မြန်မာနိုင်ငံ၏ အလံတော်

မြန်မာနိုင်ငံ၏ အလံတော်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို ကိုယ်စားပြုသော အလံတော်ဖြစ်သည်။လက်ရှိအသုံးပြုနေသော အလံတော်ကို ၂၀၁၀ခုနှစ် အောက်တိုဘာလ၂၁ရက်နေ့တွင် စတင်အသုံးပြုခဲ့သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအလံတော်
အချိုးအစား 2:3[1]
ရွေးချယ်ခြင်း ၂၁ အောက်တိုဘာ ၂၀၁၀ (၂၀၁၀-၁၀-21)
ဒီဇိုင်း ထောင့်မှန်စတုဂံပုံစံ ၃ရောင်ခြယ်အလံတော်

သမိုင်းကြောင်း

မြန်မာနိုင်ငံ (တရားဝင်အမည် - ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ) အစိုးရသည် ၂၀၁၀ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ် တွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အလံကို တရားဝင်လွှင့်ထူ သုံးစွဲခဲ့ပြီး ၁၉၇၄ ခုနှစ်မှစ၍ သုံးစွဲခဲ့သည့် ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော်အလံကို ဖျက်သိမ်းလိုက်သည်။ နိုင်ငံတော်အလံ ဥပဒေ၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် ဥပဒေ၊ နိုင်ငံတော်သီချင်း ဥပဒေနှင့် နိုင်ငံတော်အလံ နည်းဥပဒေများ၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် နည်းဥပဒေများ၊ နိုင်ငံတော်သီချင်း နည်းဥပဒေများကို တပြိုင်နက်တည်း ပြဋ္ဌာန်းထုတ်ပြန်ခဲ့သည်။ နိုင်ငံတော်အလံ၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်နှင့် နိုင်ငံတော်သီချင်း အသစ်များကို ၂၀၀၈ ခုနှစ်တွင် အတည်ပြုခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၃ ပုဒ်မ ၄၃၇၊ ၄၃၈ နှင့် ၄၃၉ တို့တွင် အသီးသီး ပြဋ္ဌာန်းရေးသားထားသည်။ [2][3]

ဖော်ပြချက်

အလံတော်တွင် အဝါ၊အစိမ်း၊အနီရောင်တို့ အောက်ခံအဖြစ် ပါရှိခြင်းမှာ လွတ်လပ်ရေးကြိုးပမ်းမှုကာလအတွင်းက အသုံးပြုခဲ့သော သုံးရောင်ခြယ်အလံကို အလေးမြတ်ပြု ဖော်ညွှန်းခြင်းဖြစ်သည်။

  • အဝါရောင်သည် စည်းလုံးခြင်း၊ ညီညွတ်ခြင်း၊ ဉာဏ်ပညာကြီးမားခြင်း၊ ပျော်ရွှင်ခြင်းနှင့် တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်မှုရှိခြင်း
  • အစိမ်းရောင်သည် မြေဆီဩဇာကြွယ်ဝခြင်း၊ ညီညွတ်မျှတခြင်းနှင့် အေးချမ်းသာယာ၍ စိမ်းလန်းစိုပြည်သည့်နိုင်ငံဖြစ်ခြင်း
  • အနီရောင်သည် ရဲရင့်ခြင်းနှင့် ပြတ်သားခြင်း
  • ကြယ်၏အရောင်ဖြစ်သော အဖြူရောင်သည် သန့်ရှင်းစင်ကြယ်ခြင်း၊ ဖြောင့်မတ်မှန်ကန်ခြင်း၊ ကရုဏာတရားပြည့်ဝခြင်းနှင့် စွမ်းအင်နှင့်ပြည့်စုံခြင်း ဟူသောအဓိပ္ပါယ်များကို ဖော်ညွှန်းသည်။[4]

စံပြုအရွယ်အစား၊အတိုင်းအတာနှင့် အရောင်အသွေး

အရွယ်အစားနှင့် အတိုင်းအတာ

  • နိုင်ငံတော်အလံ၏ စံပြုအရွယ်အစားမှာ ထောင့်မှန်စတုဂံပုံဖြစ်ပြီး အလျား၉ပေ၊ အနံ၆ပေဖြစ်သည်။
  • နိုင်ငံတော်အလံ၏အောက်ခံအရောင်ဖြစ်သော အဝါ၊အစိမ်းနှင့် အနီရောင်တို့မှာ အနံ၆ပေကို သုံးပုံတစ်ပုံစီဖြစ်၍ တစ်ရောင်လျှင် ၂ပေဖြစ်သည်။
  • ထိုအောက်ခံပေါ်တွင် ရောင်ခြည်လက်တံငါးခုပါသော ကြယ်ဖြူကြီးတစ်လုံးပါရှိသည်။ထိုကြယ်ဖြူကြီး၏ အပေါ်ကြယ်လက်တံသည် အလံတော်အလျား၏ တစ်ဝက်ဖြစ်သော ၄ပေ၆လက်မနှင့် တည့်တည့်နေရာတွင်ရှိပြီး အထက်သို့ မတ်မတ်ညွှန်းရမည်။
  • ကြယ်၏ အပေါ်ထိပ်မှ အဝါရောင်အနားသတ်အထိ အကွာအဝေးနှင့် ကြယ်၏အောက်ဘက်ရှိ ကြယ်လက်တံနှစ်ခုမှ အနီရောင်အနားသတ်အထိ အကွာအဝေးတို့သည် ၁ပေစီရှိရမည်။
  • ကြယ်လက်တံထိပ်တစ်ခုနှင့် တစ်ခုသည် ၂ပေ၇.၂လက်မစီ အကွာအဝေး တူညီရမည်။[4]

အရောင်အသွေး

SchemeYellowGreen Red White
သတ်မှတ်ချက် အညွှန်းကိန်း1163611788Safe
RGB254-203-052-178-51234-40-57255-255-255
Hexadecimal#FECB00#34B233#EA2839#FFFFFF
CMYK0, 20, 100, 076, 0, 100, 00, 98, 82, 00, 0, 0, 0

နိုင်ငံတော်အလံ အသုံးပြုခြင်း

နိုင်ငံတော်အလံကို အသုံးပြုရာတွင် ပြဋ္ဌာန်းထားသော ဥပဒေ၊နည်းဥပဒေများနှင့် အညီအသုံးပြုရမည်ဖြစ်ပြီး တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ပြီး ပြစ်မှုထင်ရှားပါက ၃နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ငွေဒဏ် ၃သိန်းဖြစ်စေ၊ ပြစ်ဒဏ်၂ရပ်လုံးဖြစ်စေ ချမှတ်ခံရမည်ဖြစ်သည်။

ယခင်ကအသုံးပြုခဲ့သောအလံများ

ပြည်ထောင်စု မြန်မာနိုင်ငံတော်အလံ

စွယ်စုံကျမ်းတွင်ပါသော မြန်မာ့အလံများ

ဖြစ်ပေါ်လာပုံ

၁၉၄၇-ခုနှစ်တွင် မြန်မာနိုင်ငံသည် လုံးဝအချုပ်အခြာအာဏာပိုင်လွတ်လပ်ရေး ရရှိတော့မည်ဖြစ်၍ နိုင်ငံတော်နှင့်တကွ တမျိုးသားလုံးကို၎င်း၊ နိုင်ငံ၏ အုပ်ချုပ်ရေးအာဏာကို၎င်း ကိုယ်စားပြုသည့် နိုင်ငံတော်အလံ၊ နိုင်ငံတော်တံဆိပ်နှင့် နိုင်ငံတော်သီချင်းကို မရှိမဖြစ် လိုအပ်လာတော့သည်။ ထို့ကြောင့် တိုင်းပြည်ပြုလွှတ်တော်သည် နိုင်ငံတော်အလံ၊ နိုင်ငံတော်တံဆိပ်နှင့် နိုင်ငံတော်သီချင်းအတွက် ကော်မတီတစ်ရပ် ဖွဲ့စည်းခဲ့သည်။ ထိုကော်မတီတွင် မူလက သဘာပတိအဖြစ် ဒီးဒုတ်ဦးဘချို ကြီးမှူး၍ အဖွဲ့ဝင်များအဖြစ်

  1. ဦးအောင်ဇံဝေ
  2. ဗိုလ်မှူးအောင်
  3. မွန်ထွန်းရင်
  4. ဗိုလ်အောင်ကြီး
  5. ဒေါ်ခင်လှ
  6. ဆရာလှမင်း
  7. မိုင်းပွန်စော်ဘွား စဝ်စံထွန်း
  8. ဦးဇော်လွန်း
  9. ဦးဝမ်ကိုဟော တို့ပါဝင်ခဲ့သည်။ (နောင်တွင် ဦးဝမ်ကိုဟော နုတ်ထွက်၍ ဦးငွန်းတိုးအား အစားခန့်ထားသည်။) ထို့နောက် မြန်မာမှုနှင့် အနုပညာဆိုင်ရာ ကျွမ်းကျင်သူများ ဖြစ်သော ပန်းချီဆရာကြီး ဦးငွေကိုင်နှင့် ဦးအုန်းလွင်၊ ဂီတဆိုင်ရာ ဦးဘသန်းနှင့် ဒဂုန် ဆရာတင်၊ အသံလွှင့်ဌာနမှ ဦးခင်ဇော်နှင့် ဦးထင်ဖတ်တို့ကို ဖြည့်စွက်ခန့်ထားပြီးနောက် အတိုင်ပင်ခံအဖြစ် ဦးသိန်းဟန် (ဆရာဇော်ဂျီ)ကိုလည်း ထည့်သွင်းခဲ့ပေသည်။
ယခင် ပြည်ထောင်စုမြန်မာနိုင်ငံတော်ဆိုင်ရာ အရပ်သုံးသင်္ဘောသုံးအလံ (1952–1974).

ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော်အလံ

ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော်အလံကို ၁၉၇၄ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၉ဝ အရ နိုင်ငံတော်အလံ၏ အရောင်အသွေး၊ အမှတ်အသား၊ ပုံသဏ္ဌာန်နှင့် အရွယ်အစားကို ပြဋ္ဌာန်းထားသည်။ ထို့ပြင် ၁၉၇၄ ခုနှစ်၊ ပြည်သူ့လွှတ်တော် ဥပဒေအမှတ် ၁ နှင့် ပြည်သူ့လွှတ်တော် နည်းဥပဒေ အမှတ် ၁ တို့အရလည်း ထပ်မံ၍ အသေးစိတ် ပြဋ္ဌာန်းထားသည်။ ထိုဥပဒေများအရ နိုင်ငံတော်အလံမှာ ထောင့်မှန်စတုဂံပုံဖြစ်၍ အောက်ခံအရောင်မှာ အနီရောင်ဖြစ်သည်။ လက်ဝဲဘက် အထက်ထောင့်ရှိ အပြာရောင် အောက်ခံလေးထောင့်ကွက်ပေါ်တွင် အရွယ်တူကြယ်ဖြူ ၁၄ လုံး ဝန်းရံထားသော ပင်နယံနှင့် စပါးနှံ နှစ်ခက်ရှိသည်။။ ပင်နယံတွင် တူညီသော စက်သွားစိတ်ပေါင်း ၁၄ ခုရှိသည်။ ပင်နယံအတွင်းရှိ စပါးနှံများတွင် စပါးစေ့ပေါင်း ၃၄ စေ့ရှိသည်။ စပါးနှံများ၏ တစ်ဖက်တစ်ချက်စီတွင် စပါးရွက်နှစ်ရွက်စီရှိသည်။

အတိုင်းအတာများ

အလံတော် အတိုင်းအတာမှာ အလျား ကိုးပေ၊ အနံ ငါးပေ၊ လက်ဝဲအထက်ထောင့် အပြာရင့်အခန်း အလျား လေးပေ၊ အနံနှစ်ပေခွဲ ဖြစ်သည်။ ပင်နီယံ၏ အတွင်းခွေအနားကို အချင်းဝက် လေးလက်မဖြင့် လည်းကောင်း၊ အလယ်ခွေအနားကို အချင်းဝက် ရှစ်လက်မဖြင့်လည်းကောင်း အသီးအသီး ဆွဲထားသော စက်ဝန်း ဖြစ်သည်။ ပင်နီယံတွင် တူညီသော စက်သွားစိပ်ပေါင်း ၁၄ စိပ် ရှိသည်။ စက်သွားစိပ်တစ်စိပ်၏ အောက်ခြေအကျယ်မှာ ၁.၈ လက်မဖြစ်၏။ စက်သွားစိပ် တစ်စိပ်နှင့် တစ်စိပ်၏ အောက်ခြေအကွာအဝေး သည် ၁.၂ လက်မ ရှိ၏။ စက်သွားစိပ်တစိပ်၏ ထိပ်မျက်နှာပြင် အကျယ် သည် ၁.၅လက်မ ဖြစ်၏။ စက်သွားစိပ်တစ်စိပ်စီ၏ အမြင့်မှာ ၁.၄ လက်မ ဖြစ်သည်။

ပင်နီယံအတွင်း၌ စပါးနှံနှစ်ခက်ရှိသည်။ ယင်းစပါးနှံများတွင် စပါးစေ့ပေါင်း ၃၄ စေ့ ရှိ၏။ စပါးနှံများသည် အောက်ဘက်တည့်တည့်သို့ မျက်နှာမူနေသည့် စက်သွားစိပ်မှ အထက်သို့ ထောင်တက်သွား၍ တူရှုကြည့်သူ၏ လက်ဝဲဘက် စပါးနှံ၏ အဖျားပိုင်းသည် အထက်ဘက်တည့်တည့်တွင်ရှိသော စက်သွားစိပ်နှင့် ယင်း၏ လက်ဝဲဘက်တွင်ရှိသော စက်သွားစိပ်တို့၏အကြားသို့ ကိုင်းညွတ်၍ ဝင်နေသည်။ လက်ယာဘက်မှ စပါးနှံ၏ အဖျားသည် အထက်တည့်တည့်ရှိ စက်သွားစိပ်နှင့် ယင်း၏ လက်ယာဘက်ရှိ စက်သွားစိပ်တို့၏ အကြား ပင်နီယံပြက်၏ အလယ်ခန့်တွင် လက်ဝဲဘက်သို့ အနည်းငယ် ကိုင်းညွတ်လျက် ရှိပေသည်။ လက်ဝဲဘက်အထက် စပါးရွက်သည် စပါးနှံများ အခြေခံရာ စက်သွားစိပ်မှ လက်ဝဲဘက်သို့ ရေတွက်သော် တတိယနှင့် စတုတ္ထစက်သွားစိပ်အကြားနှင့် တည့်တည့် ရှိသော စပါးစေ့မှကပ်လျက် လက်ဝဲဘက်သို့ အနည်းငယ်စောင်းကာ တက်သွားသည်။ ထိုစပါးရွက်သည် ထိပ်တည့်တည့်ရှိရှိ စက်သွားစိပ်မှ လက်ဝဲဘက်သို့ ရေတွက်သော် ပထမနှင့် ဒုတိယ စက်သွားစိပ်တို့အကြား ပင်နီယံပြက်၏ အလယ်တွင် စပါး ရွက်သည် အောက်ဘက်သို့ ကိုင်းညွှတ် ကျဆင်းသွားပြီးလျှင် ယင်းစပါးရွက်ထိပ်အဖျားသည် လက်ဝဲဘက် တတိယစက်သွားစိပ်၏ အောက်ခြေတွင် ကျရောက်လျက်ရှိသည်။ လက်ဝဲဘက်အောက်စပါးရွက်သည် စပါးနှံအခြေခံရာ စက်သွားစိပ်မှနေ၍ အထက်သို့ တက်သွားသည်။ ထိုစပါးရွက်သည် ပင်နီယံအတွင်းခွေ၏ လက်ဝဲဘက်ခြမ်း အလယ်ခန့်မှနေ၍အောက်သို့ ကိုင်းညွတ်ကျဆင်း သွားပြီးလျှင် ယင်းစပါးရွက်၏ ထိပ်အဖျားသည် စပါးနှံများ အခြေခံရာ စက်သွားစိပ်မှ လက်ဝဲဘက်သို့ ရေတွက်သော် တတိယစက်သွားစိပ် အောက်ခြေနှင့်တည့်တည့်ရှိသော စပါးစေ့ မှကပ်လျက် လက်ယာဘက်သို့ အနည်းငယ်စောင်းကာ တက်သွားသည်။ ထိုစပါးရွက်သည် ထိပ်တည့်တည့်ရှိ စက်သွားစိပ်မှ လက်ယာဘက်သို့ ရေတွက်သော် ဒုတိယ စက်သွားစိပ်၏ အောက်ခြေပင်နီယံပြက်၏ အလယ်ခန့်မှ အောက်ဘက်သို့ ကိုင်းညွတ်ကျဆင်းသွားပြီး ယင်းစပါးရွက်၏ ထိပ်ဖျားသည် လက်ယာဘက်ရှိ တတိယနှင့် စတုတ္ထစက်သွားစိပ်တို့အကြားတွင် ကျရောက်လျက်ရှိသည်။ လက်ယာဘက်အောက် စပါးရွက်သည် စပါးနှံအခြေခံရာ စက်သွားစိပ်မှနေ၍ အထက် တက်သွားသည်။ ထိုစပါးရွက်သည် ပင်နီယံအတွင်းခွေ၏ လက်ယာဘက်ခြမ်း အလယ်ခန့်မှနေ၍ အောက်သို့ ကိုင်းညွတ် ကျဆင်းသွားပြီး ယင်းစပါးရွက်၏ ထိပ်အဖျားသည် စပါးနှံများ၊ အခြေခံရာ စက်သွားစိပ်မှ လက်ယာဘက်သို့ ရေတွက်သော် ဒုတိစက်သွားစိပ်၏ အောက်ခြေအပေါ်ပိုင်းခန့်တွင် ကျရောက်လျက်ရှိသည်။

ကြယ်များသည် စက်သွားစိပ်တစ်ခုစီ၏ ထိပ်တည့်တည့်တွင် ရှိသည်။ ကြယ်များ၏ ဗဟိုချက်တို့သည် ပင်နီယံ၊ သို့မဟုတ် အပြာရင့်ခန်းဗဟိုချက်၏ ၁ဝ.၄လက်မအကွာတွင် ရှိသည်။ ကြယ်တစ်လုံးစီ၏ အချင်းမှာ ၃. ၈ လက်မ ဖြစ်သည်။ ကြယ်တစ်လုံးတွင် ငါးထောင့်ရှိပြီး ကြယ်တစ်လုံးစီ၏ ထိပ်ချွန်တစ်ခုစီသည် နိုင်ငံတော်အလံ၏ အထက်သို့ မူသေမတ်မတ်ထောင်ကာ ရှိနေသည်။ [5]

အဓိပ္ပာယ်

စပါးနှံနှင့် စက်သွားသည် အခြေခံ လူတန်းစားနှစ်ရပ်ဖြစ်သော တောင်သူလယ်သမားများနှင့် အလုပ်သမားများကို ရည်ညွှန်းသည်။ အရွယ်တူကြယ်ဖြူ ၁၄ လုံးသည် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းစသည့် ပြည်နယ်ခုနစ်ခုနှင့် စစ်ကိုင်း၊ တနင်္သာရီ၊ ပဲခူး၊ မန္တလေး၊ မကွေး၊ ရန်ကုန်နှင့် ဧရာဝတီတိုင်း ခုနစ်တိုင်းတို့၏ တန်းတူညီတူရှိမှုကို ဖော်ဆောင်ထားသည်။

အလံတော်ရှိ အဖြူရောင်သည် သန့်ရှင်းခြင်းနှင့် စင်ကြယ်ခြင်းကို လည်းကောင်း၊ အနီရောင်သည် ရဲရင့်ခြင်းနှင့် ပြတ်သားခြင်းကိုလည်းကောင်း ဖော်ဆောင်သည်။ အပြာရောင်မှာ ငြိမ်းချမ်းခြင်းနှင့် တည်ကြည်ခြင်းကို ဖော်ဆောင်သည်။

နိုင်ငံတော်အလံကို လွှင့်ထူရမည့်အဆောက်အဦး၊ နေရာဌာနများနှင့် လွှင့်ထူရမည့် နေ့ကြီးရက်ကြီးများ၊ လိုက်နာရမည့်အချက်များ၊ တားမြစ်ချက်များနှင့် ပြစ်ဒဏ်များကိုလည်း ဥပဒေအရတိကျစွာ ပြဋ္ဌာန်းထားသည်။ ၁၉၄၈ ခုနှစ် အခြေခံဥပဒေတွင် အတည်ပြုထားခဲ့သော တော်လှန်ရေးကြယ်ကြီး တစ်လုံးကို ခြံရံထားသည့် ကြယ်ငါးလုံးပါအလံကို ၁၉၇၄ ခုနှစ် အခြေခံဥပဒေဖြင့် ရုပ်သိမ်းခဲ့သည်။[6]

ယခင် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံဆိုင်ရာ အရပ်သားသင်္ဘောသုံးအလံ (1974–2010).

၂၀၁၉ခုနှစ် အလံသစ်အဆိုပြုခြင်း

၂၀၁၉ ခုနှစ်တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် နိုင်ငံရေးပါတီများမှတင်ပြချက်များတွင် နိုင်ငံရေးပါတီလေးခုဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ရှမ်း တိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ်၊ဇိုမီး ဒီမိုကရေစီအဖွဲ့ချုပ်၊အမျိုးသားညီညွတ်သောဒီမို ကရက်တစ်ပါတီတို့မှ နိုင်ငံတော်အလံအသစ်ကို တင်ပြထားကြသည်။[7]

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တင်သွင်းသော အဆိုပြုအလံ
ရှမ်း တိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ်တင်သွင်းသော အဆိုပြုအလံ
အမျိုးသားညီညွတ်သောဒီမို ကရက်တစ်ပါတီတင်သွင်းသော အဆိုပြုအလံး
ဇိုမီး ဒီမိုကရေစီအဖွဲ့ချုပ်တင်သွင်းသော အဆိုပြုအလံး










သမိုင်းတလျှောက် မြန်မာ့အလံများ

အလံလွှင့်ထူထားသောပုံများ

အခြားကြည့်ရန်

ကိုးကား

  1. State Flag Law with State Peace and Development Council Law (8/2010)
  2. ၂၂.၁၀.၂၀၁၀ ရက်ထုတ် မြန်မာ့အလင်း သတင်းစာ
  3. ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်)
  4. နိုင်ငံတော်အလံ ဥပဒေနှင့်နည်းဥပဒေများpublisher=အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန 18 October 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  5. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)
  6. မောင်အုန်းဖေရေးသည့် “ဒီဟာအစ ဒီလိုက” စာအုပ်
  7. "မြန်မာနိုင်ငံ အလံကိုပြောင်းချင်သူတွေ"၊ ဘီဘီစီ၊ ၁၇ ဇူလိုင် ၂၀၁၉။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.