မြန်မာနိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အထိမ်းအမှတ်တံဆိပ်သည် နိုင်ငံတော်အစိုးရ၏လုပ်ငန်းဆိုင်ရာများတွင်အသုံးပြုသောတံဆိပ်ဖြစ်သည်။နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ကို ယင်း၏ဂုဏ်ကျက်သရေနှင့်အညီ နည်းလမ်းတကျအသုံးပြုရန်နှင့် ထိန်းသိမ်းစောင့်ရှောက်ကြရန်အလို့ငှာ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေ၊နည်းဥပဒေများကို ပြဋ္ဌာန်းထားသည်။
မြန်မာပြည်၏ နိုင်ငံတော် အထိမ်းအမှတ် တံဆိပ် | |
---|---|
Details | |
အသုံးပြုသူ | ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် |
စတင်အသုံးပြုခြင်း | ၂၀၀၈ |
ထိပ် | ရွှေကြယ် |
အရံများ | ခြင်္သေ့ |
ဖော်ပြချက်
- နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်၏ အလယ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်မြေပုံပါရှိသည်။အရွက် ၁၄ရွက်ရှိသော သပြေခက်များက မြေပုံကို တစ်ဖက်တစ်ချက် ဝန်းရံထားသည်။
- သပြေခက်များ၏ တစ်ဖက်တစ်ချက်တွင် အနုပညာမြောက် မြန်မာ့ခြင်္သေ့တစ်စီးစီရှိသည်။လက်ဝဲဘက်မှခြင်္သေ့သည် လက်ဝဲဘက်၊လက်ယာဘက်မှခြင်္သေ့သည် လက်ယာဘက်သို့ မျက်နှာမူနေသည်။
- ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဟူသောစာတမ်းကို အောက်ခြေရှိဖဲပြားပေါ်တွင် ဖော်ပြသည်။ပြည်ထောင်စုဟူသောစာတမ်းကို လက်ဝဲဘက်ခြင်္သေ့အောက်တွင်၊သမ္မတဟူသောစာတမ်းကို မြေပုံအောက်တွင်၊မြန်မာနိုင်ငံတော်ဟူသောစာတမ်းကို လက်ယာဘက်ခြင်္သေ့အောက်တွင် ဖော်ပြထားသည်။
- အထိမ်းအမှတ်တံဆိပ်၏ထိပ်တွင် ကြယ်လက်တံငါးခုရှိသော ကြယ်တစ်လုံးသည် အထက်သို့ မတ်မတ်ညွှန်းလျက်ရှိသည်။
- ကြယ်၏တစ်ဖက်တစ်ချက်တွင် မြန်မာပန်းပုံသဏ္ဌန် ပန်းခက်ပြားများရှိသည်။[1]
အသုံးပြုခြင်း
နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ကို
- နိုင်ငံတော်သမ္မတရုံးအဆောက်အအုံ၌ တပ်ဆင်အသုံးပြုနိုင်သည်။
- နိုင်ငံတော်သမ္မတ စီးနင်းလိုက်ပါလာသော ယာဉ်များတွင် အသုံးပြုနိုင်သည်။
- လွှတ်တော်အဆောက်အအုံများ(ဗဟို)၊ပြည်ထောင်စုအဆင့်အစိုးရအဖွဲ့အစည်းများ၏ရုံးများ၊တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်ရုံးများ၊မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးနယ်မြေအလိုက် ပိုင်းခြားထားသော အစိုးရအဖွဲ့အစည်းများ၏ရုံးများတွင် အသုံးပြုနိုင်သည်။
- ဝန်ကြီးဌာနအသီးသီးနှင့် ယင်း၏လက်အောက်ရှိ ဝန်ထမ်းရုံးအဆင့်ဆင့်၊တရားရုံးအဆင့်ဆင့်၊ပြည်ထောင်စုအစိုးရအဖွဲ့မှ တပ်ဆင်ရန်ခွင့်ပြုထားသော အဖွဲ့အစည်း၊ဌာနများ၏ ရုံးများတွင်လည်းကောင်း အသုံးပြုနိုင်သည်။
- မြန်မာနိုင်ငံကိုယ်စားပြု နိုင်ငံခြားသံတမန်ရေးရာ ရုံးအသီးသီးတွင်လည်းကောင်း အသုံးပြုနိုင်သည်။
- နိုင်ငံတော်ဧည့်ခံအခမ်းအနားများနှင့် နိုင်ငံတော်ကို ကိုယ်စားပြုသောပုဂ္ဂိုလ်များက ပြုလုပ်သောအခမ်းအနားများတွင် အသုံးပြုသော ပစ္စည်းများတွင် ရိုက်နှိပ်၍ အသုံးပြုနိုင်သည်။
- နိုင်ငံတော်ငွေစက္ကူနှင့် တံဆိပ်ခေါင်းများတွင် အသုံးပြုနိုင်သည်။
- နိုင်ငံတော်သမ္မတကခွင့်ပြုသော အဖွဲ့အစည်းများနှင့် ကာကွယ်ရေးဝန်ကြီးဌာန၏ ကွပ်ကဲမှုလက်အောက်ရှိ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ၏ ဝန်ထမ်းအဆင့်အတန်းနှင့် စပ်လျဉ်း၍လည်းကောင်း၊ယင်းဝန်ထမ်းများ၏ ဝတ်စားဆင်ယင်မှုနှင့် စပ်လျဉ်း၍လည်းကောင်း အသုံးပြုနိုင်သည်။
- နိုင်ငံတစ်ဝှမ်းရှိ လွှတ်တော်များ၊ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ဝန်ကြီးဌာနများ၊အုပ်ချုပ်ရေးနယ်မြေအလိုက် ပိုင်းခြားထားသော အစိုးရအဖွဲ့အစည်းများနှင့် ပြည်ထောင်စုအစိုးရမှခွင့်ပြုထားသော ဌာန၊အဖွဲ့အစည်းများ၏ ရုံးသုံးစာရွက်စာတမ်းများပေါ်တွင် ရိုက်နှိပ်အသုံးပြုနိုင်သည်။
- နိုင်ငံတော်အစည်းအဝေးများနှင့် အခမ်းအနားများတွင် အသုံးပြုနိုင်သည်။[1]
သမိုင်းကြောင်း
ယခင်မြန်မာဘုရင်များလက်ထက်က အမှတ်တံဆိပ်တော်မှာ အစိမ်းရောင်ကဒေါင်းဖြစ်သည်။
ဗြိတိသျှကိုလိုနီခေတ်တွင်လည်း ဒေါင်းပုံကိုပင် ဗြိတိသျှမြန်မာကိုလိုနီ တံဆိပ်အဖြစ် ဆက်လက်အသုံးပြုခဲ့သည်။
ဂျပန်ခေတ် မြန်မာနိုင်ငံတော်၏ တံဆိပ်မှာ ရွှေရောင် ဒေါင်းအလှပုံဖြစ်သည်။
လွတ်လပ်ရေးရပြီးနောက် ပထမဆုံးအသုံးပြုခဲ့သည့် နိုင်ငံတော်တံဆိပ်ဟောင်းတွင်ပြည်ထောင်စုသမတမြန်မာနိုင်ငံတော်ဟုပါရှိပြီးခြင်္သေ့၃ကောင်ပါဝင်သည်။နောက်မှထိပ်တွင်ရှိသောခြင်္သေ့ကို ရွှေကြယ်ဖြင့်အစားထိုးခဲ့သည်။မြန်မာပြည်မြေပုံကိုဝန်းရံထားသော စက်သွားပေါ်တွင် ဓမ္မပဒ အပိုဒ်ရေ ၁၉၄မှသမဂ္ဂါနံ တပေါ သုခေါဟူသောစာသားပါရှိသည်။နိုင်ငံ၏အမည်ကိုလိုက်၍ နဖူးစည်းစာသားမှာပြောင်းလဲနေသည်။
ဦးနေဝင်းလက်ထက်တွင် ၁၉၇၄ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဆိုရှယ်လစ် လက္ခဏာအချို့ဖြင့်ပြင်ဆင်ခဲ့သည်။နောက်ခံအပြာရောင်ရှိသော အနီရောင်မြေပုံကို စက်သွား၊စပါးနှံ၂ခက်ဖြင့်ဝန်းရံထားသည်။ဘေးတွင်အပြာရောင်ခြင်္သေ့၂ကောင်နှင့်ထိပ်တွင်ကြယ်ဖြူတစ်လုံးရှိသည်။ကျန်နေရာများကိုပန်းကနုတ်များထည့်သွင်းထားသည်။နဖူးစည်းတွင်ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်ဟုပါရှိသည်။
၁၉၈၈ခုနှစ် စက်တင်ဘာလ ၁၈ နောက်ပိုင်းတွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးကောင်စီ(နဝတ)အစိုးရသည် နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်မှဆိုရှယ်လစ်သမ္မတဟူသောစာသားကိုဖြုတ်ခဲ့ပြီး တံဆိပ်တစ်ခုလုံးကိုရွှေရောင်ပြောင်းခဲ့သည်။
၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ လက်ရှိအမှတ်တံဆိပ်ကိုသုံးခဲ့သည်။ စက်သွား၊စပါးနှံ၂ခက်ကို ဖယ်ရှားကာ သံလွင်ခက်၂ခက်ဖြင့် မြေပုံကိုဝန်းရံသည်။ အရောင်ကိုလည်း ရွှေရောင်နှင့်အနီရောင်တို့ကိုအသုံးပြုခဲ့သည်။
ပြခန်း
- မြန်မာနိုင်ငံတံဆိပ်တော်(ကုန်းဘောင်ခေတ်)(၁၈၅၂-၁၈၈၅)
- ဗြိတိသျှဘားမားတံဆိပ်တော် ပုံစံတူ (တောင်ငူမင်းဆက်မှတံဆိပ်ကို ဗြိတိသျှတို့ယူ၍ သုံးစွဲခြင်း) (၁၈၈၆-၁၉၃၇)
- ဗြိတိသျှဘားမားတံဆိပ်တော် (၁၉၃၉-၁၉၄၈)
- ပြည်ထောင်စုမြန်မာနိုင်ငံတော် နိုင်ငံတော်တံဆိပ်(ဟောင်း)(၁၉၄၈-၁၉၇၄)
- ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်(ဟောင်း)(၁၉၇၄-၁၉၈၈)
- ပြည်ထောင်စုမြန်မာနိုင်ငံတော် နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်(ဟောင်း)(၁၉၈၈-၂၀၀၈)