ဗျိုင်း

ဗျိုင်းသည် မြန်မာလူမျိုးများနှင့် ရင်းနှီးပြီး ငှက်တစ်ကောင်ဖြစ်ပါသည်။ အထူးသဖြင့် ကလေးများနှင့် ငယ်စဉ်ကတည်းက ရင်းနှီးခဲ့သော ငှက်တစ်ကောင် ဖြစ်ပါသည်။ ကလေးငယ်ကို မိခင်ဖြစ်သူက အိပ်ရာဝင်သီချင်းများဖြင့် ချော့သိပ်ရာတွင် “လူကလေးရဲ့ အိပ်ချိန်တန် ၊ ဗျိုင်းရှေ့ကပျံ၊ ပျံလေသည့်ကိုရွှေဗျိုင်း ၊ ညွှတ်တွေကဝိုင်း၊ ညွှတ်ကိုင်းဝိုင်းတဲ့ ကိုဗျိုင်းဖြူ ၊ ကယ်သူကွဲ့ရှိဘူး ၊ မြစ်နဒီသောင်စပ်မှာ တောင်ခတ်လို့လူး” ဆိုသောကဗျာလေးကို မိခင်တိုင်းလိုလို ဆိုခဲ့ဖူးကြသည်ချည်း ဖြစ်သည်။ ကလေးများ ကျောင်းစတက်၍ စာစရေးပြီဆိုသောအခါ လက်ရေးက မသေမသပ် ရှိတတ်ကြသည်။ ထိုအခါ ကလေးများရေးသော ကကြီးများကို လူကြီးများက ဗျိုင်းပျံနေသလိုဟု နောက်တတ်၊ စတတ်ကြသည်။ ထိုအခါ ကလေးများက ကောင်းကင်တွင် ဗျိုင်းတွေပျံနေသည်ကို ပြေးမြင်ယောင်တတ်ကြသည်။ မြစ်ချောင်းများနှင့် နီးသောဒေသများတွင် ညနေစောင်းအချိန်တွင် အိပ်တန်းပျံလာသော ဗျိုင်းအုပ်များကို မြင်ဖူးကြပါလိမ့်မည်။

ဗျိုင်း
အရှေ့ဂရိတ်ဗျိုင်း (အာဒီ့မိုးဒစ်စတာ)
မျိုးရိုးခွဲခြားခြင်း
လောက:
မျိုးပေါင်းစု:
Chordata
မျိုးပေါင်း:
မျိုးစဉ်:
Pelecaniformes
မျိုးရင်း:
အာဒေလ်ဒန့်
Genera

Egretta
Ardea

ဗျိုင်းကို မြန်မာနိုင်ငံအနှံ့အပြားတွင် တွေ့ရှိနိုင်သကဲ့သို့ ကမ္ဘာအနှံ့တွင်လည်း တွေ့ရှိနိုင်ပါသည်။ အပူပိုင်းဒေသနေ ဗျိုင်းအများစုမှာ ဌာနေငှက်များဖြစ်ကြသော်လည်း ဥရောပဒေသများမှ ဗျိုင်းများသည် ဆောင်းအခါတွင် အာဖရိကနှင့် အာရှတိုက်တောင်ပိုင်းဒေသများသို့ သွားရောက်ဆောင်းခိုလေ့ရှိသည်။ မြန်မာနိုင်ငံတွင် မိုးအခါ၌ စပါးစိုက်ပျိုးသော လယ်ကွင်းများတွင် တွေ့ရသည်။ ဆောင်းရာသီ စပါးရိတ်သိမ်းချိန်တွင်မူ မြစ်ချောင်းနှင့် ထုံးအိုင်များဆီသို့ စားကျက်ပြောင်းသွားတတ်သည်။ ပဲခူးရိုးမ သဲချောင်းများတွင်လည်း ကျက်စားလေ့ရှိသည်။ မြစ်ဝကျွန်းပေါ်ဒေသတွင် ဒီရေတက်ချိန်၌ ကမ်းနှင့် ကိုက်နှစ်ရာ၊ သုံးရာခန့် ဝေးသော ရွှံ့၊ နွံများအတွင်း အုပ်လိုက်ကျက်စားလေ့ရှိသည်။

ဗျိုင်းသည် Ciconiiformes မျိုးရင်းတွင် Ardeidae မျိုးစပ်၌ ပါဝင်သည်။ သိပ္ပံအမည်မှာ Egretta garzetta ဖြစ်သည်။ ဗျိုင်းတို့တွင် ဥဗျိုင်းဗျိုင်းအောက်ကျွဲကျောင်းဗျိုင်း စသည်ဖြင့် အမျိုးအစားများစွာ ရှိကြသည်။

ဥဗျိုင်း

ယခု ဖော်ပြမည့်ဗျိုင်းမှာ ဥဗျိုင်းဟု အများသိကြသော ဗျိုင်းဖြစ်ပြီး အင်္ဂလိပ်အမည်မှာ Little Egret ဖြစ်ပါသည်။ ဗျိုင်း၏အရောင်မှာ အဖြူရောင်ဟု အများကယူဆကြသော်လည်း မွဲပြာပြာ ၊ ညိုတိုတိုအရောင်များလည်း ရှိတတ်သေးသည်။ ထို့ပြင် ရာသီဥတုနှင့် အခြေအနေကို လိုက်၍လည်း အရောင်ပြောင်းလဲလေ့ ရှိသည်။

ဗျိုင်း၏ ထင်ရှားသောအသွင်အပြင်မှာ ရှည်လျားသော ခြေတံနှင့် လည်ပင်းရှိခြင်း ဖြစ်သည်။ ရှည်လျားချွန်ထက်သော နှုတ်သီးလည်းရှိသည်။ မိတ်လိုက်ချိန်မဟုတ်လျှင် နှုတ်သီးမှာ အဝါရောင် ရှိသည်။ ကိုယ်အလျားမှာ ၃၅ လက်မခန့်ရှိသည်။ ဗျိုင်းသည် အစာချောင်းချိန်တွင် ဆိတ်ငြိမ်စွာနေလေ့ ရှိသည်။ သို့သော် စ၍ပျံတတ်ချိန်တွင် အသံပြုလေ့ရှိသည်။ ယင်းသို့ အသံပြုခြင်းသည် အပေါင်းအဖော်များကို သတိပေးခြင်းသဘောလည်း ဖြစ်သည်။ အိပ်တန်းတက်ချိန်နှင့် အိပ်တန်းဆင်းချိန်များတွင်လည်း အုပ်စုလိုက်ဆူညံစွာ အော်မြည်လေ့ရှိသည်ကို တွေ့ရသည်။

ဗျိုင်းသည် တောင်သူလယ်သမားတို့၏ မိတ်ဆွေငှက်ဖြစ်သည်။ လက်ကွက်ထဲတွင် လျှောက်ကာ ကောင်ပင်များတွင် တွယ်ကပ်ဖျက်ဆီးတတ်သော လယ်ကဏန်းပိုးတုံးလုံး ၊ ပေါက်ဖတ်နှင့် ခူများကို ဖမ်းယူစားသောက်ခြင်းဖြင့် တောင်သူလယ်သမားများကို ကူညီသကဲ့သို့ ကျွဲ၊ နွားများ၏ ကျောပေါ်တွင် နားနေကာ မှက်ခြင်စသော ပိုးမွှားများကို ထိုးဆိတ်စားသောက်ခြင်းဖြင့် ကျွဲ၊ နွားများကိုလည်း ကူညီလေ့ရှိသည်။ ဗျိုင်းသည် ငါးများ၊ အင်းဆက်များ၊ ကဏန်းခရု၊ တွားသွားသတ္တဝါငယ်များကို စားသောက်လေ့ရှိသည်။ အထူးသဖြင့် ရေစီးနှင့်အတူပါလာမည့် ငါးများကို စိတ်ရှည်လက်ရှည် စောင့်ဖမ်းလေ့ရှိသည်။ ထို့ကြောင့်လည်း မိမိလိုရာကို စိတ်ရှည်လက်ရှည် စောင့်စားကြလျှင် ကတွတ်ပေါက်က ဗျိုင်းစောင့်သလိုဟု ဆိုကြခြင်းဖြစ်သည်။ မိုးရာသီတွင် အုပ်စုဖွဲ့ သားပေါက်လေ့ရှိသည်။ ဗျိုင်းတို့သည် အသိုက်များကို မျိုးတူအုပ်စုလိုက် ပြုလုပ်လေ့ရှိသည်။ တစ်ခါတစ်ရံ အခြားရေနေငှက်များနှင့်လည်း အတူပြုလုပ်လေ့ရှိသည်။ အများအားဖြင့် တင်ကျီးငှက်များနှင့်အတူ ပြုလုပ်လေ့ရှိသည်ကို တွေ့ရသည်။ အသိုက်များကို အကိုင်းအခက်များသော အပင်မြင့်များ၊ ဝါးရုံပင်မြင့်များတွင် ပြုလုပ်လေ့ရှိသည်။ ဗျိုင်းဖိုနှင့် ဗျိုင်းမသည် အသိုက်ကို အတူတကွစောင့်ရှောက်သကဲ့သို့ ဥများကို အလှည့်ကျဝပ်လေ့ ရှိသည်။ ဗျိုင်းဥသည် ချောမွတ်ခြင်းမရှိဘဲ စိမ်းပြာရောင် ဖျော့ဖျော့ရှိသည်။ တစ်ခါဥလျှင် သုံးဥမှ ငါးဥအထိ ဥသည်။ သားပေါက်ရန် ၂၁ ရက်မှ ၂၅ ရက်အထိ ဝပ်ရလေ့ရှိပြီး သားပေါက်ပြီးနောက် တစ်လမှ တစ်လခွဲခန့်ကြာမှ သားခွဲလေ့ရှိသည်။

ဗျိုင်းညို

ဗျိုင်းညိုဆိုသည်မှာ ဗျိုင်းအောက်ကို ဆိုလိုခြင်း ဖြစ်ပါသည်။ ဗျိုင်းအောက်သည် Ciconiiformes မျိုးရင်းတွင် Ardeidae မျိုးစဉ်၌ ပါဝင်သည်။ သိပ္ပံအမည်မှာ Ardeola grayii ဖြစ်ပြီး အင်္ဂလိပ်အမည်မှာ Indian Pond Heron ဖြစ်သည်။ ဗျိုင်းညိုခေါ် ဗျိုင်းအောက်သည် ဥဗျိုင်းထက် လည်ပင်တိုပြီး နှုတ်သီးလည်းတိုကာ ပိုမိုထူထဲသည်။ အမြင်အာရုံစူးရှုခြင်းမရှိဘဲ အတန်ငယ်ဝေးဝေးထိ မမြင်နိုင်ပါ။ ဗျိုင်းအောက်၏အရောင်မှာ ညစ်ပုပ်ပုပ်ဖြစ်ပြီး ထပျံသောအခါတွင်မှ အဖြူရောင် အတောင်ပံ၊ အမြီးနှင့် ရင်ပိုင်းကို ထင်ရှားစွာ မြင်ရသည်။ သားပေါက်ချိန်တွင် ကျောဘက်၌ နီညိုရောင်သမ်းလာကာ အမွေးနုကလေးများ ပေါက်လာကြသည်။ ခေါင်းနောက်ဘက် (နောက်စေ့) တွင်လည်း ရှည်လျားဖြူဖွေးသော အမွေးစုရှည်လည်း ပေါက်လာသည်။ မျိုးပွားရာသီတွင် ခြေထောက်များသည် အနီရောင်ပြောင်းသွားသည်။ အဖိုနှင့်အမတို့၏အရောင်အသွေးမှာ အတူတူပင် ဖြစ်သည်။ ဗျိုင်းအောက်သည် ရေစပ်အနီးတွင် တစ်ကောင်ချင်းသော်လည်းကောင်း၊ အုပ်သင်းဖွဲ့၍သော် လည်းကောင်း နေတတ်သည်ကို တွေ့ရသည်။ ပင်လယ်ကမ်းစပ်၊ ရေကန်၊ အင်းအိုင်များ ၊ မြစ်၊ ချောင်း၊ မြောင်းနှင့် ရေလွှမ်းပြင်များ၊ လယ်ကွင်းများ စသည့်ရေပေါများရာ အရပ်များတွင် ကျက်စားကြသည်။ ရေပေါ်တွင် ပျံသန်းကာ ငါးများကို ထိုးသုတ်စားသောက်လေ့ ရှိသည်။ ရွှံ့နွံများ၊ ရေတိမ်ရေစပ်များတွင် အစာရှာလေ့လည်း ရှိသည်။ ဗျိုင်းအောက်တို့သည် ငါး၊ ဖား၊ ပုစွန်လုံးနှင့် အင်းဆက်ပိုးမွှားများကို စားသောက်ကြသကဲ့သို့ မြက်နုများ၊ ဗေဒါကဲ့သို့ အပင်များကိုလည်း စားသောက်သည်။ ရွှံ့နွံတောမဟုတ်သော နေရာများတွင် ပုရစ်ပုစဉ်းနှင့် ပျားများကို စားသောက်ကြပါသည်။ ဗျိုင်းများကဲ့သို့ပင် ထပျံချိန်တွင် အသံစူးစူးအော်မြည်တတ်သည်။ အသိုက်နားတွင် နေသောအခါ အသံဩဩဖြင့် အော်တတ်ပါသည်။ ဗျိုင်းအောက်သိုက်များမှာလည်း ဗျိုင်းသိုက်များကဲ့သို့ပင် အပင်ကြီးများ၊ ဝါးရုံပင်များတွင် သစ်ခက် သစ်ကိုင်းတို့ဖြင့် ပြုလုပ်လေ့ရှိသည်။ အသိုက်ကို အမများက ဆောက်လုပ်နေစဉ်တွင် အထီးများက အသိုက်ဆောက်ရန် ပစ္စည်းများကို ရှာဖွေပေးပါသည်။ သူတို့သည် များသောအားဖြင့် ကျွဲကျောင်းဗျိုင်းများနှင့်အတူ အသိုက်ဆောက်လေ့ ရှိကြသည်။ သားပေါက်ရာသီမှာ မိုးရာသီဖြစ်ပြီး ဥဗျိုင်းများနှင့် ဥ ဥပုံ၊ သားပေါက်ပုံ ဆင်တူကြသည်။ ဥဥလျှင် သုံးလုံးမှ ငါးလုံးအထိ ဥပြီး ဥများသည် (၁၈) ရက်မှ (၂၄) ရက်အတွင်း သားပေါက်ပါသည်။ အကောင်ငယ်လေးများကို အထီး၊ အမ နှစ်ကောင်စလုံးက ရှာဖွေကျွေးမွေးပါသည်။ အကောင်ငယ်လေးများ၏ အဓိကအစာမှာ ငါးဖြစ်ပါသည်။[1]

ကိုးကား

  1. Egret Cornell University။ 11 August 2015 တွင် ပြန်စစ်ပြီး။

ဇော်လွင်ဦး ဟင်္သာတ. ရေးသော မဗေဒါနှင့် မိတ်ဆွေများ စာအုပ်မှ

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.