မောင်လွန်းကြင်

မောင်လွန်းကြင် (၁၉၃၈-၁၉၉၂)

ကိုယ်ရေးဖြစ်စဉ်

ဆရာ မောင်လွန်းကြင်ကို ၁၉၃၈ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်နေ့တွင် အဖ ဦးညီညီနှင့် အမိ ဒေါ်အေး ရှင် တို့မှ ရခိုင်ပြည်နယ်သံတွဲမြို့တွင် မွေးဖွားသည်။ အမည်ရင်းမှာ ဦးအုန်းလွင်ဖြစ်သည်။ သံတွဲမြို့ အစိုးရ အထက် တန်း ကျောင်း၌ ပညာ သင်ကြားခဲ့ရသည်။ ၁၉၅၄ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သည်။ ထို့နောက် ရန်ကုန်တက္ကသိုလ်တွင် ပညာဆက်လက် သင်ကြားခဲ့သည်။ ၁၉၆၅ ခုနှစ်တွင် မြန်မာစာဖြင့် ဝိဇ္ဇာ ဂုဏ်ထူးတန်းကို အောင်မြင်ခဲ့သည်။ မဟာဝိဇ္ဇာတန်းကို ဆက်လက်တက်ရင်းကပင် ရန်ကုန်မြို့ သက်ကြီးတက္ကသိုလ် (လုပ်သားများ ကောလိပ်) တွင် မြန်မာစာ နည်းပြအဖြစ် အမှုထမ်းခဲ့သည်။ ၁၉၇၃ ခုနှစ်တွင် မဟာဝိဇ္ဇာဘွဲ့ကို ရရှိခဲ့သည်။ မဟာဝိဇ္ဇာဘွဲ့ အတွက် တင်သွင်းရသည့် ကျမ်းစာအုပ် အမည်မှာ "ဒဂုန်တာရာ၊ သူ့ကဗျာနှင့် သူ့ကဗျာသဘောတရား" ဖြစ်သည်။

ဆရာ မောင်လွန်းကျင်၏ ပထမဆုံး ဝတ္ထုတို ဖြစ်သည့် "အတုံ့" ဝတ္ထုတိုမှာ ၁၉၅၄-၁၉၅၅ ခုနှစ်၊ ရန်ကုန်တက္ကသိုလ် နှစ်ပတ်လည် မဂ္ဂဇင်းတွင် ပုံနှိပ်ဖော်ပြ ပါရှိခဲ့သည်။ ပထမဆုံး ကဗျာလက်ရာ ဖြစ်သည့် "ညှိုးပန်း တပွင့် အဘိဓမ္မာ" ကဗျာမှာ ၁၉၅၄ ခုနှစ်၊ ဒီဇင်ဘာလထုတ် သွေးသောက် မဂ္ဂဇင်းတွင် ပါရှိခဲ့သည်။ ၁၉၅၄- ၁၉၅၅ ခုနှစ်၊ နှစ်လယ်ပိုင်း အထိ ရန်ကုန်တက္ကသိုလ် နှစ်ပတ်လည် မဂ္ဂဇင်း၊ သွေးသောက်၊ မြဝတီ၊ တိုင်းရင်းမေ မဂ္ဂဇင်း၊ ဂျာနယ်များတွင် ပါရှိသည့်ဝတ္ထု၊ ကဗျာများကို သံတွဲအုန်းလွင် အမည်ဖြင့် ရေး သားခဲ့သည်။ ၁၉၅၅ ခုနှစ်၊ နောက်ပိုင်းတွင် မောင်လွန်းကြင် ကလောင် အမည်ဖြင့် ရေးသားခဲ့သည်။ ဆရာ မောင်လွန်းကြင်သည် ကဗျာနှင့် စကားပြေ နှစ်မျိုးလုံး ရေးသားသော်လည်း စာဖတ်ပရိသတ်က ကဗျာ ဆရာ အဖြစ်သာ လူသိများသည်။

၁၉၅၇ ခုနှစ် ၁၉၆၃ ခုနှစ်အထိ ရန်ကုန်တက္ကသိုလ် ရခိုင် ကျောင်းသား ကျောင်းသူများ နှစ်စဉ် ထုတ်ဝေသည့် ရခိုင်တန်ဆောင် မဂ္ဂဇင်းတွင် တွဲဖက်စာတည်းနှင့် တာဝန်ခံစာတည်း အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၆၀ ပြည့်နှစ်တွင် ရန်ကုန်တက္ကသိုလ် ကလောင်အသင်း၌ စာကြည့်တိုက်မှူး အဖြစ် တာဝန်ယူခဲ့သည်။ ဆရာသည် စာပေရေးသားခြင်း အပြင် ပန်းချီနှင့် ဂီတ သုခုမ အနုပညာ တို့ကိုလည်း ဝါသနာပါသည်။ ရှုခင်း သရုပ်ဖော် ဆီဆေး ပန်ချီကားများကို ရေးဆွဲသည်။ ၁၉၅၉ ခုနှစ်တွင် အမောင်ဟူသော အမည်ဖြင့် သံယောဇဉ်မီး သီချင်းကို စန္ဒရားသက်ခိုင် တူရိယာအဖွဲ့မှ သီဆိုအသံလွှင်ခဲ့သည်။ ထိုသီချင်းသည် မြန်မာ့အသံ ဓာတ်ပြားရ တေးတပုဒ် ဖြစ်သည်။ ထို့ပြင် ကံ့ကော်မြိုင် တူရိယာဝိုင်း၊ ဂီတစာဆို တူရိယာဝိုင်းများတွင်လည်း တေးသီချင်းများ သီဆို အသံလွှင့်ခဲ့သည်။ ၁၉၆၀ ပြည့်နှစ်တွင် တက္ကသိုလ် ပုလဲပန်း အပျော်တမ်း တူရိယာဝိုင်းကို ဦးဆောင် ဖွဲ့စည်းခဲ့သည်။ တက္ကသိုလ် ပုလဲပန်း တူရိယာဝိုင်းမှ တေးသီချင်းများကို မြန်မာ့အသံမှ နှစ်လလျှင် တကြိမ် အသံလွှင့်ခဲ့သည်။ ၁၉၇၀ ပြည့်နှစ်၊ နောက်ပိုင်းတွင် ဝတ္ထုများကို ဆက်တိုက် ရေးသားလာခဲ့သည်။

၁၉၈၉ ခုနှစ်တွင် ထိုင်း၊ မလေးရှား၊ ပီနန်၊ စင်ကာပူ၊ ဂျပန်၊ ဟောင်ကောင်၊ မကာအို၊ တရုတ်နှင့် အမေရိကန် ပြည်ထောင်စုသို့ လေ့လာရေးခရီး ထွက်ခဲ့သည်။

ဆရာမောင်လွန်းကြင်သည် ၁၉၉၂ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့၌ ကြို့ပင်ကောက်မြို့တွင် ရုတ်တရက် ကွယ် လွန် ခဲ့ပါသည်။

ရေးသား ပြုစုခဲ့သော စာအုပ်များ

  1. လွမ်းမြိုင်ကျေးရဲ့ အဝေးတနေရာဆီမှာ ၁၉၈၁
  2. သိင်္ဂါရ ရသ ၁၉၈၀
  3. မေတ္တာ မြနှင်းရည်နှင့် အခြားဝတ္ထုတိုများ ၁၉၈၄
  4. ဒဂုန်တာရာ သူ့ကဗျာနှင့် သူ့ကဗျာ စာပေ သဘောတရားကျမ်း ၁၉၉၄
  5. မြနှင်းမြူခြယ် လှဇင်းမယ်နှင့် နိုင်ငံခြား ခရီးသွား ဆောင်းပါးများ ၁၉၉၅
  6. လှများရှင် မစ္စတူး ၁၉၉၅
  7. အသည်းခွဲသူ ဘယ်သူလဲ ကဗျာများ ၁၉၉၇

[1]

ကိုးကား

    1. ရွှေဟင်္သာ စာအုပ်တိုက်၊ ၂၀၀၈ စက်တင်ဘာ၊ ပထမအကြိမ် ထုတ် "နှစ်ဆယ်ရာစု မြန်မာ စာရေးဆရာ များ နှင့် စာစုစာရင်း (ပဉ္စမတွဲ)" စာအုပ်မှ
    2. သီဟရတနာ စာအုပ်တိုက်၊အုပ် ၁၀၀ ပြည်႕၊ ၂၀ ရာစု ၿမန္မာဝတၳဳတို ၁၀၀ စာရေးဆရာ ၁၀၀ စာအုပ် စာ ၉၆၅-၉၆၆ မှၿ
    3. သမိုင်းသုတေသီ စာရေးဆရာ ဒွါရာဝတီ-အသျှင်ကုသလ(ငွေသဇင်) လက်ရှိသီတင်သုံးနေထိုင်တော်မူသော သံတွဲမြို့၊ မင်းဗာကြီးလမ်း၊ အောင်မြေသာစည် ပရိယတ္တိစာသင်တိုက် ကျောင်းဝန်းအတွင်း ဂုဏ်ပြုစိုက်ထူထားသည့် ကဗည်းကျောက်စာပါ အကြောင်းအရာများ
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.