နက္ခတ်တာရာပြခန်း (နေပြည်တော်)

၂၀၀၈ ခုနှစ် ဩဂုတ်လတွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ၏ လမ်းညွှန်ချက်အရ MRT Co.,Ltd မှ ဒီဇိုင်းရေးဆွဲ၍ ၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့တွင် စတင်ဆောက်လုပ်ခဲ့ရာ ၂၀၀၉ ခုနှစ် မတ်လ ၂၀ ရက်နေ့အထိ ၄ လခန့် အတွင်း တည်ဆောက် ပြီးစီခဲ့ပါသည်။ နက္ခတ်တာရာပြခန်း ပင်မဆောင် ( Planetarium-chamber) ပညာပေးပြခန်းငယ်များ ၊ အဝင်ဧည့်ခန်းဆောင် (exhibits hall & lobby) ၊ အမှတ်တရ အရောင်းဆိုင်နှင့် စားသောက်ဆိုင်ဖြင့် အဆောက်အဦး ၃ ခုအား တွဲဘက် ဖွဲ့စည်းလျှက် တည်ဆောက်ထားပါသည်။ ပြခန်းပင်မဆောင်သည် ဆဌဂံဒီဇိုင်းဖြစ်၍ ထောင့်ဖြတ် (၈၀)ပေ ၊အမြင့် (၈၀)ပေရှိပြီး (၁၈) မီတာ အလူမီနီယမ် အမိုးခုံး ပိတ်ကားအား မျက်နှာကျက်မှ (၁၀) ဒီဂရီ ချိတ်ဆွဲထားကာ ကြယ်တာရာ ပြစက် ၊ သုံးဘက်မြင် ဗွီဒီယိုပြသမှုစနစ် ၊ အစီအစဉ်ထုတ်လွှင့်မှုဆိုင်ရာ စက်ကိရိယာများနှင့် အသံပိုင်းဆိုင်ရာ အထူးတီထွင် ထိုင်ခုံစသည့် စက်ကိရိယာများအား USA , Italy , Japan & French စသည့်နိုင်ငံများမှ ဝယ်ယူတပ်ဆင်ခဲ့ပြီး လူ ၁၆၀ ဆန့် ကြည့်ရှုနိုင်ပါသည်။

နက္ခတ်တာရာပြခန်းအား ၂၀၀၉ ခုနှစ် ၊မတ်လ ၂၆ ရက်နေ့တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ၊အတွင်းရေးမှူး (၁) မှ ဖွင့်လှစ်ပေးခဲ့ပါသည်။ ပြကွက်များမှာ ဥက္ကာပျံနှင့် ဥက္ကာခဲပြကွက် ၊ အာကာသဆိုင်ရာ ပညာပေးပြကွက်၊ လနှင့်ပက်သက်သော ပြကွက် ၊ဂလက်ဆီ အဖွဲ့အစည်းဆိုင်ရာ ပညာပေးပြကွက် ၊ မဟာစကြာဝဠာ၏ သဘောသဘာ၀ပြကွက် ၊မကွေးတိုင်း မြို့သစ်မြို့နယ်အတွင်းသို့ ၂၀၀၅ ခုနှစ်က ကျရောက်ခဲ့သော ဥက္ကာခဲနှင့် ပက်သက်သည့် သိကောင်းစရာ ပြကွက်တို့ ပြသထားပါသည်။ ထို့အပြင် ပြပွဲအစီအစဉ်အဖြစ် ဒစ်ဂျစ်တယ် ပရိုဂျက်တာ ပြသမှုစနစ်ဖြင့် မြန်မာ့အလှ မြန်မာ့ရှုခင်းပြကွက် ၊ အီဂျစ်ပြည်ရှိ အထင်ကရ အဆောက်အဦးများအား ကိုယ်တိုင်ရောက်ရှိနေသကဲ့သို့ မြင်တွေ့ရမည့်အပြင် အီဂျစ်ဖာရို ဘုရင်များနှင့် ကြယ်တာရာများ ဆက်စပ်ယုံကြည်မှု ဇာတ်လမ်းတိုပြကွက် ၊အနန္တစင်္ကြာဝဠာအတွင်း လှို့ဝှက်ဆန်းပြကွက်နှင့် သန္တာကျောက်တန်း ရေအောက် ကမ္ဘာ ပညာပေးဇာတ်လမ်းတို့ ပြသလျက်ရှိပါသည်။


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.