်းဝတ်နှင့် ရှိစဉ် လောဂျစ် (ခေါ်) တက်ကျမ်း တစောင်ကို ပြုစုပြီးခဲ့လေသည်။ ယခုသော် ဝမ်းရေးအတွက် ထိုကျမ်းကလေးကို ရောင်းရပေတော့မည်။ ထို့ကြောင့် ဟံသာဝတီ သတင်းစာတိုက်သို့ သွား၍ ထိုကျမ်းကလေးကို ပြရှာ၏။ ဗုဒ္ဓဘာသာနှင့် ဆန့်ကျင်သည့်စာပေဟူ၍ ပယ်ခြင်းခံရသည်။ သို့ရာတွင် ထိုတိုက်ရှင် သူဌေး မစ္စတာရစ်ပလေ၏ ညှာတာထောက်ထားမှုကြောင့် ထိုတိုက်တွင်ပင် တလလျှင် ၃ဝိ ဖြင့် ဘာသာပြန်အလုပ်ကို လုပ်ကိုင်ခွင့် ရခဲ့သည်။
ဤ သတင်းစာတိုက်တွင်လည်း များစွာ မကြာခဲ့။ ၆ လခန့် ရှိသောအခါ ကျန်းမာရေး ချွတ်ယွင်းမှုကြောင့် အလုပ်မှ ထွက်လိုက်ရ ပြန်ကာ ကျန်းမာလာပြန်သော အခါ၌လည်း အလုပ်အကိုင် ရှားပါးမှုကြောင့် အမြို့မြို့ အနယ်နယ်သို့ လှည့်လည် ရှာဖွေရ ပြန်သည်။ နောက်ဆုံးတွင် ဟင်္သာတမြို့အနီး ဓမ္ဘီမြို့သို့ ရောက်သွားကာ ငယ်ဆရာ ဖာသာရ်-ဝဲလဝါး၏ ကျေးဇူးကြောင့်ပင် ဓမ္ဘီကျောင်း၌ ဓမ္ဘီကျောင်းအုပ်ကြီးက ကျောင်းဆရာအဖြစ် ခန့်အပ်ခြင်း ခံရသည်။
ထိုအတွင်း ဒေါ်စိန်တင့်နှင့် ချစ်ကြိုက် ရည်ငံကာ များမကြာမီပင် လူကြီးမိဘများ၏ သဘောတူညီချက်အရ လက်ထပ်လိုက်ကြသည်။ ဆရာကြီးကား ထိုအချိန်တွင် အသက် (၂၄)နှစ်ခန့် ရှိပေပြီ။
ချစ်စခင်စ ကြင်နာစ ဖြစ်သော ဇနီးကလေးအားလည်း မျက်စိအောက်က အပျောက် မခံနိုင်အောင် ချစ်လွန်းလှသည့်အပြင် ယောက္ခမလုပ်သူများကလည်း လယ်ယာချောင်းမြောင်းနှင့် အတော်အသင့် ပြည့်စုံသူများ ဖြစ်သဖြင့် အလုပ်မှ ထွက်လိုက်ပြန်လေသည်။ သို့နှင့် နောက်တနှစ်တွင် သားဦးကလေး မောင်ကျော်စိုးကို ဖွားမြင်ခဲ့ပေသည်။ ဆရာကြီး အသက် ၃ဝ ခန့်အရွယ်၊ အင်္ဂလိပ်သက္ကရာဇ် ၁၉၁၄ ခုနှစ်တွင် ပထမကမ္ဘာစစ်ကြီး ဖြစ်ပွားချိန်၌ သုံးဆယ်မြို့တွင် မိတ်ဆွေများ အကူအညီဖြင့် စာပုံနှိပ်စက်တစက် ထောင်ကာ မြန်မာ့မိတ်ဆွေမဂ္ဂဇင်း ကို ထုတ်ဝေနေခိုက် ဖြစ်သည်။ သို့ရာတွင် စစ်၏ဒဏ်ကြောင့် စက္ကူများလည်း လုံလောက်စွာ မရ၊ ဈေးနှုန်းကလည်း အဆမတန် ကြီးလေးလာရကား မဂ္ဂဇင်းထုတ်ဝေခြင်းကို ရပ်စဲပြီး ၆ နှစ်သား ဖြစ်သော သား မောင်ကျော်စိုးနှင့် ဇနီး ဒေါ်စိန်တင့် တို့ကို ထားခဲ့ကာ ရန်ကုန်မြို့သို့ အလုပ်ရှာ သွားပြန်သည်။ ရှေးဦးစွာ သူရိယသတင်းစာတိုက်တွင် စစ်သတင်းများကို ဘာသာပြန်ဆို ရေးသားသည့်ဘက်၌ အလုပ်ရ၏။ နောက် မြန်မာ့အလင်းသတင်းစာတိုက်သို့ ရောက်ရှိ သွားပြန်၏။ ထိုမှတဖန် သူရိယသတင်းစာ တိုက်သို့ သံသရာလည်လာပြန်သေး၏။
သူရိယသတင်းစာတိုက်တွင် လုပ်ကိုင်နေခိုက် အလုံရပ်ရှိ ‘ဘက်ပတစ်’ ကျောင်း၌ လက်တင်ဆရာတယောက် အလိုရှိကြောင်း ကြော်ငြာစာ တွေ့သဖြင့် အမည်ရင်း ဖြစ်သော မောင်ကျော်ညွန့် အမည်နှင့် လျှောက်ထားရာ မြန်မာလူမျိုးကို မခန့်နိုင်ကြောင်းနှင့် နောက်တနေ့တွင် စာပြန်လာလေသည်။ ထို့ကြောင့် အင်္ဂလိပ် အမည်ယောင်ယောင်ရှိသော အရပ်ခေါ် မိုးနှင်းကို သတိရလာကာ မော်လမြိုင်သွားစဉ်က ယူထားသော ဗရင်ဂျီဘာသာအမည် ဖီးလစ် (Philip) အနက် မှ အစလုံး အတိုကောက်ယူ၍ ပီမိုးနင်းဟု တကြိမ်ထပ်မံ၍ လျှောက်လွှာတင်ပြန်သောအခါကျမှ လက်တင်ဘာသာကိုလည်း နဂိုတတ်ကျွမ်းမှု ဓာတ်ခံရှိသည့်အလျောက် အလုပ်ရလေတော့သည်။ ထိုကျောင်းတွင် ဆရာကြီးသည် လက်တင်စာများကို ၄ တန်းမှ ၁ဝ တန်းအထိ တယောက်တည်းသင်ကြားပေးရ၏။ နောက် နွေလကျောင်းပိတ်ရက်သို့ ရောက်သော် ပေါ်ထွက်စ ဖြစ်သော ပညာ့အလင်းမဂ္ဂဇင်းနှင့် အခြားအခြားသောမဂ္ဂဇင်းတို့သို့ ဝတ္ထုများ၊ ဆောင်းပါးများကို ရေးသား ပေးပို့နေရာမှ ပညာ့အလင်းမဂ္ဂဇင်းပိုင်ရှင် ဦးတင်၏ တောင်းပန်ချက်အရ ထိုမဂ္ဂဇင်းတိုက်သို့ ဝင်ရောက်ကာ လစဉ်ဝတ္ထုနှင့် အခြားအခန်းပေါင်းများစွာကို တာဝန်ယူရ၏။ သို့နှင့် မဂ္ဂဇင်းမှတဆင့် သတင်းစာကိုပါ တိုးချဲ့ လိုက်သော အခါတွင် ဘက်ပတစ်ကျောင်းသို့ မပြန်တော့ဘဲ ထိုမဂ္ဂဇင်း၊ သတင်းစာနှစ်ခုစလုံးတွင်ပင် တည်းဖြတ်သည့်ဘက်မှ ဆက်လက် လုပ်ကိုင်လေတော့သည်။
ပညာ့ အလင်း သတင်းစာ၌ ပိုက်ဆံကြီး အမည်ဖြင့် ဆောင်းပါးများကို လည်းကောင်း၊ နေရီရီ၊ ပွဲစားကြီးသားအဖနှင့် မြမြ စသော ဝတ္ထုရှည်ကြီးများကိုလည်းကောင်း ရေးသားခဲ့ပေ၏။ သို့ရာတွင် ပညာ့အလင်း ၌လည်း များစွာမကြာ။ အလုပ်မှ ထွက်ပြီးနောက် အောင်တော်မူ ခေါ် တနင်္ဂနွေ တပတ်လျှင် တကြိမ်ထုတ် ဝတ္ထုကလေးများကို ထုတ်ဝေပြန်လေသည်။ ဤတွင်လည်း များစွာ အကျိုးမပေး။ ထိုကြောင့် ဝတ္ထုစာအုပ်ကလေး (၁၄)အုပ် ထုတ်ပြီးသည့် အဆုံးတွင် ရပ်စဲလိုက်ရသည်။
ဤသို့ အားဖြင့် စာရေးဆရာ၏ နိမ့်တုံ နိမ့်တုံ ဘဝ နှင့်ပင် ဒဂုန်မဂ္ဂဇင်း၊ လန်ဒန်အတ်မဂ္ဂဇင်း၊ ကဝိမျက်မှန်မဂ္ဂဇင်း၊ ကဝိတံခွန် မဂ္ဂဇင်း၊ ဗြိတိသျှဘားမား မဂ္ဂဇင်း၊ တက္ကသိုလ်မဂ္ဂဇင်း၊ သူရိယ မဂ္ဂဇင်း စသောမဂ္ဂဇင်းများ၊ သူရိယသတင်းစာ၊ မြန်မာ့ အလင်း သတင်းစာ၊ သစ္စာဝါဒီ သတင်းစာ၊ ဗန္ဓုလ သတင်းစာ စသော သတင်းစာများ၊ ဗန္ဓုလ ဂျာနယ်၊ ဒီးဒုတ် ဂျာနယ် စသော ဂျာနယ်များတွင် ဝတ္ထုများ၊ ဆောင်းပါးများကို အများအပြား ရေးသား လေတော့သည်။
ထိုအခိုက် ဗန္ဓုလ ဂျာနယ်တွင် ခေတ္တ ခဏမျှ ဝင်ရောက် လုပ်ကိုင်ရင်း ပိုင်ရှင်များက ဗန္ဓုလသတင်းစာနှင့် ဗန္ဓုလရုပ်ရှင် တို့ကိုပါ တိုးတက် ချဲ့ထွင်လိုက်သောအခါ သားဖြစ်သူ မောင်ကျော်စိုးက ရှေးဦး ပထမ ချစ်တဲ့သူရယ် ဇာတ်ကားတွင် ဇာတ်လိုက် အဖြစ် ပါဝင် ရိုက်ကူးသည်။ ထိုအခါ ဆရာကြီးက ကိုယ်တိုင်ကိုယ်ကျ ဒါရိုက်တာအဖြစ် သင်ကြား ပြသသည်။
နောက် သား မောင်ကျော်စိုးသည် ဗြိတိသျှဘားမား ရုပ်ရှင်သို့ ရောက်သွားပြန်၍ တကိုယ်တော် ဇတ်ကားကို ရိုက်ကူးသည်။ ထိုစဉ်အခါ တွင်လည်း ဆရာကြီးကိုယ်တိုင် အကူအညီများစွာ ပေးခဲ့သည်။ ထို့နောက် ဆယ်နာရီ ဇတ်ကားကို ဆက်လက် ရိုက်ကူး နေစဉ်အတွင်း သားမောင်ကျော်စိုးမှာ လူ မသမာတဦး၏ ဓားချက်ကြောင့် အသက်ပါသွားရ ရှာပေသည်။ ဆရာကြီးကား စုတ်တသပ်သပ်နှင့် အထူးတလည်ပင် နှမြောတသရှာမိ၏။ စိတ်အပျက်ကြီး ပျက်လျက် အလုပ်မှလည်း တခါတည်း ထွက်လိုက် ပေတော့သည်။ ဖခင်နည်းတူပင် မျက်စိအလင်း ချွတ်ယွင်းခဲ့ရသဖြင့် ပူဆွေးသောက ရောက်နေရှာသော မိခင် ဒေါ်စိန်တင့် မှာလည်း ၃ လ နီးပါးခန့် မစားနိုင် မသောက်နိုင် ဖြစ်ပြီးသည့်နောက် ချစ်သား၏ နောက်သို့ ကောက်ကောက်ပါအောင် လိုက်သွား ရှာလေသည်။
သားနှင့် ဇနီးတို့ မရှိလျှင် ဆရာကြီး ပီမိုးနင်းသည် ကြွင်းကျန်ရစ်ခဲ့သော သားသမီး တို့ကို ဒေါ်စိန်တင့်၏ ဆွေမျိုးများ ရှိရာ ဓမႝီမြို့သို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက် ပို့အပ်ခဲ့ပြီးလျှင် ရန်ကုန်မြို့သို့ ပြန်လာကာ ဝါသနာ ရှိရင်းစွဲ အတိုင်း ဝတ္ထုများ၊ ဆောင်းပါးများ ရေး၍ ဝမ်းကျောင်းရရှာပြန်သည်။
ဘဝနိဂုံးး
သို့နှင့် မြန်မာ စာဖတ် ပရိသတ်၏ စိတ်နှလုံးကို ယခုထက် တိုင်အောင်ပင် ယူကျုံး စွဲမက်လျက် ရှိစေသည့် ဝတ္ထုရှည်၊ ဝတ္ထုတို အမြောက်အမြား၊ ဆောင်းပါး၊ ကဗျာ အမျိုးမျိုး၊ ကြီးပွား တိုးတက်ရေး ဆိုင်ရာ စာအုပ် စာတမ်း အဝဝကို ကျန သေချာ ရေးသား ဖြန့်ဖြူး ခဲ့ပေသော ဆရာကြီး ပီမိုးနင်းသည် အသက် ၅၆ နှစ် အရွယ် သက္ကရာဇ် ၁၉၄၀ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့ (မြန်မာ သက္ကရာဇ် ၁၃၀၁ ခုနှစ် နတ်တော် လဆုတ် ၁၂ ရက်နေ့) နံနက် ၉ နာရီနှင့် ၁၉ မိနစ် အချိန်တွင် စက်ဘီး တိုက်မိသဖြင့် ပေါင်ကျိုးခဲ့ရသည့် ဒဏ်ရာမှ နာလန် မထနိုင် ရှာတော့ဘဲ ဘဝ ဇာတ်ထုပ် ချုပ်ငြိမ်း၊ ပျောက်ကွယ်သွားရ ရှာပါ သတည်း။ ။
ပီမိုးနင်း ရာပြည့်ပွဲ
၁၉၈၃-ခုနှစ်၊ နိုဝင်ဘာ(၆)ရက်နေ့တွင် ရန်ကုန်မြို့၊ ဗိုလ်တထောင်ဘုရားလမ်း၊ ရာမခရစ်ရှနာ စာကြည့်တိုက်အဆောက်အဦ၌ စာရေးဆရာကြီး ပီမိုးနင်း ရာပြည့်ပွဲတော် အခမ်းအနား ကျင်းပသည်။ [2]
ထင်ရှားသောလက်ရာအချို့
- ကမ္ဘာ့မင်တံကျမ်း၊
- လက်တွေ့ကြီးပွားရေးကျမ်း၊
- အပျိုစိတ်ကျမ်း၊
- လူပျိုစိတ်ကျမ်း၊
- အောင်စိတ်၊
- သားဂုဏ်ရည်
- သမီးဂုဏ်ရည်၊
- မိန်းမစိတ်ကျမ်း၊
- ကာမသိဒ္ဓိကျမ်း၊
- လောကီလမ်းညွှန်၊
- အစ္စလမ်အလင်းပြကျမ်း၊
- ကမ္ဘာ့အလင်း ကျမ်း၊
- ထွက်သက်ဝင်သက်ကျမ်း၊
- သိသူဖော်စား မသိသူကျော်သွား၊
- နိုင်ငံရေးကျမ်း။/
ဝတ္ထုများ
ကျမ်းကိုး
- တက်ဘုန်းကြီးကိုသိန်းဖေ
- ၂ဝရာစု မြန်မာ့သမိုင်း သန်းဝင်းလှိုင်၊ ၂ဝဝ၉ ခု၊ မေလ၊ ကံကော်ဝတ်ရည် စာပေ။
- မောင်သုတ အမည်ခံ ဗိုလ်မှူး ဘသောင်း (မဟာဝိဇ္ဇာ၊ ရွှေတံဆိပ်ရ) ပြုစုကာ ဦးခင်အေး (မောင်ခင်မင်၊ ဓနုဖြူ) ပါမောက္ခ၊ မြန်မာစာ ဌာန၊ ရန်ကုန် တက္ကသိုလ် တည်းဖြတ် ဖြည့်စွက်တဲ့ ပဥ္စမအကြိမ် ၁၊ ဩဂုတ်၊ ၂ဝဝ၂၊ ရာပြည့် စာအုပ်တိုက်ထုတ် 'စာဆိုတော်များ အတ္ထုပ္ပတ္တိ' စာအုပ်
- ပီမိုးနင်း၏ ပီမိုးနင်း။
- တကိုယ်တော် ဝတ္ထုလာ ထုတ်ဝေသူ၏ နိဒါန်း။
- ရှုမဝ မဂ္ဂဇင်း၊ အတွဲ ၅၊ အမှတ် ၅၅ လာ ‘ဆရာဇေယျ’ ၏ ‘ဆရာ ပီမိုးနင်း’ ဆောင်းပါး။