ယူရယ်တောင်တန်း

ယူရယ်တောင်တန်းသည် ဥရောပတိုက်တွင် အရှည်လျားဆုံး တောင်တန်းဖြစ်၍ ပထဝီဝင်အရ ဥရောပတိုက်နှင့် အာရှတိုက်တို့ကို နယ်နိမိတ်သတ်ထားသကဲ့သို့ တည်ရှိလေသည်။ မြောက်ဘက် အာတိတ် သမုဒ္ဒရာမှ တောင်ဘက် ကက်စဘီယံ ပင်လယ်အထိ မိုင်ပေါင်း ၁,၆ဝဝ ခန့် ရှည်လျားသည်။

ယူရယ်တောင်တန်းများသည် ပျမ်းမျှခြင်းအားဖြင့် ပေ ၁,၅ဝဝ ခန့် မြင့်သော်လည်း မြောက်ပိုင်းနှင့် တောင်ပိုင်းတွင် ပေ ၅,ဝဝဝ ကျော်မြင့်သော တောင်ထိပ်များလည်း ရှိသည်။ ယူရယ်တောတန်းဒေသသည် တွင်းထွက်ပစ္စည်း ကြွယ်ဝ သဖြင့် ရုရှနိုင်ငံတွင် စက်မှုလက်မှုထွန်းကားရာ အချက်အခြာ ဒေသတစ်ခု ဖြစ်ပေသည်။ ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၁ ခုနှစ်၌ ဂျာမန်စစ်တပ်များက ရုရှ နိုင်ငံကို ချီတက်တိုက်ခိုက် ကြသောအခါ ရုရှတို့သည် မိမိတို့၏ စက်မှုလက်မှုလုပ်ငန်း များကို ယူရယ်တောင် တန်းဒေသသို့ ပြောင်းရွှေ့လုပ်ကိုင်ခဲ့ ကြလေသည်။ ယခုအခါ ထိုဒေသတွင် မြို့သစ်များတည်၍ စက်မှုလက်မှု လုပ်ငန်းသစ်များကိုလည်း တိုးချဲ့လုပ်ကိုင်လျက် ရှိကြသည်။

၁၅ ရာစုနှစ်ကတည်းက ယူရယ်တောင်တန်းဒေသတွင် ဆား၊ ငွေနှင့် ရွှေကို စတင်တူးဖော်ရရှိခဲ့ကြ၏။ ထိုနောက် ကြေးနီ၊ မန်ဂနိစသော တွင်းထွက်သတ္တုများအပြင် အဖိုးတန် ကျောက်မျက်များကိုလည်း တူးဖော် ရရှိလေသည်။ ယခုအေခါ ယူရယ်တောင်တန်းဒေသမှ ကျောက်မီးသွေး၊ သံ၊ ကြေးနီ၊ ရွှေ၊ ပလက်တီနမ်၊ ငွေ၊ နစ်ကယ်၊ အလျူမီနီယမ်၊ မန်ဂနိ၊ ခဲ၊ သွပ်၊ မဂ္ဂနီဇီယမ်၊ ကရိုမီယမ်၊ ပိုတက်၊ ဆား၊ ယူရေးနီးယမ်း၊ တယ်လျူရီယမ်တို့ ထွက်သည်။ ယူရယ်တောင်တန်း အနောက် ဘက်တွင် ရေနံကို တူးဖော်ရရှိသည်။ အဖိုးတန် ကျောက်မျက် များဖြစ်သော ဥဿဖယား၊ နီလာ၊ မြ၊ မျက်ရွဲ။ နီလာ ခရမ်း တို့လည်း ထိုဒေသမှ ရရှိလေသည်။[1]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.