မဟာကွန်စတန်တိုင်း
မဟာကွန်စတန်တိုင်း(Constantine the Great)(အေဒီ ၂၈၀-၃၃၇)သည် ရောမဧကရာဇ်များအနက် ပထမဆုံးခရစ်ယာန်ဘာသာကို အစပြုသက်ဝင်ယုံကြည်သူ ဖြစ်သည်။သူ၏ ဘာသာကူးပြောင်းယုံကြည်မှုကြောင့် ယခင်က ဖိနှိပ်သတ်ဖြတ်ခံခဲ့ရသည့် ဘာသာမှာ နောင်တချိန် ဥရောပမှအစပြုကာ ကမ္ဘာတစ်ဝှမ်းတွင် ရှေ့ဆောင်ဘာသာတစ်ရပ်အဖြစ် ရပ်တည်လာနိုင်ခဲ့သည်။ ၎င်းလက်ထက်တွင် ထူးခြားချက်နှစ်ရပ် ပေါ်ပေါက်ခဲ့သည်။ ယင်းတို့မှာ ခရစ်ယန်အယူဝါဒကို နိုင်ငံတော်အယူဝါဒအဖြစ်ဖြင့် အသိအမှတ်ပြုခြင်းနှင့် ရောမနိုင်ငံတော် အရှေ့ပိုင်းတွင် မြို့တော်သစ် ကွန်စတန်တီနိုပယ်မြို့ကို တည်ခဲ့ခြင်းတို့ပင် ဖြစ်သည်။
ကွန်စတန်တိုင်းအား အေဒီ၂၈၀ ယနေ့ဆားဘီးယားနိုင်ငံ(ယခင်ယူဂိုဆလားဘီးယား)၊နစ်စ်မြို့တွင် ပထမကွန်စတင်ရှပ်ဘုရင်နှင့် ဟယ်လီနာမိဖုရားတို့၏ ဖွားမြင်သည်။ ဖခင်မှာ စစ်တပ်မှအရာရှိကြီးဖြစ်ပြီး နောင်တွင် ဂေါလနှင့် ဗြိတိန်တို့၏ ဘုရင်ခံဖြစ်သည်။ ဟယ်လီနာသည် နောင်အခါ သူတော်စင်အမျိုးသမီး စိန့်ဟယ်လီနာ ဖြစ်လာသည်။
ငယ်စဉ်ဘဝအချိန်ကို နိကောမေယာတွင် အကျယ်ချုပ် သဘောဖြင့် နေထိုင်ခဲ့ရ၏။ ထိုမြို့မှာ ရောမဧကရာဇ် အိုကလေတန် နန်းစိုက်ရာမြို့လည်းဖြစ်သည်။ ထိုသို့နေခဲ့ရရာမှ ၃၀၅တွင် အိုကလေ ထီးနန်းစွန့်သောကြောင့် ဖခင်ကွန်စတန်တိယက်စ်သည် ရောမအင်ပါယာ၏အနောက်ခြမ်းကို အုပ်ချုပ်ရသူဖြစ်လာခဲ့သည်။ ဖရိုဖရဲအခြေအနေတွင် ထွက်ပြေးလွတ်မြောက်လာပြီးလျှင် ခမည်းတော်ထံသို့ ပြန်လည် ရောက်ရှိခဲ့သည်။ တစ်နှစ်အကြာတွင် ဖခင်ကွယ်လွန်သဖြင့် သူ့ဖခင်တပ်မှ တပ်သားများက ကွန်စတန်တိုင်းအား ဧကရာဇ်အဖြစ် ဝိုင်းဝန်းတင်မြှောက်ကြရာ အခြားစစ်ဗိုလ်ချုပ်များက ကန့်ကွက်ရာမှ ပြည်တွင်းစစ်ဖြစ်သည်။ ကွန်စတင်းသည် ရောမနိုင်ငံတော် အနောက်မြောက်ပိုင်းဖြစ် သော ဂေါလ၊ စပိန်နှင့် ဗြိတိန်နိုင်ငံတို့ကို ငါးနှစ်မျှ အုပ်စိုးပြီး နောက်၊ အီတလီနိုင်ငံကို လုပ်ကြံရန် ရောမမြို့တော်သို့ တန်းတန်းမတ်မတ် ချီတက်ခဲ့လေသည်။ ၃၁၂တွင် တိုင်းဗားမြစ်သို့ ရောက်သောအခါ၊ ကွန်စတန်တင်းသည် မွန်းတိမ်းချိန် ကောင်းကင်တွင် ပြိုးပြိုးပြက်ပြက်လက်နေသော လက်ဝါးကပ်တိုင်တစ်ခု ကို တွေ့မြင်ရသည်ဟု ဆိုသည်။ ထိုလက်ဝါးကပ်တိုင်ပေါ်တွင် 'ဤအမှတ်အသားဖြင့် ရန်အပေါင်းကို နှိမ်နင်းလော့'ဟူသော စာတမ်းလည်း ပါရှိသည်ဟုဆိုသည်။ ထိုည၌ မက်သော အိပ်မက်ထဲ၌လည်း လက်ဝါးကပ်တိုင်ကို အောင်လံတော်ပမာဝင့်၍ ရန်သူတို့အား တိုက်ခိုက်ရန် ကောင်းကင်းတမန်တော် တစ်ဦးက နှိုးဆော်လာသည်ဟု ဆိုသည်။ ဤသို့ဖြင့် လက်ဝါး ကပ်တိုင်ကို အဆောင်ပြု၍ တိုက်ခိုက်သည်တွင် အင်အားအဆ မတန်ကြီးမားသော ရောမဘုရင် မန်ဇဲတိယက်စ်၏ တပ်များသည် ပျက်ပြုန်းကြတော့သည်။ ရောမဘုရင်လည်း တိုင်းဗားမြစ် အတွင်း၌ ရေနစ်၍ ကံကုန်ရှာလေသည်။ ထိုအောင်ပွဲကို အမှတ်တရ ဖြစ်စိမ့်သောငှာ ကွန်စတန်တင်း မုတ်ဝကို တည်ဆောက်ခဲ့၏။ ထိုအဆောက်အုံကား ယနေ့တိုင်အောင် တည်ရှိနေပေသည်။ အရှေ့ခြမ်းကိုမူ လီစီနီယမ် အမည်ရဗိုလ်ချုပ်ကြီးက သိမ်းပိုက်အုပ်ချုပ်နေဆဲဖြစ်ရာ နောက်ဆုံး ၃၂၃တွင် လီစီနီယမ်ကိုပါ အောင်နိုင်သောကြောင့် ရောမအင်ပါယာတစ်ခုလုံး၏ ဧကရာဇ်အဖြစ် ကွယ်လွန်သည့် ၃၃၇ခုနှစ်အထိ ကွန်စတန်တိုင်း အုပ်ချုပ်သည်။
ခရစ်ယာန်ဘာသာဝင်အဖြစ် မည်သည့်အချိန်က ကွန်စတန်တိုင်းကူးပြောင်းသက်ဝင်သည်ကို အတိအကျ မသိကြရပေသော်လည်း ခရစ်ယာန်ဘာသာရေးပြန့်ပွားရန် အထူးပင် လုံ့လထုတ်သည်ကို တွေ့ရသည်။ ရှေးဦးစွာ မီလန်အမိန့်ပြန်တမ်းကို ထုတ်ပြန်ကြေညာပြီး ခရစ်ယာန်ဘာသာကို ဖိနှိပ်ခြင်းမှ ကင်းဝေးစေသည်။ ထိုအမိန့်အရပင် ယခင်က ရှာဖွေဖမ်းဆီးထားသည့် ခရစ်ယာန်ဘာသာရေးကျောင်းမှ ပစ္စည်းများကို ပြန်လည်ထုတ်ပေးစေသည်။ ထို့ပြင် တနင်္ဂနွေနေ့ကိုလည်း ဘာသာရေးဝတ်ပြုရန်နေ့အဖြစ် သတ်မှတ်ပေးသည်။ ခရစ်ယာန်ဘာသာသို့ ကူးပြောင်းယုံကြည်သည့်တိုင် သေသည်အထိ နှစ်ခြင်းမခံသွားခဲ့ပေ။ ထို့ပြင် ဘာသာရေး၏ အနှစ်အရသာဖြစ်သည့် သည်းခံခြင်း၊ ကြင်နာသနားခြင်းတို့ကို ကွန်စတန်တိုင်းတွင် မတွေ့ရခြင်းဖြစ်သည်။ ရက်စက်လွန်းသည်ဟု နာမည်ကျော်ပြီး ဇနီးနှင့် သားကြီးတို့ကိုပါ ၃၂၆တွင် ကွပ်မျက်ခဲ့သည်။[1]
ထိုသို့ ခရစ်ယာန်ဘာသာကို နိုင်ငံတော်ဘာသာသဖွယ်ပြဋ္ဌာန်းလိုက်ပြီးနောက်တွင် ရာစုနှစ်ပေါင်းများစွာကြာမြှင့်သည့် ဂျူးဘာသာ(ဟီးဘရူး)ဝင်များကို နှိပ်ကွပ်ရေး စတင်သည်။ ခရစ်ယာန်ဘာသာကို နိုင်ငံတော်ဘာသာအဖြစ် အတိအလင်းပြဋ္ဌာန်းခြင်း မရှိသော်လည်း သူထုတ်ပြန်သည့် အမိန့်၊ဥပဒေများမှာ ခရစ်ယာန်ဘာသာကို တိုးတက်ပြန့်ပွားအောင် အားပေးခဲ့သည်ကိုမူ ထင်ရှားစွာတွေ့မြင်နိုင်ပါသည်။ သို့အားဖြင့် နှစ်ပေါင်း ၃ဝဝ ကျော်မျှ ညှဉ်းပန်းသတ်ဖြတ်ခြင်း ခံခဲ့ရသော ခရစ်ယန်အယူဝါဒီတို့သည် ချမ်းသာခွင့်ရလာကြပြီးလျှင်၊ ခရစ်ယန်သာသနာလည်း ထွန်းကားပြန့်ပွားလာတော့သည်။ သူ့အမိန့်ဖြင့် ခရစ်ယာန်ကျောင်းတော်သည် အခွင့်အရေးများစွာရရှိရုံမျှမက ဘီလ်တယ်လ်ဟမ်ရှိ ဖွားတော်မူရာကျောင်း နှင့် ဂျေရူးစလမ်မြို့တွင် သင်္ချိုင်းတော်ရာကျောင်း ကဲ့သို့သော ကျောင်းတော်ကြီးများကို ဆောက်လုပ်ခွင့်ရခဲ့ကြခြင်းဖြစ်သည်။ ခရစ်ယန်အယူဝါဒ၌ အယူအဆကွဲလွဲ၍ အငြင်းပွားပြီးလျှင် သင်းကွဲမည့် အရိပ်အယောင်များ ပေါ်ပေါက်လာသဖြင့် ၃၂၅ ခုနှစ်တွင် အာရှမိုင်းနားရှိ နိုင်စီးယားမြို့၌ သာသနာရေးကောင်စီတရပ် ခေါ်ယူ ကျင်းပခဲ့၏။ ထိုကောင်စီတွင် ကိုယ်တိုင်ဥက္ကဋ္ဌအဖြစ်ဖြင့် ဆောင်ရွက်၍ သာသနာရေးညီညွတ်မှုကို ဖြစ်စေခဲ့သည်။ နိုင်စင်းဝါဒသည် ထိုအချိန်မှ စတင်ပေါ်ပေါက်လာခဲ့၏။
ကွန်စတန်တင်းလက်ထက်တွင် အာရှမိုင်းနားရှိ လက်အောက်ခံနယ်များသည် ရံဖန်ရံခါ ထကြွကြသဖြင့်၊ နိုင်ငံတော် အရှေ့ပိုင်းနယ်များနှင့် နီးကပ်စိမ့်သောငှာအင်ပါယာ အရှေ့ပိုင်းရှိ ဘန်ဇိုင်တီယမ်မြို့တော်ကို မိမိအမည်ဖြင့် ကွန်စတန်တီနိုပယ် ဟုပြောင်းခေါ်စေပြီး အသစ်ပြန်လည်တိုးချဲ့တည်ဆောက်ကာ မင်းနေပြည်တော်အဖြစ် သတ်မှတ်သည်။ (ယနေ့ အီစတန်ဘူလ်၊တူရကီနိုင်ငံ) ထိုမြို့တော်သစ်သည် ၁၄၅၃ အထိ အရှေ့ရောမအင်ပါယာ၏ မြို့တော်အဖြစ်တည်ရှိနေခဲ့သလို နောက်ရာစုနှစ်များစွာတိုင်အောင်ပင် အော်တိုမန်အင်ပါယာ၏ မြို့တော်အဖြစ်လည်း ဆက်လက်ကျော်ကြားခဲ့သည်။ (နေပြည်တော်ဟောင်း ရောမမြို့မှာမူ နှစ် ၁၅ဝ ခန့်အတွင်း၌ပင် ရန်သူတို့၏ တိုက်ခိုက်ဖျက်ဆီးမှုကြောင့် ပျက်သုန်းခဲ့ရလေသည်။ ရောမမြို့တွင် တိုက်ရိုက်အုပ်စိုးသော ဧကရာဇ်မရှိသည့်နောက် ပုပ်ရဟန်းမင်း၏ တန်ခိုးအာဏာတို့သည် အီတလီနိုင်ငံနှင့်တကွ အနောက်ဥရောပတလွှားတွင်
တဖြည်းဖြည်း တိုးတက်ကျယ်ပြန့်လာလေသည်။)
ကွန်စတန်တိုင်းမတိုင်မှီက ရောမဧကရာဇ် ဒိုင်အိုကလီတန်(၂၈၄-၃၀၅)က ခရစ်ယာန်ဘာသာဝင်များကို ပြင်းပြင်းထန်ထန် နှိပ်ကွပ်သည့်တိုင် ခရစ်ယာန်ဘာသာအနေဖြင့် ဆုတ်ယုတ်သွားခြင်းမရှိသည်ကိုထောက်၍အချို့သောသမိုင်းပညာရှင်များက ကွန်စတန်တိုင်းအနေဖြင့် ခရစ်ဘာသာသို့ကူးပြောင်းပြီး အားပေးခဲ့ခြင်းမျိုးမရှိလျှင်လည်း ခရစ်ယာန်ဘာသာမှာ အများယုံကြည်မှုရရန်မခက်ခဲသည့် အခြေအနေတွင်ရှိနေပြီဖြစ်သဖြင့် ကွန်စတန်တိုင်းပေါ်ထွက်မလာလျှင်လည်း အနှေးနှင့်အမြန် ဆိုသလိုပင် ခရစ်ယာန်ဘာသာအနေဖြင့် အောင်ပွဲခံရန် ရှိနေသည်ဟုဆိုကြသည်။မည်သို့ဆိုစေကာမူ ကွန်စတန်တိုင်းသည် ရောမအင်ပါယာ၏ ဧကရာဇ်အနေဖြင့် ခရစ်ယာန်ဘာသာကို အားပေးခဲ့ခြင်းမှာ ကမ္ဘာ့သမိုင်းတွင် ကြီးမားသော ဘာသာရေးအပြောင်းအလဲ၊ နိုင်ငံရေးအပြောင်းအလဲကို ဖြစ်စေခဲ့သည်မှာ ငြင်းမရနိုင်သည့်အချက်ဖြစ်သည်။
ကွန်စတန်တိုင်းသည် အရှေ့တိုင်းထုံးစံတို့ကို နှစ်ခြိုက်၍ သက်ဦးဆံပိုင် ဘုရင်စံနစ်ဖြင့် အုပ်စိုးခဲ့၏။ သို့ရာတွင် အခြေအနေနှင့် လိုက်လျောညီစွာ ချင့်ချိန်ဆောင်ရွက်တတ်သဖြင့် အမြော်အမြင်ကြီးသော ဧကရာဇ်တစ်ပါး ဖြစ်သည်ဟု ဆိုနိုင်ပေသည်။ သာသနာ့ဝန်ထမ်း ဂိုဏ်းအုပ်ကြီးများအား အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဘုရင့်အတိုင်ပင်ခံများအဖြစ်ဖြင့် ခန့်အပ်ခဲ့၏။ တရားဥပဒေများကိုလည်း ခရစ်ယန်အယူဝါဒတရားနှင့် အညီ အညွတ်ဖြစ်စေရန် ပြုပြင်စီရင်ခဲ့လေသည်။ ၃၃၇ ခုနှစ်တွင် ပါးရှန်းတို့၏ ထိပါးခြင်းကို ခုခံတိုက်ခိုက်ရန် စစ်ထွက်ရင်းလမ်းခရီး၌ နာမကျန်းဖြစ်၍ ကံကုန်လေသည်။ ထိုနောက်ဆုံး နာမကျန်းဖြစ်သော အချိန်ရောက်မှပင် နန်းတက်သည့်အခါမှစ၍ ပြုစုအားပေးခဲ့သော ခရစ်ယန်သာသနာကို အကြွင်းမဲ့ သက်ဝင်ယုံကြည်လျက် ဗတ္တိဇံမင်္ဂလာ (ဝါ) ရေနှစ်မင်္ဂလာကို ခံယူခဲ့သည်ဟု ဆိုကြသည်။ ကွန်စတန်တိုင်းမရှိသည့်နောက် သူထူထောင်ခဲ့သော အင်ပါယာနိုင်ငံကြီးသည် ကျန်ခဲ့သော သားတော်သုံးပါး၏လက်ထက်၌ အစိတ်စိတ်ကွဲ၍ အင်အားနည်းပါးသွား လေတော့သည်။[2]
ရည်ညွှန်းကိုးကား
- ကျော်စွာ၁၀၀-ဒေါက်တာသန်းထွန်း
- မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)