ဗောဇ္ဈင်္ဂသုတ်
ဗောဇ္ဈင်္ဂသုတ်သည် သံယုတ်ပါဠိတော်၌ပါရှိသော သုတ္တံတစ်ခုဖြစ်၍ မြတ်ဗုဒ္ဓကိုယ်တိုင် ဟောကြားတော်မူခဲ့သည်။ ပရိတ်ကြီး (၁၁)သုတ်ဟု လူသိများသော ပရိတ်ကြီးပါဠိတော်တွင် ဤသုတ္တံကို အခြေခံ၍ ဂါထာများနှင့် သစ္စာပြုပုံကိုသာ ရေးဖွဲ့ထားခြင်းဖြစ်သည်။ ပရိတ်ကြီးလာ ဗောဇ္ဈင်္ဂသုတ်သည် မူရင်းမဟုတ်ဘဲ နေ့စဉ်ရွတ်ဖတ်ပူဇော်သောအခါ အဆင်ပြေစေရန် စီရင်ရေးသားထားသော သုတ်ဖြစ်သည်။ [1]
ဗောဇ္ဈင်္ဂသုတ်တွင် ဗောဇ္ဈင်ခုနစ်ပါး မြတ်တရား၏ အကျိုးကျေးဇူးတို့ကို ဟောပြထားပါသည်။ "သတိ၊ ပညာ (ဓမ္မဝိစယ)၊ ဝီရိယ၊ ပီတိ၊ ပဿဒ္ဓိ၊ သမာဓိ၊ ဥပေက္ခာ ဤတရားခုနှစ်ဖြာတို့ကို ဗောဇ္ဈင်တရားများ ဖြစ်ကြသည်"ဟူ၍ မြတ်စွာဘုရားက ထုတ်ဖေါ်ပြောကြားပေ၏။ "ဗောဇ္ဈင်ခုနစ်ပါးသည် ကျင့်သုံး၊ ပွားများရမည့်တရားဖြစ်၍ သံသရာ၌ ကျင်လည်နေကြရသော သူတို့၏ ဆင်းရဲဒုက္ခကို သက်သာပျောက်ကင်းစေနိုင်၏။ ထကြွ သောင်းကျန်းလာသော ကိလေသာတို့ကိုလည်း နှိပ်ကွပ်ဆုံးမနိုင်၏။ အရဟတ္တမဂ်၏ အင်္ဂါအစိတ်အပိုင်းလည်း ဖြစ်ပေ၏။"ဟု ဤသုတ်တွင် ပြဆိုထားသည်။
ဝေါဟာရ အနက်အဓိပ္ပာယ်
ဗောဇ္ဈင်္ဂသည် ဗောဓိ နှင့် အင်္ဂ ကိုတွဲစပ်ရေးသားထားသည့် ပုံစံဖြစ်၍ ဗောဓိသည် အသိဉာဏ် (သို့) အသိဉာဏ်ရှိသူ ဖြစ်ကာ အင်္ဂ သည် အကြောင်းတရားဟုအနက်ရရှိသည်။ ထို ဗောဓိအင်္ဂမှ ဗောဇ္ဈင်္ဂ ဟူ၍ ပြောင်းလဲသည့်သဘောဖြစ်သည်။ ထို့ကြောင့် အသိဉာဏ်ရခြင်း၏ အကြောင်းဟု အနက်ရသည်။[2]
ဗောဇ္ဈင်္ဂ (အင်္ဂလိပ်-ပါဠိ : Bojjhanga[3]) ဟူသောစကားလုံးကို တိပိဋက ပါဠိ-မြန်မာအဘိဓာန်၌ ဤသို့ဖွင့်ဆိုသည်။ “ဗောဓိ+အင်္ဂ။ သတိ၊ ပညာ စသော ၇ ပါး အပေါင်းအစုသည် သစ္စာ ၄-ပါး သိရာ၌လည်းကောင်း၊ ကိလေသာအစဉ်ဟူသော အိပ်ပျော်ခြင်းမှ နိုးရာ၌လည်းကောင်း၊ နိဗ္ဗာန်ကို မျက် မှောက်ပြုရာ၌လည်းကောင်း အကြောင်းတရားများ ဖြစ်သည်၊ ထိုကြောင့် ဗောဓိ မည်၏၊ ထို အပေါင်းအစုဖြစ်သော ဗောဓိ၏အစိတ်အပိုင်း (အင်္ဂ)သည် ဗောဇ္ဈင်္ဂမည်၏။ တနည်းအားဖြင့် သစ္စာ ၄-ပါး သိတတ်သော၊ ကိလေသာအစဉ်ဟူသော အိပ်ပျော်ရာမှ နိုးတတ်သော၊ နိဗ္ဗာန်ကိုမျက်မှောက်ပြုတတ်သော အရိယာသာဝကသည် ဆိုအပ်ပြီးသော ဂုဏ်သတ္တိ ကြောင့် ဗောဓိမည်၏၊ ထိုအရိယာသာဝကဟူသော ဗောဓိ၏ဖြစ်ကြောင်း တရားတို့ သည် (ဤအရာ၌ အင်္ဂသဒ္ဒါအကြောင်းဟော ဖြစ်၏) ဗောဇ္ဈင်္ဂမည်၏။”[4]
ဟောတော်မူခြင်း
အခါတစ်ပါးတွင် မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်း၌ သတင်းသုံးတော်မူစဉ် အရှင်မဟာကဿပမထေရ်သည် ပိပ္ပလလှိုဏ်ဂူ၌ နေထိုင်မကောင်းဖြစ်သည်။ ထိုအခါ မြတ်စွာဘုရားသိတော်မူ၍ ဗောဇ္ဈင်တရား (၇)ပါးကို ဟောတော်မူသည်။
"သတ္တိမေ ကဿပ ဗောဇ္ဈင်္ဂါ
မယာ သမ္မဒက္ခာတာ ဘာဝိတာ ဗဟုလီကတာ အဘိညာယ သံမ္ဗောဓာယ
နိဗ္ဗာနာယ သံဝတ္တန္တိ"
အဓိပ္ပာယ်မှာ မြတ်စွာဘုရားဟောကြားသည့် ဤတရားခုနှစ်ပါးကို ပွားများအားထုတ်လျှင် အသိဉာဏ်ပညာ၍ သစ္စာလေးပါးကို သိခြင်း၊ နိဗ္ဗာန်ချမ်းသာရခြင်းတို့ဖြစ်စေမည်ဟူ၍ ဖြစ်သည်။ ထိုတရားများကို မိမိသန္တာန်တွင် ထပ်ခါတလဲလဲ လိုက်နာကျင့်ကြံ ပွားများအောင်ပြုလုပ်ရန်ဖြစ်သည်။[5] ရှင်မဟာ မောဂ္ဂလန် နေထိုင်မကောင်းသည့်အခါတွင်လည်း ကျင့်ကြံ နှလုံးသွင်း အားထုတ်ရမည့် ဤတရားကိုသာဟောခဲ့သည်။ မြတ်ဗုဒ္ဓ နေထိုင်မကောင်းဖြစ်တော်မူသောအခါ အပါးတော်အလုပ်အကြွေးဖြစ်သော စုန္ဒမထေရ်ကို မြတ်စွာဘုရားက ဟောခိုင်းကာ ကိုယ်တော်တိုင် နှလုံးသွင်းဆင်ခြင်သည်။
ရောဂါပျောက်ကင်းပုံ
မြတ်စွာဘုရားဟောကြားသော ထိုတရားများကို အရှင်မဟာကဿပမထေရ်သည် နှလုံးသွင်း ပွားများကျင့်သုံးသောအခါ အဆင့်တစ်ခု၌ ပီတိဟုခေါ်သော ကြည်နူးခြင်းဖြစ်လာသည်။ စိတ်ကြည်လင်သာအခါ အကြောင်းအကျိုးသဘောအရ စိတ်မှ ခန္ဓကိုယ်ကို ကျေးဇူးပြုသည့် လောကနိယာမသဘောအရ သွေးသားများစင်ကြယ်၍ ရောဂါပျောက်ကင်းခဲ့သည်။ [6]
ဗောဇ္ဈင်သုတ် ပါဠိနှင့် မြန်မာပြန် အဓိပ္ပါယ်
စဉ် | ပါဠိ | မြန်မာပြန် |
---|---|---|
၁။ | သံသာရေ သံသရန္တာနံ၊ သဗ္ဗဒုက္ခ ဝိနာသနေ။ |
ဗောဇ္ဈင်ခုနှစ်ပါး မြတ်တရားသည် သံသရာ၌ ကျင်လည်နေကြရသော သူတို့၏ ဆင်းရဲဒုက္ခကို သက်သာပျောက်ကင်းစေနိုင်၏။ ထကြွ သောင်းကျန်းလာသော ကိလေသာတို့ကိုလည်း နှိပ်ကွပ်ဆုံးမနိုင်၏။ အရဟတ္တမဂ်၏ အင်္ဂါအစိတ်အပိုင်းလည်း ဖြစ်ပေ၏။ |
၂။ | ဗုဇ္ဈိတွာ ယေ စိမေ သတ္တာ၊ တိဘဝါ မုတ္တကုတ္တမာ။ |
သတ္တဝါတို့သည် ဗောဇ္ဈင်ခုနှစ်ပါး မြတ်တရားကို ဒိဋ္ဌသိမြင်ကြပါလျှင် ဘဝသုံးပါးမှ ကျွတ်လွတ်ကြကုန်၏။ မြတ်ရာသို့လည်း ရောက်ကုန်၏။ ပဋိသန္ဓေနေရသည့်ဘေး၊ အိုရသည့်ဘေး၊ နာရသည့်ဘေး၊ သေရသည့်ဘေးတို့ကင်းသော နိဗ္ဗာန်သို့လည်း ရောက်ကြရကုန်၏။ |
၃။ | ဧဝမာဒိ ဂုဏူပေတံ၊ အနေကဂုဏသင်္ဂဟံ။ |
ဆိုခဲ့ပြီးသော ဂုဏ်ကျေးဇူးတို့နှင့်သာမက အခြားသော ဂုဏ်ကျေးဇူးတို့နှင့် ပြည့်စုံသည့်အပြင် ဆေးလည်းဖြစ် မန္တရားလည်းဖြစ်သော ဤဗောဇ္ဈင်သုတ် ပရိတ်တော်ကို ကျွန်ုပ်တို့ စုပေါင်း ရွတ်ဆိုကြပါကုန်စို့။ |
၄။ | ဗောဇ္ဈင်္ဂေါ သတိသင်္ခါတော၊ ဓမ္မာနံ ဝိစယော တထာ။ |
ဗောဓိဉာဏ်၏ အင်္ဂါအစိတ်အပိုင်း ဖြစ်ကုန်သော သတိ၊ ပညာ (ဓမ္မဝိစယ)၊ ဝီရိယ၊ ပီတိ၊ ပဿဒ္ဓိ၊ သမာဓိ၊ ဥပေက္ခာ ဤတရားခုနှစ်ဖြာတို့ကို ဗောဇ္ဈင်တရားများ ဖြစ်ကြသည်ဟူ၍ တရားအားလုံးကို သိမြင်တော်မူသော မြတ်စွာဘုရားက ထုတ်ဖေါ်ပြောကြားပေ၏၊ ထိုဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွားများအပ်ကုန်၏၊ ထပ်၍ထပ်၍ ပွားများအပ်ကုန်၏။ |
၅။ | သမာဓုပေက္ခာ ဗောဇ္ဈင်္ဂါ၊ သတ္တေ' တေ သဗ္ဗဒဿိနာ။ | |
၆။ | သံဝတ္တန္တိ အဘိညာယ၊ နိဗ္ဗာနာယ စ ဗောဓိယာ။ |
ဤဗောဇ္ဈင်ခုနှစ်ပါး တရားမြတ်စွာကို ပွားများသည်ရှိသော် တရားထူး တရားမြတ်တို့ကိုလည်း တိုးတက်သိစေနိုင်သည့် အကျိုးရှိ၏၊ ကိလေသာ ငြိမ်းအေးခြင်း အကျိုးလည်း ရှိ၏၊ အရဟတ္တမဂ်ကို ရရှိခြင်းအကျိုးလည်း ရှိ၏။ ဤသို့မှန်သောစကားကို ဆိုသဖြင့် သင့်အား (ကျွန်ုပ်အား /ဖခင်အား) အခါခပ်သိမ်း စီးပွားချမ်းသာ ဖြစ်ပါစေသတည်း။ |
၇။ | ဧကသ္မိံ သမယေ နာထော၊ မောဂ္ဂလ္လာနဉ္စ ကဿပံ။ |
အခါတပါး၌ မြတ်စွာဘုရားသည် မကျန်းမာသဖြင့် ဆင်းရဲဒုက္ခရောက်ရသော ရှင်မောဂ္ဂလာန်နှင့် ရှင်မဟာကဿပမထေရ် နှစ်ပါးအား ဗောဇ္ဈင်ခုနစ်ပါး တရားမြတ်စွာကို ဟောကြားတော်မူခဲ့၏။ |
၈။ | တေ စ တံ အဘိနန္ဒိတွာ၊ ရောဂါ မုစ္စိံသု တင်္ခဏေ။ |
ထိုမထေရ် နှစ်ပါးသည် ဗောဇ္ဈင်တရားတော်ကို လွန်စွာ နှစ်သက်ကြသည့်အတွက် တရားနာဆဲ ခဏမှာပင် အနာရောဂါမှ သက်သာပျောက်ကင်းခဲ့ရလေသည်။ ဤသို့ မှန်သော စကားကို ဆိုသဖြင့် သင့်အား (ကျွန်ုပ်အား /ဖခင်အား) အခါခပ်သိမ်း စီးပွားချမ်းသာ ဖြစ်ပါစေသတည်း။ |
၉။ | ဧကဒါ ဓမ္မရာဇာပိ၊ ဂေလညေနာ' ဘိပီဠိတော။ |
အခါတပါး၌ မြတ်စွာဘုရားကိုယ်တိုင် အနာရောဂါ ဖိစီးနှိပ်စက်ခြင်းကို ခံတော်မူရ၏၊ ထိုအခါ စုန္ဒမထေရ်မြတ်ကို ရိုသေစွာ ဗောဇ္ဈင်တရား ဟောစေပြီး မြတ်စွာဘုရား နာကြားတော်မူသည်။ |
၁၀။ | သမ္မောဒိတွာန အာဗာဓာ၊ တမှာ ဝုဋ္ဌာသိ ဌာနသော။ |
ဗောဇ္ဈင်တရားကို နှစ်လိုတော်မူ၍ ဟောသောခဏမှာပင် အနာပျောက်ကင်းလေသည်။ ဤသို့မှန်သော စကားကို ဆိုသဖြင့် သင့်အား (ကျွန်ုပ်အား /ဖခင်အား) စီးပွားချမ်းသာ အမြဲဖြစ်ထွန်းပါစေသတည်း။ |
၁၁။ | ပဟီနာ တေ စ အာဗာဓာ၊ တိဏ္ဏန္နမ္ပိ မဟေသိနံ။ |
မဟာကဿပထေရ်၊ မဟာမောဂ္ဂလာန်ထေရ်နှင့် ဘုရားရှင်တို့အား အနာရောဂါတို့ ကင်းပျောက်ကြကုန်၏။ မဂ်ဖြင့် ပယ်အပ်သော ကိလေသာတို့ကဲ့သို့ အနာရောဂါတို့သည် နောက်ထပ်မဖြစ်နိုင်ကြတော့ပေ။ ဤသို့မှန်သော စကားကို ဆိုသဖြင့် သင့်အား (ကျွန်ုပ်အား /ဖခင်အား) စီးပွားချမ်းသာ အမြဲဖြစ်ထွန်းပါစေသတည်း။ |
ဗောဇ္ဈင်္ဂသုတ္တံ နိဋ္ဌိတံ။ |
ဗောဇ္ဈင်္ဂသုတ် ပြီးစီးပါပြီ။[7] |
လက်သည်းကွင်းအတွင်းရှိ စကားလုံးများသည် မူရင်းစာအုပ်တွင် မပါရှိသော်လည်း ဖခင်အတွက် ပီတ၊ မိခင်အတွက် မာတာ၊ မိမိကိုယ်တိုင်အတွက် မေ စသဖြင့်ထည့်သွင်း ရွတ်ဆိုနိုင်သည်။
ဗောဇ္ဈင်္ဂသုတ် ရွတ်ဖတ်ရခြင်းအကျိုး
ဗောဇ္ဈင်္ဂသုတ်ကို ရွတ်ဖတ်ခြင်းဖြင့် "လူမမာများကို ရောဂါသက်သာစေသည်၊ ပျောက်ကင်းစေနိုင်သည်ဟူ၍ ယုံကြည်ကြသည်။ မူရင်း ဗောဇ္ဈင်သုတ် သုံးသုတ်ကိုတွဲ၍ ရွတ်လျှင် ပို၍ ကောင်းသည်"ဟု ဗုဒ္ဓဘာသာကောင်းတယောက်[7] စာအုပ်ထဲတွင် ဆိုထားပါသည်။ ပရိတ် အနက်အဓိပ္ပါယ်တွင်လည်း အရှင်မဟာမောဂ္ဂလာန်နှင့် အရှင်မဟာကဿပတို့ နေမကောင်း ဖြစ်သည့်အခါ၌ မြတ်စွာဘုရားက ဗောဇ္ဈင်ခုနစ်ပါးတရားကို ဟောပေးပြီး သက်သာရာ ရရှိကြောင်း၊ မြတ်စွာဘုရားကိုယ်တော်တိုင် နေမကောင်းဖြစ်သည့် အခါ၌လည်း စုန္ဒရဟန်းတော်အား ဗောဇ္ဈင်္ဂသုတ်ကို ဟောကြားစေပြီး သက်သာရာ ရရှိခဲ့ကြောင်းများကို ဖွဲ့ဆိုထားပါသည်။ ထိုကြောင့် သရဏဂုံ သုံးပါးနှင့် ငါးပါးသီလကို ဆောက်တည်၍ အကုသိုလ်ကင်းစင်နေချိန်တွင် ဗောဇ္ဈင်သုတ်ကို ယုံယုံကြည်ကြည်ရွတ်ဖတ်ပါက ဝေဒနာခံစားနေရသူများ ရောဂါ သက်သာပျောက်ကင်းနိုင်သည်ဟု မြန်မာဗုဒ္ဓဘာသာဝင်တို့က ယုံကြည်ကြသည်။
ကိုးကား
- ဒေါက်တာ နန္ဒမာလာဘိဝံသ (ဧပြီ၊ ၂၀၁၁)။ ဗောဇ္ဈင်္ဂသုတ် အနှစ်ချုပ်။ ရန်ကုန်: ဦးဝင်းနိုင် (သာသနာရေးဦးစီးဌာန ညွှန်မှူး)။ p. စာ ၂၊၃၊၄။ 12 August 2020 တွင် မူရင်း အား မော်ကွန်းတင်ပြီး။ 17 May 2020 တွင် ပြန်စစ်ပြီး။
|author-link=
တန်ဖိုး စစ်ဆေးရန် (အကူအညီ);|date=
ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ) - ဒေါက်တာ နန္ဒမာလာဘိဝံသ (ဧပြီ၊ ၂၀၁၁)။ ဗောဇ္ဈင်္ဂသုတ် အနှစ်ချုပ်။ ရန်ကုန်: ဦးဝင်းနိုင် (သာသနာရေးဦးစီးဌာန ညွှန်မှူး)။ p. စာ ၄၈၊၄၉၊၅၀။ 12 August 2020 တွင် မူရင်း အား မော်ကွန်းတင်ပြီး။ 17 May 2020 တွင် ပြန်စစ်ပြီး။
|author-link=
တန်ဖိုး စစ်ဆေးရန် (အကူအညီ);|date=
ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ) - The Seven Factors of Enlightenment by Piyadassi Thera
- မန္တလေးမြို့ မစိုးရိမ် နာယကစာချအဖွဲ့ (၁၉၈၂)။ တိပိဋက ပါဠိ-မြန်မာအဘိဓာန်၊ ပ-ဝဂ်၊ အတွဲ-၁၅။ စာ ၃၂၀။
- ဒေါက်တာ နန္ဒမာလာဘိဝံသ (ဧပြီ၊ ၂၀၁၁)။ ဗောဇ္ဈင်္ဂသုတ် အနှစ်ချုပ်။ ရန်ကုန်: ဦးဝင်းနိုင် (သာသနာရေးဦးစီးဌာန ညွှန်မှူး)။ p. စာ ၃၇၊၃၈။ 12 August 2020 တွင် မူရင်း အား မော်ကွန်းတင်ပြီး။ 17 May 2020 တွင် ပြန်စစ်ပြီး။
|author-link=
တန်ဖိုး စစ်ဆေးရန် (အကူအညီ);|date=
ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ) - ဒေါက်တာ နန္ဒမာလာဘိဝံသ (ဧပြီ၊ ၂၀၁၁)။ ဗောဇ္ဈင်္ဂသုတ် အနှစ်ချုပ်။ ရန်ကုန်: ဦးဝင်းနိုင် (သာသနာရေးဦးစီးဌာန ညွှန်မှူး)။ p. စာ ၃၉။ 12 August 2020 တွင် မူရင်း အား မော်ကွန်းတင်ပြီး။ 17 May 2020 တွင် ပြန်စစ်ပြီး။
|author-link=
တန်ဖိုး စစ်ဆေးရန် (အကူအညီ);|date=
ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ) - သာသနာတော်ထွန်းကား ပြန့်ပွားရေး ဦးစီးဌာန (၂၀၁၅)။ ဗုဒ္ဓဘာသာကောင်းတစ်ယောက်။စာ ၃၀၀-၃၀၂။