ဗဟိန်း၊ ကို
ကိုဗဟိန်းကို ၁၂၇၉ ခု ၊ ဝါဆိုလဆန်း (၉) ရက် ( ခရစ် ၁၉၁၇ ခု ၊ ဇွန်လ ၂၇ ရက်)ဗုဒ္ဓဟူးနေ့၊ နံနက် (၇) နာရီအချိန်တွင် အင်းဝမြို့ကိုင်းတန်း ရပ်၌ ဖွားမြင်သည်။ အဖ ဦးမှင် ၊ အမိ ဒေါ်ဦးတို့၏ ပဉ္စမမြောက်သား ဖြစ်သည်။ မန္ဒလေးမြို့ အေဘီအမ် မိန်းကလေးကျောင်း၊ သကျသီဟ ဘုရားအနီး ဆရာငုံကျောင်း၊ မန္တလေးမြို့ ဗဟိုအမျိုးသား အထက်တန်းကျောင်းများတွင် ပညာဆည်းပူးခဲ့သည်။ ၁၉၃၄ ခုနှစ်တွင် မန္တလေး ဥပစာ ကောလိပ်၌ စတင်ပညာသင်ကြားခဲ့သည်။ ၁၉၃၅-၃၆ ခုနှစ်တွင် မန္တလေး ဥပစာ ကောလိပ် ကျောင်းသားများ သမဂ္ဂအမှုဆောင် ဖြစ်ခဲ့သည်။ ၁၉၃၆ ခု ကျောင်းသား သပိတ်တွင် စစ်ကိုင်း အစိုးရ အထက်တန်းကျောင်းသို့ သပိတ် သွားတားရာ၊ ကျောင်းအုပ်ကြီး မစ္စတာဒေါင်းနှင့် စကောက်များက ဝိုင်းရိုက်သဖြင့် ဒဏ်ရာရှိခဲ့သည်။ ၁၉၃၆ -၃၇ ခုနှစ်တွင် မန္တလေး ဥပစာ ကောလိပ်ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့၍ အထက်တန်းကို ပါဠိဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့လေသည်။
ရန်ကုန်တက္ကသိုလ်တွင် ဆက်လက်ပညာဆည်းပူး၍ ၁၉၃၈-၃၉ ခုတွင် တကသ အမှုဆောင်အဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရသည်။ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသ)ဥက္ကဋ္ဌ ကိုအောင်ဆန်း နုတ်ထွက်သွားသဖြင့် ကိုဗဟိန်းသည် ဥက္ကဋ္ဌ တာဝန်ကို ၁၉၃၈ ခုနှစ်တွင် တာဝန်ယူခဲ့သည်။
၁၉၃၈ ခုနှစ်၌ ရေနံမြေ သပိတ် ပေါ်ပေါက်ခဲ့သည်။ ရေနံမြေ သပိတ်သမားများသည် ရန်ကုန်မြို့သို့ ချီတက် ဆန္ဒပြရန်၊ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ရေနံချောင်းမြို့မှ ထွက်ခဲ့ကြသည်။ ဥက္ကဋ္ဌ ကိုဗဟိန်းနှင့် ကိုဗဆွေတို့သည် ရေနံချောင်းမြို့တွင် ပေါ်ပေါက်လျက်ရှိသော ကျောင်းသား သပိတ်အရေးနှင့် ရေနံမြေမှ ချီတက်လာသော သပိတ်သမားများ အရေးကို စုံစမ်းရန်ခရီးထွက်ခဲ့ကြသည်။ မကွေးမြို့၌ ရေနံမြေမှ ချီတက်လာသော သပိတ်သမားများအား တရားဟောနေစဉ်၊ အဖမ်းခံခဲ့ရလေသည်။ တရားဟောနေစဉ်
“ | မြင်းခွာတချက်ပေါက်ရင် မီးဟုန်းဟုန်း တောက်စေရမယ် | ” |
လို့ ရဲရဲတောက်စကား ပြောကြားခဲ့ပါတယ်။[1] သမဂ္ဂ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးအား ဖမ်းဆီးသဖြင့် ကျောင်းသား သပိတ် ပေါ်ပေါက်ခဲ့လေသည်။
ကျောင်းသားများသည် အတွင်းဝန်များရုံး သို့ ချီတက် ဆန္ဒပြကြရာ၊ ဂေါ်ရာစာသင်များက မြင်းနှင့်တိုက်၊ နံပါတ်တုတ်နှင့် ရိုက်သဖြင့်၊ ဂျပ်ဆင်ကောလိပ်မှ ကိုအောင်ကျော် ကျဆုံးခဲ့သည်။ ကျောင်းသားအများအပြား ဒဏ်ရာရခဲ့ကြသည်။ ကျောင်းသား၊ အလုပ်သမား၊ လယ်သမား သပိတ်ပေါင်းစုံ စုစည်းမိကာ၊ ၁၃၀၀ ပြည့် အရေးတော်ပုံဟု သမိုင်းဝင် မှတ်တမ်းတင်ခဲ့ကြရသည်။ ကျောင်းသူ၊ ကျောင်းသားများ မြို့မသပိတ်စခန်းတွင် အစာငတ်ခံ ဆန္ဒပြခဲ့ကြသည်။ ဒေါက်တာဘမော် အစိုးရ ပြုတ်ကျ၍ ဦးပုအစိုးရ တက်ပြီး၊ ကျောင်းသား သပိတ်အရေး ပြီးဆုံးခဲ့ရလေသည်။
ကိုဗဟိန်းသည် ၁၉၃၉ ခုနှစ်တွင် တက္ကသိုလ်မှထွက်၍ ဒို့ဗမာ အစည်းအရုံးသို့ ဝင်ရောက်လုပ်ဆောင်ခဲ့သည်။ ထိုအချိန်မှစ၍ သခင်ဗဟိန်း အမည်တွင်ခဲ့သည်။ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်သောအခါ မြေအောက်တော်လှန်ရေး လုပ်ငန်းများကို ခေါင်းဆောင်ပြီး ပြည်သူ့အရေးတော်ပုံ စာတမ်း၊ မီးပွားစာစောင်၊ ဗမာ့တော်လှန်မှု စာတမ်းများကို လျှို့ဝှက် ရေးသားထုတ်ဝေခဲ့သည်။[1] ၁၉၄၀ ခုနှစ်တွင် ဖမ်းဆီးခံခဲ့ရပြီး၊ အင်္ဂလိပ်အပြေးတွင် မန္တလေးထောင်မှ သခင်နုတို့နှင့်အတူ လွတ်မြောက်ခဲ့သည်။ ဂျပန်ခေတ် ဒေါက်တာဘမော်အစိုးရ လက်ထက်တွင်၊ နိုင်ငံခြားရေးဌာန အတွင်းဝန်အဖြစ် ဆောင်ရွက်ခဲ့သည်။[2] ဖက်ဆစ်တို့ကို တော်လှန် တိုက်ခိုက်ရန် အတွက် တော်လှန်ရေး စစ်တိုင်းများကို သတ်မှတ်ပြီး တိုင်းအလိုက် စစ်ရေး၊ နိုင်ငံရေး ခေါင်းဆောင်များ ကို ရွေးချယ် သတ်မှတ်ခဲ့သည့် အခါ တိုင်း (၁) ပြည်၊ သာယာဝတီ၊ ဟင်္သာတအရှေ့ အတွက် စစ်ရေး ခေါင်းဆောင် အဖြစ် ဗိုလ်ချုပ်အောင်ဆန်း ကို သတ်မှတ်ခဲ့ပြီး နိုင်ငံရေး ခေါင်းဆောင် အဖြစ် သခင်ဗဟိန်းကို ရွေးချယ် သတ်မှတ်ခဲ့သည်။[2] ၁၉၄၅ ခုနှစ် ဂျပန်တော်လှန်ရေးတွင် တောင်ငူခရိုင်တွင် တာဝန်ယူခဲ့သည်။
ကိုဗဟိန်းသည် ဗမာပြည် ကွန်မြူနစ်ပါတီကို တည်ထောင်သူ တစ်ဦးဖြစ်ပြီး၊ ၁၉၄၆ ခုနှစ် ကွန်မြူနစ်ပါတီ ပြောင်(တရားဝင်) ထူထောင်သော အခါတွင် ဗဟိုကော်မတီ ဖြစ်ခဲ့သည်။ နောင်တွင် ပေါလစ်ဗျူရို အဖွဲ့ဝင် ဗမာပြည် အလုပ်သမားများ သမဂ္ဂ(A.B.T.U.C)၏ ဥက္ကဋ္ဌ ဖြစ်ခဲ့လေသည်။ ၁၉၄၆ ခု နိုဝင်ဘာလ ၂၀ ရက်နေ့တွင် မန္တလေးမြို့ ပြည်သူ့ ဆေးရုံကြီးတွင် ကွယ်လွန် အနိစ္စရောက်ခဲ့သည်။ ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ လွတ်လပ်ရေး မော်ကွန်းဝင် စာရင်းတွင် ပထမအဆင့် ကျေညာပေးခြင်း ခံခဲ့ရသူ ဖြစ်လေသည်။[1][3]
ကိုးကား
- ဖက်ဆစ်တော်လှန်ရေးနှင့် သခင်ဗဟိန်း၊ အောင်မြင့်ဦး (မဟာဝိဇ္ဇာ)။ ၁ ၊ ၂၀၁၂ တွင် ပြန်စစ်ပြီး။မေ ၂၀၁၂ တွင် ပြန်စစ်ပြီး။
- အိုးဝေ (၁၉၆၀)။ ဒုတိယကမ္ဘာစစ်မတိုင်မီ တကသ ဥက္ကဋ္ဌများ။ နှစ်လည်စာစောင်။
- အိုးဝေမဂ္ဂဇင်း တွဲ ၁၊ အမှတ် ၁၀ (၁၉၅၉-၆၀)စာ ၄၁၊ ၄၂။