နျူကလိယ

အက်တမ် တစ်ခု၏ နျူကလိယ သည် အလွန် သိပ်သည်းသော နေရာဖြစ်ပြီး နျူကလီယွန် (ပရိုတွန် နှင့် နယူထရွန်) တို့ပါဝင်သည်။ နယူကလီယ တို့၏ သဘောသဘာဝနှင့် အရည်အချင်းများကို မလေ့လာမှီ ယင်းတို့မှာ ပါရှိသော ဒြပ်မှုန်တွေအကြောင်း အကြမ်းဖျင်းလေ့လာ ကြည့်ကြပါစို့။ နယူကလီယ တို့တွင် ပရိုတွန်( proton ) နှင့် နယူထရွန်(neutron) ဆိုတဲ့ အခြေခံမှုန် ၂ မျိုးနဲ့ ဖွဲ့စည်းထားကြတာကိုတွေ့မြင်ရပါသည်။ ပရိုတွန်တစ်ခု သည် ဟိုက်ဒရိုဂျင် အက်တမ်၏ နယူကလိယတွင်ပင် ပါရှိပြီး ယင်းမှာ လျှပ်စစ် +e ( e= အီလက်ထရွန်ဒြပ်မှုန်တစ်ခုတွင်ရှိသောလျှပ်စစ်ပမာဏ) ရှိတယ်။ ဒြပ်ထုကတော့ အီလက်ထရွန် ဒြပ်ထုထက် ၁၈၃၀ ဆမျှရှိတာကို တွေ့ရပါတယ်။ နယူထရွန်မှာ တော့ လျှပ်စစ်ဓာတ်မရှိပဲ ပရိုတွန်ထက် အနည်းငယ်ပိုပြီးလေးတယ်(၀.၁%မျှ)။

ဟီလီယမ် အက်တမ်၏ ပုံကြမ်း။ အလယ်မှ နယူကလိယ တွင် အနီရောင် ပရိုတွန် နှင့် အပြာရောင် နယူထရွန်

နယူကလီးယပ်(Nucleus) တစ်ခု တွင် ရှိသော ပရိုတွန် အရေအတွက်နှင့် နယူထရွန် အရေအတွက်တို့ ပေါင်းခြင်းသည် ယင်းနယူကလီးယပ်၏ ဒြပ်ထုကိန်း ပင်ဖြစ်သည်။

ဥပမာ..A=Z+N

A=နယူကလီးယပ် ဒြပ်ထုကိန်း
Z=ပရိုတွန် အရေအတွက် (atomic number)
N=နယူထရွန် အရေအတွက်

ယေဘုယျ အားဖြင့် နယူကလီးယပ်၏ ဒြပ်ထုကိန်း သည် ၄ဝ တန်ဖိုးအောက် ရောက်ပါက ယင်း တို့အား ပေါ့သော နယူကလီးယပ် အဖြစ် သတ်မှတ် ပါသည်။တန်ဖိုး ၄ဝ မှ ၁၀ဝ ကြားရှိသော နယူကလီးယပ် များကို အလယ်အလတ် လေးသော နယူကလီးယပ် များအဖြစ် သတ်မှတ်ပြီး ၊ ၁၀ဝ ထက်တန်ဖိုး များသော နယူးကလီးယပ် များကို လေးသော နယူကလီးယပ် အဖြစ်သတ်မှတ်ပါသည်။

နယူကလိယ ဖွဲ့စည်းပုံ

ပရိုတွန် နှင့် နယူထရွန် ၂ မျိုးခြုံပြီး နယူကလီယွန် (neucleons) လို့ခေါ်လေ့ရှိကြပါသည်။ နယူကလိယ အမျိုးမျိုးမှာ ပရိုတွန်နှင့် နယူထရွန်အရေအတွက် အချိုးအဆ အမျိုးမျိုး ပေါင်းစပ်ပါဝင်နေကြတယ်။

အရေအတွက် အချိုးတစ် ခုရှိတဲ့ ပရိုတွန်-နယူထရွန် အဖွဲ့အစည်းကို နယူကလိုက်( nuclide ) တမျိုးလို့ခေါ်တယ်။ ဒီနေရာမှာ မှတ်ထားရမှာကတော့ နယူကလိုက်တစ်ခုဟာ အက်တမ်ရဲ့ နယူကလိယ ဖြစ်ချင်မှ ဖြစ်မယ်ဆိုတာပါပဲ။ တွေ့ရှိပြီး နယူကလိုက် ၁၄၄၀ ကျော်ထဲမှာ အခြေခိုင်တဲ့ အမျိုးအစားနဲ့ အခြေမခိုင်တဲ့ ရေဒီ ယိုသတ္တိကြွ (radioactive) မှုရှိတဲ့ အမျိုးအစားဆိုပြီး ၂ မျိုးရှိပါသည်။ သဘာဝဒြပ်စင် အမျိုးအစား ၉၂ မျိုးနဲ့ စာရင် နယူကလိုက်အရေအတွက်ဟာ အတော်များနေတာကို တွေ့ရပါတယ်။

နယူကလိုက် တစ်ခုကို အကြမ်းဖျင်းအားဖြင့် အလွန်ကျစ်လစ်ပြီး ခပ်လုံးလုံးပုံစံရှိသော ပရိုတွန်-နယူထရွန် အဖွဲ့အစည်းတစ်ခုရယ်လို့ ယူဆနိုင်ပါသည်။ ဒီလိုအဖွဲ့အစည်းမှာ လျှပ်စစ်အဖိုဆောင်ပရိုတွန်များကိုပါ တည်မြဲအောင် စုစည်းထားနိုင်တာဟာ စဉ်းစားစရာဖြစ်နေပါသည်။ ပရိုတွန် အချင်းချင်းတွန်းကန်ကြတဲ့ လျှပ်မှုန်အချင်းချင်းတွန်းအား (ကူးလောင်း ဟူသည့် ပမာဏပြစကားလုံးဖြင့် တိုင်းတာဖေါ်ပြလေ့ရှိသည်) များရှိသောကြောင့် နယူကလိယဟာ ဒီတိုင်းဆိုရင်ပြိုကွဲပျက်စီးသွားရန်အကြောင်းရှိနေပါတယ်။

ဒီလိုဖြစ်မသွားခြင်းကိုထောက်ပြီး နယူကလိုက်တို့မှာ ကူးလောင်းအားထက် ပြင်းထန်ပြီး ပေါင်းစည်းမှုကိုပေးစွမ်းနိုင်တဲ့ အားတစ်မျိုးမျိုးရှိနေတယ် လို့ဆိုရတော့မှာဖြစ်ပါတယ်။

ဒီအားမျိုးရဲ့ သဘာဝကို တိတိကျကျ မဖော်ပြနိုင်သေးပေမယ့် ဒီအားဟာ ပြင်းအားအလွန်ကြီးပြီး နယူကလီယွန်( ပရိုတွန်ရော နယူထရွန်ပါ) များအကြား သက်ရောက်တဲ့ ဆွဲအားအသစ်တစ်မျိုးဖြစ်တယ်ဆိုတာ မှန်းဆကြည့်ရှုနိုင်ပါသည်။ အရင်က သိပြီးသားဖြစ်သော ဒြပ်ဆွဲအား နှင့် သံလိုက်အားမျိုးတွေနှင့်ကွာခြားမှုရှိသော တသီးတခြား အားတစ်မျိုးသာ ဖြစ်နိုင်ပါသည်။ ဒီအားကို နယူကလိယပေါင်းစည်းအား ( ဝါ ) အပြင်းအားအပြန်အလှန်သက်ရောက်မှုလို့ပဲ ခေါ်ကြပါမည်။ နယူကလိယများကို နယူကလီယွန်များနဲ့ ဖွဲ့စည်းထားတယ်ဆိုရင် နယူကလီယွန်များကိုလည်း ဘာနဲ့ဖွဲ့စည်းထားသလဲဆိုတာကို သိရှိလိုကြပေလိမ့်မည်။ အဆိုပါအကြောင်းအရာများကို နောင်တွင်အသေးစိတ်ဆက်လက်ဖော်ပြသွားပါမည်။

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.