ဗဟိုအမေရိက

မြောက်အမေရိကတိုက်နှင့် တောင်အမေရိကတိုက်စပ်ကြား၌ အနောက်မြောက်မှ အရှေ့တောင်သို့ သွယ်တန်းတည်ရှိသော မြေထုကို ဗဟိုအမေရိကဟု ခေါ်သည်။ မြောက်ဘက်၌ မက္ကဆီကိုနိုင်ငံ၊ တောင်ဘက်၌ ကိုလံဘီယာနိုင်ငံ၊ အရှေ့ဘက်နှင့် အနောက်ဘက်တို့၌ ကာရစ်ဘီယံပင်လယ်တို့နှင့် ပစိဖိတ်သမုဒ္ဒရာတို့ အသီးအသီး တည်ရှိကြသည်။ ဗဟိုအမေရိကတွင် ပါဝင်သောနိုင်ငံများမှာ ဂွါတီမာလာနိုင်ငံဟွန်ဒူးရပ်စ်နိုင်ငံအယ်ဆာဗေဒိုနိုင်ငံနီကာရာဂွါနိုင်ငံကော့စတာရီကာနိုင်ငံပနားမားနိုင်ငံနှင့် ဘလိဇ်နိုင်ငံတို့ ဖြစ်ကြသည်။

ဗဟိုအမေရိက (Central America)
ဧရိယာ၂၀၂၀၀၀ စတုရန်းမိုင် (၅၂၄၀၀၀ စတုရန်းကီလိုမီတာ)[1]
လူဦးရေ၄၃,၃၀၈,၆၆၀ (၂၀၁၃ ခန့်မှန်း)[1]
လူဦးရေသိပ်သည်းဆ၇၇/km2 (၂၀၀/sq mi)
နိုင်ငံများ
DemonymCentral American
GDP$၁၀၇.၇ ဘီလီယံ (ငွေလဲလှယ်နှုန်း) (၂၀၀၆)
ဘာသာစကားစပိန်ဘာသာအင်္ဂလိပ်ဘာသာ၊ Mayan languages, Garifuna, Kriol, ဥရောပဘာသာ နှင့် အခြား
Time ZonesUTC - 6:00, UTC - 5:00

ဗဟိုအမေရိက၏ လူဦးရေမှာ ၃၄,၇၈၇,၅၀၂ ဖြစ်၍ လူအများစုမှာ တိုင်းရင်းသား အင်ဒီးယန်း လူမျိုးများပင် ဖြစ်သည်။ စပိန် အင်ဒီးယန်း ကပြားများလည်း ရှိသည်။ စပိန်သွေးအစစ် လူမျိုးလည်း အနည်းငယ်ရှိသည်။

သမိုင်းကြောင်း

ဗဟိုအမေရိကကို ၁၅ဝ၂ ခုနှစ် ကိုလံဘတ်က ရှေးဦးစွာ တွေ့ရှိခဲ့သည်။ နောက် အနှစ်သုံးရာ အတွင်း၌ စပိန်တို့သည် နယ်အားလုံးနီးနီးကို သိမ်းပိုက်မိကြလေသည်။ ဟွန်ဒူးရပ်နယ်တစ်ခုကိုသာ ဗြိတိသျှ တို့က ရရှိလိုက်သည်။ ၁၈၂၃ ခုနှစ်တွင် ထိုနယ်အားလုံးလိုလိုပင် သမ္မတနိုင်ငံကလေးများ ဖြစ်လာကြသည်။ ထိုနိုင်ငံအားလုံးပင် ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့ဝင်များ ဖြစ်နေကြလေပြီ။

ပထဝီဝင်

ဗဟိုအမေရိကသည် အလျားမိုင်ပေါင်း ၁ဝဝဝ ခန့်ရှိ၍ အကျယ်မှာ အချို့နေရာ၌ မိုင် ၅ဝဝ ကျော်သော်လည်း အချို့နေရာ၌မူ မိုင် ၅ဝ မျှပင် မရှိတတ်ချေ။ ဧရိယာ အကျယ်အဝန်းမှာ ၂၀၂၀၀၀ စတုရန်းမိုင် (၅၂၄၀၀၀ စတုရန်းကီလိုမီတာ) ရှိသည်။ ဗဟိုအမေရိကမြေပုံကိုကြည့်လျှင် ထူးဆန်းသော အသွင်အပြင်ရှိသည်ကို တွေ့ရပေမည်။ ပင်လယ်ကမ်းရိုးတန်းမှာ တပြေးညီညာမဟုတ်ပဲ အကွေ့အကောက် အဖုအထစ်များသဖြင့် ကျွန်းဆွယ်များ ပေါ်ထွန်းလျက်ရှိလေသည်။ အကြီးဆုံးနှင့် အရေးပါအရာရောက်ဆုံး ကျွန်းဆွယ်မှာ မက္ကဆီကို ပင်လယ်ကွေ့နှင့် ကာရစ်ဘီယံပင်လယ်တို့ ပိုင်းခြားထားသော ယူးကတန်ကျွန်းဆွယ် ဖြစ်သည်။

ရာသီဥတု

ဗဟိုအမေရိကသည် အပူပိုင်းဒေသတွင်းသို့ ကျရောက်နေသော်လည်း မြေအနိမ့်အမြင့် မညီမျှသောကြောင့် ရာသီဥတုမှာ သုံးမျိုးကွဲပြားလျက်ရှိသည်။ ပင်လယ်ကမ်းရိုး တစ်လျှောက်ရှိ မြေနိမ့်ပိုင်းတွင် ရာသီဥတုမှာ ပူအိုက်၍ စိုစွတ်ထိုင်းမှိုင်းသည်။ ဤဒေသတွင် ငှက်ပျောပင် အမြောက်အမြား စိုက်ပျိုးကြသည်။ ကုန်းပြင်မြင့်ဒေသတို့မှာ သမပိုင်းရာသီဥတု ရှိသည်။ သို့ဖြစ်၍ ယင်းဒေသတို့၌ လူနေများသည်ကို တွေ့ရသည်။ တောင်တန်းဒေသအထက်ပိုင်းတွင်ကား ရာသီဥတုသည် အေးချမ်း၍ ပျမ်းမျှ အပူချိန် ၆ဝ ဒီဂရီ လောက်သာရှိသည်။ အမေရိကတိုက် အလယ်ပိုင်းပေါ်သို့ ဖြတ်သန်း၍ လေယာဉ်ပျံဖြင့် ခရီးသွားပါက ကတော့ခွက်သဏ္ဌာန်ရှိသော မီးတောင်များကို တသီတတန်း တွေ့မြင်ရပေလိမ့်မည်။ အချို့သော မီးတောင်များမှာ ယခုတိုင် မီးခိုး မီးငွေ့များ ထွက်လျက်ရှိသေးသည်။ ယင်းမီးတောင်များ တည်ရှိသော တောင်တန်းကြီးကို ကော်ဒီလားရား တောင်တန်းဟု ခေါ်သည်။ ဤတောင်တန်းမှာ ပစိဖိတ်သမုဒ္ဒရာကို မျက်နှာမူကာ ကျောရိုးကြီးသဖွယ် မြင့်မားစွာ တည်ရှိနေလေသည်။ တောင်တန်းသည် အနောက်ဘက်၌ မတ်စောက်၍ အရှေ့ဘက်သို့ တဖြည်းဖြည်း နိမ့်ဆင်းသွားသည်။ သစ်တောများတွင် မဟောဂနီ၊ ပျဉ်းကတိုးစသော အဖိုးတန် သစ်ပင်များ ပေါက်ရောက်သည်။

စီးပွားရေး

အဓိကလုပ်ငန်းများမှာ လယ်ယာစိုက်ပျိုးရေး ဖြစ်သည်။ စိုက်ပျိုးသော အသီးအနှံပင်များမှာ ကာဖီ၊ ဂျုံ၊ ပြောင်း၊ ငှက်ပျော၊ အုန်း၊ ကကေးအို၊ ကြံပင်၊ ကြက်ပေါင်စေးပင်နှင့် ပဲအမျိုးမျိုးဖြစ်သည်။ အမေရိကတိုက် အလယ်ပိုင်းတွင် ရွှေ၊ ငွေ၊ ကြေးနီ၊ ခဲ၊ သွပ်၊ သံ စသော အဖိုးတန် သတ္တုများလည်းထွက်သည်။ သို့ရာတွင် ရွှေနှင့်ငွေ တူးဖော်ခြင်း လုပ်ငန်းကိုသာ အများဆုံး လုပ်ကိုင်ကြသည်။ [2]

လမ်းပန်းဆက်သွယ်ရေး

ပန်−အမေရိကန် အဝေးပြေးလမ်းမကြီးသည် ဒန်ရီရန်အကြားဟုခေါ်သော မိုးသစ်တောနေရာ ၈၇ ကီလိုမီတာခန့်မှ လွဲ၍ ဗဟိုအမေရိကကို ဖြတ်သန်းဖောက်လုပ်ထားသည်။ ယင်းလမ်းမကြီးသည် အမေရိကကုန်းမကြီးရှိနိုင်ငံများ၏ အဝေးပြေးလမ်းများနှင့် ချိတ်ဆက်ထားသည်။ ဂင်းနက် ကမ္ဘာ့စံချိန်မှတ်တမ်းစာအုပ်အရ ပန်−အမေရိကန် အဝေးပြေးလမ်းမကြီးသည် ကမ္ဘာ့အရှည်ဆုံးသော မော်တော်ကားလမ်းဖြစ်သည်။

ဗဟိုအမေရိကတွင် လေကြောင်းလိုင်းအနည်းငယ်သာရှိသည်။ ယင်းတို့အနက် အကြီးဆုံးလေကြောင်းလိုင်းမှာ ကိုပါလေကြောင်းလိုင်းဖြစ်ပြီး လေယာဉ် ၉၁ စီးဖြင့် ၆၅ နေရာသို့ ပြေးဆွဲပျံသန်းနေသည်။

ကိုးကား

  1. "The World Factbook" (PDF) (2013). US Central Intelligence Agency.
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.