မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ

ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ကို ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်တဲ့ စစ်တပ်အာဏာသိမ်း တော်လှန်ရေးကောင်စီ ကနေ ၁၉၆၂၊ ဇူလိုင်-၄ ရက်နေ့မှာ ထူထောင် ဖွဲ့စည်းခဲ့ပါတယ်။ အာဏာရ တော်လှန်ရေးကောင်စီကနေ ဖွဲ့စည်း လိုက်တာ ဖြစ်တဲ့ အတွက် အာဏာရ နိုင်ငံရေးပါတီအဖြစ် အပေါ်စီးကနေ ပေါ်ပေါက်ကာ ထွက်ပေါ် ဖြစ်တည်လာခဲ့ပါတယ်။

ပါတီဖွဲ့စည်းပုံ

လမ်းစဉ်

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီရဲ့ လမ်းစဉ်သည် ‘မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်’ ဖြစ်ပြီး ထိုလမ်းစဉ်ကို ၁၉၆၂၊ ဧပြီ-၃၀ ရက်နေ့ မှာ ရတနာပုံရေတပ်စခန်း ၌ ဗိုလ်ချုပ်ကြီးနေဝင်း ကိုယ်တိုင် သဘာပတိ အဖြစ် ကြီးမှူးကျင်းပတဲ့ တပ်မှူးများညီလာခံ မှာ တော်လှန်ရေးကောင်စီ ရဲ့ ဝါဒ သဘောထားအဖြစ် သတ်မှတ်ချပြခဲ့ပြီး တက်ရောက် လာကြသူ တပ်မှူး ကြီးငယ် အားလုံးက လက်ခံသဘောတူညီကြောင်း လက်မှတ်ရေးထိုး အတည်ပြု ခဲ့ကြပါတယ်။ အဲဒီလမ်းစဉ်အရ သွားဖို့ အတွက် တော်လှန်ရေး ကောင်စီ စစ်အစိုးရရဲ့ နိုင်ငံရေး အဖွဲ့အစည်းအဖြစ်၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ကို ဇူလိုင်-၄ ရက်နေ့ မှာ စတင် အကောင်အထည်ဖော် ဖွဲ့စည်းကြေညာခဲ့ခြင်း ဖြစ်ပါတယ်။

ခေါင်းဆောင်များ

တပ်မှူးများညီလာခံ မှာ ပါဝင်တက်ရောက်ခဲ့ကြပြီး မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ကို လက်ခံသဘော တူညီကြောင်း မော်ကွန်းတင် လက်မှတ် ရေးထိုးခဲ့ကြတဲ့ စစ်တပ်တွင်းက တပ်မှူးကြီးငယ် စစ်နွယ်ဝင်အပေါင်းဟာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကြီး ရဲ့ ပထမဆုံးသော ပါတီခေါင်းဆောင်ကြီးများ၊ ပါတီဝင်ကြီးများ ဖြစ်လာခဲ့ကြပါသည်။ ပါတီ ရဲ့ ဥက္ကဋ္ဌကြီး မှာ ဗိုလ်ချုပ်ကြီး နေဝင်းကိုယ်တိုင်ပင် ဖြစ်သည်။

ကော်မတီများ

တော်လှန်ရေးကောင်စီဟာ ပါတီတည်ဆောက်ရေး ကာလရဲ့ အချုပ်အခြာအာဏာပိုင် အဖွဲ့ဖြစ်ပြီး လမ်းစဉ်ပါတီမှာ အဆင့်အတန်းချင်းတူညီတဲ့ ထိပ်တန်းကော်မတီ (၃) ခုရှိပါတယ်။

  • (၁) ပါတီစည်းရုံးရေးကော်မတီ၊
  • (၂) ပါတီ စည်းကမ်းထိမ်းသိမ်းရေးကော်မတီ၊
  • (၃) ဆိုရှယ်လစ် စီးပွားရေးစီမံကိန်းကော်မတီ တို့ ဖြစ်ကြပါတယ်။

ပါတီစည်းရုံးရေး ဗဟိုကော်မတီနဲ့ ပါတီစည်းကမ်းထိမ်းသိမ်းရေးကော်မတီ (၂) ခုလုံးရဲ့ ဥက္ကဋ္ဌတွေဟာလဲ ဗိုလ်ချုပ်ကြီး နေဝင်းပဲ ဖြစ်ပါသည်။

ဗဟိုကော်မတီ နှင့် အရန်ကော်မတီ

၁၉၇၁ ခုနှစ်၊ ဇွန်လ-၂၈ မှ ဇူလိုင်-၁၁ အထိ ပထမအကြိမ် ပါတီညီလာခံကိုခေါ်ယူကျင်းပခဲ့ပြီး၊ ပထမအကြိမ် ပါတီညီလာခံက အတည်ပြု ပြဋ္ဌာန်းလိုက်တဲ့ လမ်းစဉ်ပါတီ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းနဲ့အညီ၊ ပါတီ ဗဟိုကော်မတီကို ရွေးချယ် တင်မြှောက် ဖွဲ့စည်း တာတွေ လုပ်ဆောင်ခဲ့သလို၊ အမြုတေပါတီအဆင့်မှ ပြည်သူ့ပါတီအဆင့် အဖြစ် ကူးပြောင်း တည်ဆောက်ခဲ့သည်။ ပါတီရဲ့ ဥက္ကဋ္ဌ အဖြစ် ဗိုလ်ချုပ်ကြီးနေဝင်း၊ အထွေထွေ အတွင်းရေးမှူး အဖြစ် ဗိုလ်ချုပ်စန်းယု၊ တွဲဖက် အထွေထွေ အတွင်းရေးမှူး အဖြစ် ဗိုလ်မှူးကြီး သောင်းကြည် တို့ဖြစ်လာ ခဲ့ကြပါသည်။ လမ်းစဉ်ပါတီရဲ့ ထိပ်တန်း ဗဟိုကော်မတီဝင် (၁၅၀) နဲ့ အရန် ကော်မတီဝင် (၅၀) ဦးကိုလဲ ရွေးချယ် တင်မြှောက် ဖွဲ့စည်းခဲ့ကြပါတယ်။

အင်အား

၁၉၇၁ ခုနှစ်မှာ ပြည်သူ့ပါတီ အဆင့်သို့ ကူးပြောင်း ဖွဲ့စည်းချိန်မှာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ မှာ တင်းပြည့်ပါတီဝင်၊ အရန်ပါတီဝင်နဲ့ ပါတီမိတ်ဆွေ အဆင့် ဆိုတာတွေပါ စုစုပေါင်း ပါတီဝင်ဦးရေ (၁) သန်းကျော် ရှိသည်။ A

အမြုတေ မှ လမ်းစဉ် သို့

မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ကို ပထမဆုံး အသွင်ကူးပြောင်းရေးကာလ ပါတီတည်ဆောက်ရေး အဆင့်အဖြစ် ‘အမြုတေ ပါတီအဆင့်’ ဖြင့် စတင် ဖွဲ့စည်း လှုပ်ရှားမှုတွေ လုပ်ဆောင်ပါတယ်။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကို လက်ခံ ယုံကြည်သူ တွေ ပါတီဝင် အဖြစ် လျှောက်ထားပါဝင်ကြရန်ကိုတော့ ၁၉၆၃၊ မတ်လ ၂ ရက်နေ့မှာ ပါတီစည်းရုံးရေး ကော်မတီ ကနေ တိုင်းပြည် ကို ကြေညာလိုက်ပြီး လုပ်ငန်းကို စတင်ပါတယ်။ ပါတီအခြေစိုက်စခန်းတွေဖြစ်တဲ့ ‘ပါတီယူနစ်’ တွေကိုလဲ ၁၉၆၃ ခုနှစ်ကစပြီး မြို့နယ်အလိုက်ဖွဲစည်းရာမှာ ၁၉၆၄ မှာ ပါတီယူနစ်ပေါင်း (၁၁၃) ခု ရှိရာမှ ၁၉၆၅ ခုနှစ်မှာ (၁၉၅) ခု၊ ၁၉၆၆ မှာ (၃၃၀)၊ ၁၉၆၇ ခုနှစ်မှာ (၃၄၃) ခုအထိ တနှစ်ထက်တနှစ် တိုးချဲ့ ဖွဲ့စည်းခဲ့ပါတယ်။

နိုင်ငံရေးသမားဟောင်း များ ဝင်ရောက်လာခြင်း

ပါတီ ရဲ့ အမြုတေပါတီ တည်ဆောက်ရေး ကာလတွေအတွင်း စစ်တပ်တွင်းကပြီးရင် ဝင်ရောက်လာသူများကတော့ ပမညတ တွင်းက ခြံခုန်ကူးသမားတွေနဲ့၊ လက်နက်ချ ဗကပ ဟောင်းတချို့ ဖြစ်ကြပါတယ်။ ဦးဘငြိမ်ဦးဘငြိမ်းသထုံ ဦးသိန်းမောင် တို့လို ပုဂ္ဂိုလ်များ၊ သိန်းလေးဆယ် ဦးကိုကိုကြီး ရဲ့ တပည့်တပန်း အုပ်စုများ၊ ဆိုရှယ်နီဟောင်း - ဆိုရှယ်လစ်ဟောင်း များနဲ့ သခင်တင်မြဦးသိန်းဖေမြင့်ဗိုလ်ရဲထွဋ်ဦးချမ်းအေး တို့လိုပုဂ္ဂိုလ်များ မြန်မာ့ဆိုရှယ်လစ် ပါတီအတွင်း ရောက်ရှိလာကြပါတယ်။

မြန်မာ့နည်း မြန်မာ့ဟန်

တော်လှန်ရေးကောင်စီရဲ့ ဝါဒသဘောထား ကြေငြာချက်ဖြစ်တဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ကြီးဟာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီရဲ့ မူဝါဒ လမ်းစဉ် ဖြစ်လာခဲ့ရပြီး “ဆိုရှယ်လစ်လောကသို့ မြန်မာ့လမ်းစဉ်ဖြင့် ချီတက်ကြစို့” လို့ ကြွေးကြော် ခဲ့ပါတယ်။ “ခေတ်ပြောင်း တော်လှန်ရေး ဆင်နွှဲပြီး ဆိုရှယ်လစ်လောကသို့ မရောက်ရောက်အောင် ချီတက်ကြမည်” လို့လဲ အတိအလင်းဆိုခဲ့ပါတယ်။ ကမ္ဘာ ပေါ်မှာရှိနေတဲ့ တခြားသော ဆိုရှယ်လစ်ပါတီ၊ ဆိုရှယ်လစ်စနစ်တွေ နဲ့ နှုန်းမီစံမျှ မရှိနိုင်တဲ့ အတွက် ‘စံသွေစံလွဲ’ မှုတွေ မှန်သမျှကို လက်ညိုးထိုး ဝေဖန်သုံးသပ် ထောက်ပြလို့ မရအောင် “မြန်မာ့နည်း မြန်မာ့ဟန် ဆိုရှယ်လစ် အဖြစ် ပုံဖော် တည်ဆောက် ထားပါတယ်။

အခြေပြုလူတန်းစား နှင့် အခြေခံသဘောတရား

မြန်မာ့ဆိုရှယ်လစ်စနစ်ရဲ့ အခြေခံလူတန်းစား (၂) ရပ်ကတော့ တောင်သူလယ်သမား နဲ့ အလုပ်သမား လို့ဆိုပါတယ်။ “ဆိုရှယ်လစ် ပန်းတိုင်သို့ ချီတက်ရာတွင် တိုင်းပြည် လူများစုဖြစ်သော တောင်သူလယ်သမားများနှင့် အခြားသော လုပ်သားထုများ၏စည်းရုံးရေးအင်အားကို အဓိကအားဖြင့် အခြေပြုပေသည်” လို့ တရားဝင် ထုတ်ဖော်ထားပါတယ်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီရဲ့ လမ်းစဉ်က မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ဆိုတာဖြစ်ပြီး၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီရဲ့ အခြေခံသဘောတရားကတော့ “လူနှင့်ပတ်ဝန်းကျင်တို့၏ အညမည သဘောတရား” ဆိုတာဖြစ်ပါတယ်။ ‘မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်’ကို ၁၉၆၂၊ ဧပြီ-၃၀ ရက်နေ့ကတည်းက ထုတ်ပြန်ခဲ့ပေမဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီရဲ့ အခြေခံလမ်းညွှန် သဘောတရား ဖြစ်တဲ့ (လမ်းစဉ်ပါတီ၏ ‘တွေးခေါ်မြော်မြင်ရေး သဘောတရား’ လို့ခေါ်ဆိုတဲ့) “လူနှင့်ပတ်ဝန်းကျင်တို့၏ အညမည သဘောတရား” ကိုတော့ ၁၉၆၃၊ ဇန်နဝါရီ-၁၇ ရက်နေ့မှ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဲဒီ “အညမည သဘော တရား” ဆိုတာကတော့ “လူ့ဘောင်ဖြစ်ပေါ်မှုသမိုင်းတွင် လူ့ဘောင်၏ရုပ်ပိုင်းဘ၀ ဖွဲ့စည်းဖြစ်ပေါ်မှုများနှင့် စိတ်ပိုင်း ဘ၀ ဖြစ်ပေါ်မှုများ သည် အချင်းချင်းအပြန်အလှန် ကျေးဇူးပြုနေကြသည် ဟူသော အညမည သဘောတရား အတိုင်း ဖြစ်ပျက် ပြောင်းလဲ နေကြပေသည်” လို့ဖော်ပြထားရင်း၊ ရုပ်အဓိကဝါဒလဲမဟုတ်၊ စိတ်အဓိက ဝါဒလည်းမဟုတ်တဲ့ နာမရူပဝါဒ သဘော တရား တမျိုးဖြစ်ပါတယ်။ အညမည အပြန်အလှန်အကြောင်းပြု ကျေးဇူးပြုနေကြတယ်ဆိုတာကို ကောက်ယူပြီး၊ လက်ဝဲစွန်း-လက်ယာစွန်းဆိုတဲ့ အစွန်းနှစ်ပါးကလွတ်တဲ့ “မစ္ဈိမပဋိပဒါ လမ်းစဉ်” သဘောတရားအဖြစ်နဲ့ အမွှမ်းတင် အသွင် ဆောင်ယူထားတဲ့ အခြေခံလမ်းညွှန်သဘောတရားဖြစ်ပါတယ်။

အခြေခံဥပဒေ နှင့် တစ်ပါတီစနစ်

ဘယ်ပါတီမှ တည်ရှိခွင့်မပြု၊ ဖျက်သိမ်းပစ်လိုက်ပြီးပြီ ဖြစ်တဲ့ အတွက် တခုတည်းသော မဆလ ပါတီကြီးဟာ ပါတီရဲ့ ဦးဆောင်မှုနဲ့ “နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသစ်ကို ၁၉၇၁ ခုနှစ်၊ ဒီဇင်ဘာမှ ၁၉၇၃-ဩဂုတ်လအတွင်း ပထမ မူကြမ်း၊ ဒုတိယ မူကြမ်း၊ တတိယ မူကြမ်း ဆိုတာတွေကို (၃) ကြိမ် (၃) ခါ ရေးဆွဲခဲ့ပြီး ၁၉၇၃၊ ဒီဇင်ဘာ-၁၅ မှ ၃၁ ရက်နေ့ အထိ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပကာ ၁၉၇၄၊ ဇန်နဝါရီ-၃ ရက်နေ့မှာ အတည်ပြု ပြဋ္ဌာန်း ကြေညာခဲ့ပါသည်။ ထို နိုင်ငံတော် ဖွဲ့စည်း အုပ်ချုပ်ပုံ ၁၉၇၄ အခြေခံဥပဒေ အခြေခံပုဒ်မ (၁၁) အရ “မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီသည် နိုင်ငံတော် ၏ တခုတည်းသော နိုင်ငံရေးပါတီ ဖြစ်၍ နိုင်ငံတော်အား ဦးဆောင်သည် ဆိုပြီး”အစစအရာရာ “ပါတီရဲ့ဦးဆောင်မှု” ကို ချမှတ် အကောင် အထည်ဖော်ခဲ့ပါသည်။

ပါတီသန့်စင်ရေး

၁၉၇၇၊ နိုဝင်ဘာ-၁၆ ရက်နေ့မှာ အရေးပေါ်ပါတီညီလာခံဆိုတာကနေ ဗဟိုကော်မတီဝင် (၅၀) နဲ့အရန်ဗဟို ကော်မတီဝင် (၆) ဦး၊ စုစုပေါင်း (၅၆) ဦးကို “ပါတီသန့်စင်ရေး” လုပ်တယ်ဆိုတဲ့ ခေါင်းစဉ်သုံးပြီး အစုလိုက်အပြုံလိုက် ထုတ်ပစ်တာ လုပ်ခဲ့ပါတယ်။ ဦးထွန်းလင်းဦးကျော်ဇောဦးသန်းစိန် စတဲ့ “ထွန်းလင်း၊ကျော်ဇော၊ သန်းစိန်” အုပ်စု (အတွင်းရေးမှူး အုပ်စု) တခုလုံး ဖယ်ရှားပစ်ခြင်းခံလိုက်ရသလို ဦးတင်ဝင်းညို ၊ ဦးရဲထွဋ် နဲ့ သခင်တင်မြ တို့လို ပုဂ္ဂိုလ်တွေလဲ ဖြုတ်-ထုတ်-ပယ်တာ ခံလိုက်ရပါတယ်။

ပါတီ နေဝင်ချိန်

ပါတီစီမံကိန်းများ နှင့် ဖွံ့ဖြိုးမှု အနိမ့်ကျဆုံး နိုင်ငံ

ပါတီရဲ့ဦးဆောင်မှုနဲ့ စီးပွားရေးစီမံကိန်းကြီးတွေကိုလဲ နှစ်တို-နှစ်ရှည် စီမံကိန်းတွေချပြီး အကောင်အထည်ဖော်ရာမှာ၊ အမြဲလိုလို စီမံကိန်းလျာထားချက်တွေ အောင်မြင်စွာအကောင်အထည်ဖော်နိုင်ကြောင်း၊ စီပွားရေး ဖွံ့ဖြိုး တိုးတက်မှု နှုန်း ရာခိုင်နှုန်း ဘယ်လောက် အထိရှိကြောင်း၊ ဝါဒ ဖြန့်ချိ မင်္ဂလာယူခဲ့ရကြရာမှာ၊ ၁၉၈၇၊ အောက်တိုဘာ-၈ ရက်နေ့ မဆလ ဗဟိုကော်မတီ အစည်းအဝေးမှာ “ရှေ့မှာ စီးပွားရေးနဲ့ပတ်သက်ပြီး ဘယ်ပုံဘယ်နည်း ပြောင်းကြမလဲ၊ မူပြောင်းဖို့လိုလာပြီလို့ ဦးနေဝင်း ကိုယ်တိုင် အတိအလင်းဖွင့်ဟ လာခဲ့ရပါတယ်။ ၁၉၈၇ ခုနှစ်ထဲမှာပဲ တိုင်းပြည်ကလည်း “ကမ္ဘာ့ ဖွံ့ဖြိုးမှု အနိမ့်ကျဆုံး နိုင်ငံ စာရင်းထည့်သွင်းပေးဖို့ လျှောက်ထားလိုက်ရသည်။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကြီး ရဲ့ ဦးဆောင်မှုကြောင့် တနိုင်ငံလုံး သူတောင်းစား နိုင်ငံအဆင့်ရောက်ရှိ သွားခဲ့ရခြင်း ဖြစ်ပါတယ်။

ရှစ်လေးလုံး နှင့် ဥက္ကဋ္ဌ အပြောင်းအလဲ

၁၉၈၈ ထဲမှာ ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ နိဒါန်း၊ မတ်လ အရေးအခင်းဇွန်လ လှုပ်ရှားမှု တွေ ဆက်တိုက် ပေါ်ပေါက် လာခဲ့ပြီး (၂၃-၇-၁၉၈၈ ) နေ့ မဆလ အရေးပေါ်ညီလာခံမှာ မဆလပါတီ ဥက္ကဋ္ဌကြီး ဦးနေဝင်းက နုတ်ထွက်စာ တင်လာရတဲ့ အထိ အခြေအနေတွေဆိုးဝါးလာခဲ့ပါတယ်။ (၂၇-၇-၁၉၈၈) နေ့မှာ အရေးပေါ် အစည်းအဝေး ကနေ “စီးပွားရေး ပေါ်လစီ အချို့ကို ပြောင်းမယ်၊ တပါတီစနစ်ကိုတော့ မပြောင်းလို့ ဆုံးဖြတ်လိုက်ကြပြီး တိုင်းပြည်ရဲ့အခြေအနေကို အကြမ်းနည်းဖြင့် ကိုင်တွယ် ဖြေရှင်းဖို့ ဆုံးဖြတ်ပြီး မြန်မာ့ဆိုရှယ်လစ်ပါတီ ရဲ့ ဥက္ကဋ္ဌကြီး အဖြစ် ဦးစိန်လွင် ဖြစ်လာခဲ့ပါတယ်။

ဦးစိန်လွင်

သားသတ်သမား လို့ နာမည်ဆိုးနဲ့ကျော်ကြားခဲ့တဲ့ ဦးစိန်လွင်ဟာ မဆလ ပါတီ ဥက္ကဋ္ဌရော၊ နိုင်ငံတော်သမ္မတ တာဝန်ပါယူပြီး ရှစ်လေးလုံး အရေးတော်ပုံကြီး ကို အကြမ်းဖက် ရက်ရက်စက်စက် သတ်ဖြတ်ဖြိုခွဲခဲ့ပါသည်။ မအောင်မြင်ဘဲ ဩဂုတ်လ-၁၂ ရက်နေ့မှာပဲ ပါတီဥက္ကဋ္ဌ တာဝန်ကရော၊ သမ္မတအဖြစ်ကပါ နုတ်ထွက်သွားရ ပြန်ပါတယ်။

ဒေါက်တာမောင်မောင်

ပြုတ်ကျသွားရတဲ့ ဦးစိန်လွင်ရဲ့ နေရာမှာ ဒေါက်တာ မောင်မောင် ဥက္ကဋ္ဌကြီး ဖြစ်လာခဲ့ပါတယ်။ ရှစ်လေးလုံး အရေးတော်ပုံကြီးကို ဒေါက်တာမောင်မောင်က အပျော့ဆွဲ ဆွဲပြီး ဖြိုခွင်းဖြေရှင်းနိုင်ဖို့ နည်းမျိုးစုံနဲ့ ကြိုးစား ခဲ့ပါတယ်။

ထွက်စေ

စက်တင်ဘာ-၁၁ ရက်နေ့မှာတော့ တပါတီစနစ်ကိုဖျက်ပြီး ပါတီစုံ ရွေးကောက်ပွဲ ကြီးလုပ်ပေးဖို့ ကြေညာလာရ ပါတော့တယ်။ စက်တင်ဘာ-၁၆ ရက်နေ့မှာတော့ မဆလ ပါတီ အထွေထွေအတွင်းရေးမှူး ဦးအေးကို ကနေ “မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီ တွင် ပါဝင်နေကြသော ပြည်သူ့ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ နှင့်ဝန်ထမ်းများ အား ယနေ့မှစ၍ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီဝင်များ အဖြစ်မှ နုတ်ထွက်ခွင့်ပြုလိုက်သည်”ဆိုတဲ့ ကြေညာချက်ကို ထုတ်ပြန် ကြေညာ လိုက်ရပါတော့သည်။ တခုတည်းသော နိုင်ငံဦးဆောင် ပါတီကြီးဟာ ဦးအေးကိုရဲ့ ‘ထွက်စေ’ အမိန့်တော် ပြန်တမ်းကြေညာချက် လေး တစောင်တည်း နဲ့ပဲ (မဆလဆိုတဲ့နာမည်နဲ့တော့) သမိုင်းဇာတ်ခုံ ပေါ်ကနေ ကွယ်ပျောက်သွားခဲ့ရပါတော့တယ်။

မဆလ မှ တစည သို့

ထို့နောက် မဆလ ပါတီ ထိပ်သီးခေါင်းဆောင်ဟောင်းများက တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ (တစည) ကို ၁၉၈၈ ခုနှစ်၊ စက်တင်ဘာ-၂၄ ရက်နေ့မှာ စတင် တည်ထောင်ဖွဲ့စည်းခဲ့သည်။

မှတ်စု

A. ^ ရုံးလုံးကျွတ်၊ ဌာနလုံးကျွတ် မဝင်မနေရနည်းနဲ့ကြောင့် ဝင်လာကြသူတွေ ရာထူးနေရာ အခွင့်အရေး လိုချင်မှုတွေကြောင့် ဝင်လာရသူတွေအပြင် ပါတီဝင်မဟုတ်ပါက အလုပ်မရတဲ့အတွက် လုပ်ငန်းခွင် စာမေးပွဲဖြေရင်တောင် အမှတ်မရနိုင် အပါယ် ခံရနိုင်တဲ့ အတွက် ဝင်လာကြသူတွေပါ ရှိနေပြီး အမှန်တကယ်ယုံကြည်လိုလားလို့ ဝင်လာကြတဲ့ ပါတီအရေအတွက် ကတော့ ဆယ်ဦးတဦးတောင် ရှိမယ် မဟုတ်ပါ။ တနိုင်ငံလုံးရဲ့ လူဦးရေစုစုပေါင်းမှ သန်း (၃၀) ပဲ ရှိနေချိန်မှာ ပါတီဝင် (၁) သန်းကျော်ရှိနေတဲ့ အခြေအနေကို ထောက်ရင် ဘယ်လိုပါတီဝင် အမျိုးအစားတွေ ဖြစ်မလဲဆိုတာ တွက်ဆကြည့်နိုင်ပါတယ်။ [1]

အခြားကြည့်ရန်များ

ကိုးကား

  1. ဗမာပြည် နိုင်ငံရေးပါတီအဖွဲ့အစည်း အသင်းအပင်းများ အညွှန်း

ရည်ညွန်း

  • ဝင်းတင့်ထွန်း (ဩဂုတ် ၂၀၁၀)။ ဗမာပြည် နိုင်ငံရေးပါတီအဖွဲ့အစည်း အသင်းအပင်းများ အညွှန်း။ ပထမ အကြိမ်။ နေ့သစ်အင်အားစု၊ ဂျပန်။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.