ယောနယ်

ယော‌‌အကြောင်းပြောလျှင် ယောမြို့တော်ဂန့်ဂေါမှ စပြောရမည်။ သမိုင်း အကြောင်းကို ရှာလျှင် ဂန့်ဂေါသည် ထီးလင်းနောက်မှ မြို့ဖြစ်လာသော်လည်း ယော ဆိုတဲ့ နာမည် တစ်လုံးကိုပို၍ ဂုဏ် တက်ပြီး နာမည် ကျော်စေသော မြို့တော် တစ်ခုဖြစ်သည်။ ယောဒေသကို ခေတ်နှင့် အညီ ဖော်ပြရလျှင် ဂန့်ဂေါခရိုင် ပင်ဖြစ်သည်။ ဂန့်ဂေါခရိုင် တွင် ပါဝင်သော မြို့နယ် များမှာ ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ နောက်တိုး မြို့နယ်ခွဲ အဖြစ် ကျောက်ထုမြို့တိုးလာခဲ့သည်။ ရွာ တစ်ရွာ မှ ယခုအခါ ကဲ့သို့ ယော မြို့တော် ဖြစ်လာ ခဲ့သည်မှာ အခြေခံ အကြောင်းနှစ်ချက် ကြောင့်ဟုဆိုချင်သည်။ ပထမ အကြောင်းကား ဂန့်ဂေါ၏ ပထဝီ အနေ အထား ‌ကောင်းမွန် လျော်ကန်ခြင်း နှင့် ဒုတိယ အကြောင်းက နေထိုင်ခဲ့ကြ သူတို့၏ လုံ့လ ဝီရိယ နှင့် တီထွင် ဉာဏ် ရှိခြင်း တို့ကြောင့် ဖြစ်သည်။ သမိုင်း တွင် ကြီးကျယ်သော ပုဂ္ဂိုလ်များ ထင်ရှား ကျော်ကြား လူကြိုက် များသော ပစ္စည်းများ ပေါ်ထွက်ခဲ့ခြင်းကလည်း မြို့ရွာ နယ်ပယ်တို့၏ ထင်ပေါ် ကျော်ကြား လာခြင်း အကြောင်းဖြစ်သည်။ ယော ဒေသသည် ပုံတောင် ပုံညာတောင်တန်းကြီး နှင့် ချင်းတောင်တန်းများကြား တွင် တည်ရှိ သည်။ ဤ‌ ဒေသ တွင် အစောဆုံး ပေါ်ထွန်းခဲ့သောမြို့ မှာ ထီးလင်းမြို့ ဖြစ်သည်။ ထီးလင်းမြို့ ကို ပုဂံ မင်း တစ်ပါးက ခံတပ် မြို့အဖြစ် တည်ဆောက်ခဲ့သော‌ ကြောင့် ပုဂံ ခေတ် ကတည်းက မြို့ ဖြစ်လာခဲ့သည်။ ကိုလိုနီခေတ် မတိုင်မီ ထီးလင်းနယ် သည် အင်အား တောင့်တင်း ခဲ့သည်။ နောက်ပိုင်း တွင် ဒေသခံ အချို့သည် ရေကြည်ရာ မြက်နုရာ ပြောင်းရွှေ့ ရင်း ဂန့်ဂေါနယ် သို့ ရောက်ရှိ လာကြသည်။ လူနေ ထူထပ်သော ရွာကြီးများ ပေါများလာခြင်းသည် ဂန့်ဂေါမြို့အတွက် ကျောထောက် နောက်ခံ နယ် အားကောင်း လာစေသည်။ ယခု အခါ ဂန့်ဂေါ သည် ထီးလင်း မြို့ကို ကျော်၍ ခရိုင် အဆင့် ယော မြို့တော် ဖြစ်လာခဲ့သည်။ ဂန့်ဂေါမြို့နယ် သည် တစ် ခရိုင်လုံး တွင် အကြီးဆုံး မြို့နယ်ဖြစ်ပြီး ယော ဒေသ၏ မြောက်ဘက် အစွန်ဆုံးတွင် တည်ရှိသည်။ ယောသံ ဟုခေါ်သော ယောသူယော သားများ၏ စကား သည် ထင်သာ မြင်သာ အရှိဆုံး ဒေသိယ စကားဖြစ်သည်။ တုတ်ချောင်း ကို ဒုတ်ချောင်း ဟု မ‌ပြောပဲ တုတ်ခလောင်း ဟုပြောခြင်း သည် ပုဂံခေတ် ကျောက်စာ ရေးထုံး အတိုင်း ရှေးခေတ် တုတ်ခ္လောင်း ဖြစ်မည်။ ထို့ကြောင့် လဆွဲသံဖြင့် ပြောသော ရှေးမြန်မာ စကားသံ ကို ဂန့်ဂေါ ဒေသ တွင် ယနေ့တိုင် ထိန်းသိမ်း ပြောဆိုနေကြောင်း တွေ့ရ ပါသည်။ ဂန့်ဂေါ ဒေသခံ တို့၏ စကားလုံး ဖန်တီး ပုံမှာ စံမြန်မာ စကားနှင့် မတူသည့် အပြင် ရှေးသုံး စကားလုံးများ အထူးသဖြင့် ပုဂံခေတ် စကားလုံး များကို ထိန်းသိမ်း ပြောဆို နေကြောင်း ကို ကြိယာ စကားလုံး များမှ တစ်ဆင့် လေ့လာ တွေ့ရှိ ရသည်။ ဂန့်ဂေါဒေသ သည် တောင်ကုန်း တောင်တန်း ချိုင့်ဝှမ်း မြစ်ချောင်းများ ပေါများခြင်း ကြောင့် လမ်းပန်း ဆက်သွယ်ရေး ခက်ခဲခဲ့ကြသည်။ ဘာသာစကား ထိတွေ့မှုများလည်း မရှိသဖြင့် ရှေးမြန်မာစကား ကို နှစ်‌ပေါင်း များစွာ ထိန်းသိမ်း ပြောဆိုနေကြောင်း ပေါရာဏ စကားဝင်စကားလုံးအတော်များများကို အသက်ကြီးသူများ က အသက် ငယ်သူတို့ထက် ယနေ့တိုင် ပိုမိုပြောဆို နေဆဲဖြစ်သည်။ စကားသံ ကွဲပြား မှုကြောင့် အခြားသော ဒေသရှိလူများက တိုင်းရင်းသား လူမျိုးခြား ဘာသာခြား ဟု ထင်မှတ်စရာ အကြောင်း တစ်ချက် ဖြစ်ခဲ့သည်။ အရှင် သုစိဏ္ဏ (ဂျပန်နိုင်ငံ ဗုဒ္ဓသာသနာပြု)၊ အရှင် သိရိန္ဒာဘိဝံသ (ယော ဆရာတော်)၊ (ဘဒ္ဒန္တဣန္ဒာစရိ) ရေကြည်စမ်း တောရ ဆရာတော် ဘဘဒ္ဒန္တ ပညာဒီပ (မြင်သားတောရဆရာတော်) ကဲ့သို့သော ဆရာတော်ဘုရားကြီးများ သည် ယော ဒေသ ဂန့်ဂေါမြို့နယ်မှ ပေါ်ထွန်း ခဲ့သည့်များကို ဆန်းစစ်လေ့လာခြင်းဖြင့် ဤဒေသရှိ ဒေသခံများ၏ ကိုးကွယ် ယုံကြည်မှုကို သိရှိနိုင်သည်။ လူအလူအတော်များများ က ယော ဆိုတာ မှော်တို့ ကဝေတို့ စုန်းတို့လို အောက်လမ်း ပညာတွေနဲ့ ထင်ရှား ခဲ့တယ်လို့ အခုထိ ယုံကြည်နေကြဆဲပါ။ ယုံကြည်ချက် မှားနေကြသည်။ ရှေးအခါက ယောဒေသရဲ့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှု၊ ဒေသခံတွေရဲ့ ရိုးသားမှုကို အခွင့်ကောင်းယူလျက် မသမာသူတွေက အချောင်နှိုက် ခဲ့ကြသည်။ ပိုက်ဆံ ရရုံ ဝတ္ထုစာအုပ်၊ သီချင်း၊ ရုပ်ရှင်၊ ဇာတ်လမ်းများကို ဖန်တီးပြီး "ယော" ဆိုတဲ့ နာမည်ကို အမည်းရောင် ဖုံးစေခဲ့ပါသည်။ အောက်လမ်းနည်းပညာ ဆိုတာ ယောရဲ့ သီးခြား ပညာမဟုတ်ပါ။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်း၏ ဆိုးကျိုးတွေကို ယောသူယောသား တွေ ခံစားခဲ့ကြရသည်။ အသိသာ‌ဆုံး ဖြစ်ရပ် တစ်ခုကကတော့ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးနောက် မြန်မာ့တပ်မတော်ဟာ သဘောထား ကွဲလွဲမှုတွေကြောင့် အစိတ်စိတ်အမွှာမွှာ ကွဲသွားသည်။ တောခိုသွားတဲ့ သူပုန်‌တွေဟာ ရဲဘော်ဖြူ၊ ရဲဘော်ဝါ၊ ရဲဘော်နီ ဆိုပြီး နာမည် အမျိုးမျိုးဖြင့် ပေါ်ထွက်လာခဲ့သည်။ တောင်ကုန်း တောင်တန်းကြီးတွေ ပေါများတဲ့ ယောဒေသဟာ ရဲဘော်နီ ခေါ် (အလံနီ)‌ တွေရဲ့ တောခိုရာ ဌာနချုပ် ဖြစ်လာခဲ့ရသည်။ အရိုးခံရှိတဲ့ ယောသား တွေဟာ မြေစာပင် ဖြစ်ခဲ့ကြသည်။ အဆိုးဆုံး ဖြစ်ရပ်ကတော့ ထီးလင်းမြို့နယ် ဆင်စွယ်ရွာသား တွေကို ရွာပြင်ထုတ်၍ အသင့် ယူလာသော နွားထမ်းပိုးကြိုး ထမ်းပိုးကျက်(ဒုတ်ချောင်း) ကိုယ်စီဖြင့် ရိုက်သတ် ခံရသည်။ ယောဒေသ သည် နာမည်ဆိုး နဲ့ ထင်ပေါ် ခဲ့သလို နာမည်ကောင်းဖြင့်လည်း ရပ်တည် နိုင်ခဲ့သည်။ မြန်မာနိုင်ငံတွင် လုံချည်လောကကို တစ်ခေတ် ဆန်းစေခဲ့သော ယောလုံချည်၏ မွေးဖွားရာ ဇာတိမှာ ဂန့်ဂေါခရိုင်ပင် ဖြစ်သည်။ ယောလုံချည်၏ အတိတ်သမိုင်းသည် ခက်ခဲနက်နဲပြီး ယောသူ ယောသား တို့၏ ကြိုးစားအားထုတ်မှု၊ တီထွင်ဖန်တီးမှုများကို တွေ့ရသည်။ ကောဇာ သက္ကရာဇ် ၁၃၂၀ ခုနှစ် မတိုင်မီကပင် ရက်ကန်း ရက်လုပ် ထွန်းကားခဲ့ရာ နောက်ပိုင်းတွင် ယောလုံချည်များ စတင် ရက်လုပ်လာကြသည်။ ချည်မျှင်ကောင်း မထုတ်နိုင် ခြင်းကြောင့် အိန္ဒိယမှ တင်သွင်း၍ ရက်လုပ်ခဲ့ကြသည်။ အရောင်ရရှိရန် မဲနယ်ပင် စိုက်ပျိုး၍ မဲနယ်ရွက်ကို လှောင်အိုးကြီးများ ဆေးစပ်ပြီး တစ်ပတ်ခန့် လှောင်ထားကြရသည်။ အိုးတိုင်း အရောင်မထွက်ပါ။ ဤကဲ့သို့ ခက်ခက်ခဲခဲ တီထွင် ကြံဆရင်း ပခုက္ကူဘက်မှ လာသော ဆေးဆိုးသမားများ ထံမှ အရောင်မျိုးစုံကို ရရှိခဲ့သည်။ ပထမဆုံး တီထွင် ခဲ့သည့် အပွင့်အဆင်များမှာ မင်းကြီး၊ ကောင်စီ၊ ချည်ကွင်း အဆင်များဖြစ်သည်။ ယခုအခါ ယောလုံချည် များကို ဒီဇိုင်းစုံ၊ အဆင်စုံ၊ အရောင်စုံ တွေ့နိုင်သည်။ ယောလုံချည်တွင် အကွင်းကို ကန့်လန့်ဖြတ်ထားသော "GANGAW SPECIAL" အသားတံဆိပ် သည် မပြောင်းလဲပဲ အစဉ်အမြဲ ရပ်တည်နေသော တံဆိပ် ဖြစ်သည်။ အပွင့်ဖေါက်ခြင်း စာတန်း ဖော်ခြင်းများသည် ရက်ကန်းစင် မှာပဲ အဆုံးသတ်ရသည်။ ယခုအခါ လုံချည်သာမက အင်္ကျီ၊ လွယ်အိတ်များပါ ရက်လုပ်နေကြသည်။ ယခုအခါ နာမည်ကြီး လုံချည် တံဆိပ်များကပင် ကောင်းသတင်း ကျော်သော ယောလုံချည်၏ မူရင်း ဒီဇိုင်းကို အတုခိုးပြီး စက်ဖြင့် ရက်လုပ်ကြသော်လည်း အိန္ဒိယမှ တင်သွင်းသော ချည်သား ယောသူ ယောသားတို့၏ ရက်ကန်း အတတ်ဖြင့် ပေါင်းစပ်ထားသော အရည်အသွေးကိုကား မှီနိုင်ကြမည် မဟုတ်ပေ။ [1] ယောနယ်သည် ရှေးယခင်က မကွေးတိုင်းဒေသကြီးပခုက္ကူခရိုင်၏ အနောက်ပိုင်းနှင့် ချင်းတောင်တန်းကြီး၏ အရှေ့ဘက်တွင် တည်ရှိသည်။ ယောတွင်းနယ်ဟုလည်း ခေါ်ဝေါ်ခဲ့၏။ ရှေးအခါကမူ “ယောနကတိုင်း”ဟူသော အမည်ဖြင့် မဇ္ဈိမဒေသ၊ မဂဓတိုင်း၊ ရာဇဂြိုဟ်ပြည်ကြီးရှင် ဘုရင်နာဂဒါသမင်း၏ သားတော် ဇလာမိကမင်းသား အမှူးပြုသော သကျသာကီဝင် အဆက်အနွယ်တို့ အစပြု၍ နေထိုင်ခဲ့ကြသည်ဟု ဆို၏။ ယောနကတိုင်း၏ နယ်နိမိတ်များမှာကား အရှေ့လားသော် မြောက်ပိုင်းသောင်သွပ် ဖောင်းပြင်မှစ၍ သလ္လာဝတီမြစ်ရိုး တစ်လျှောက် ကောက်ကောက်စင်းစင်း ဧရာဝတီမြစ်ဆုံအထိ၊ တောင်သို့လားသော် (ယခုအခါ မင်းဘူးခရိုင်အတွင်း) စက်တော်ရာရှိသော မန္တာတောင်အထိ၊ အနောက်လားသော် နာဂရာဇ်တောင်ရိုးအတိုင်း မြောက်သို့လျှောက်၍ ဖိုးခေါင်တောင်၊ ရိုးမလွဲ ယမုနာမြစ်အနီးအထိ၊ မြောက်သို့လားသော် ကသည်းပြည်၊ အက္ကပတ်ပြည်၊ ရှမ်းပြည်မိုင်းလွန်အထိအတွင်း အကျယ်အဝန်းနယ်မြေကို ယောနကတိုင်းဟု သမုတ်ခဲ့သည် ဆိုသည်။

ယောနကတိုင်းတွင် ထင်ရှားသောမြို့ကြီးများမှာ ကလေးမြို့တိမ်ညင်းမြို့၊ ရာဇဂြိုဟ်ဟု ကလေးဘုံမြို့၊ ယောမြို့ဆောမြို့လောင်းရှည်မြို့ထီးလင်းမြို့ဟူ၍ ယောလေးမြို့၊ လောင်းတောင်ကင်းတို့ ဖြစ်သည်။ ဗုဒ္ဓသာသနာလည်း ပွင့်လင်းစည်ပင်ခဲ့၏။ ယောတွင်းနယ်တွင် ယောမြို့နယ်တွင် ယောမြို့နယ်နှင့် လောင်းရှည်မြို့နယ်တို့ ပါဝင်ခဲ့၏။ ယောတွင်းနယ်၏ အရှေ့ဘက်တွင် ပေါက်နယ်နှင့် ပခုက္ကူနယ်၊ မြောက်ဘက်တွင် ပေါက်နယ်၊ အနောက်ဘက်တွင် ချင်းတောင်တန်း၊ တောင်ဘက်တွင် မင်းဘူးခရိုင်တို့ အသီးအသီး တည်ရှိ၏။ ယောမြို့နယ်၏ အရှေ့ဘက်တွင် ပေါက်မြို့နယ်၊ မြောက်ဘက်တွင် ထီးလင်းမြို့နယ်၊ အနောက်ဘက်တွင် ချင်းတောင်တန်းနှင့် တောင်ဘက်တွင် လောင်းခရိုင်အတွင်း မြို့နယ်များကို အသစ်ပြန်လည်စီစဉ်သောအခါ ပခုက္ကူခရိုင် အနောက်ပိုင်းတွင် တောင်နှင့်မြောက်စီတန်းလျက်ရှိသော ဆော၊ ထီးလင်း၊ ဂန့်ဂေါဟူ၍ မြို့နယ်သုံးခု တည်ရှိလာခဲ့၏။ ယင်းတို့ကို ယောတောင်တန်းမြို့နယ်များဟု ခေါ်ဝေါ်လာကြလေသည်။

ထိုအခါ ယောမြို့နယ်သည် ဆောမြို့နယ်တွင် ပါဝင်သွား၍ ယောလေးမြို့တွင် အပါအဝင်ဖြစ်ခဲ့သော ယောမြို့သည်၎င်း၊ လောင်းရှည်မြို့သည်၎င်း ယခုအခါ၌ ရွာကြီးများအဖြစ်သာ တည်ရှိကြတော့၏။ လူနေအိမ်ခြေ မစည်ကားလှတော့ပေ။ ယောမြို့ ကျောင်းကြီးရှင်ချစ်စေတီ (ကြောင်ကြီးရှင်ချစ်ဟုလည်း ပြောကြ၏။) လောင်းရှည်မြို့ သိန်းကျင်း ရှေတန်ဆာဘုရား၊ ဂန့်ဂေါ ရွှေပြည်ဆိပ်ဦးဘုရားနှင့် မင်းရွာ မြသိန်းတန်စေတီ တို့ကား ယောနယ်၏ ကျက်သရေဆောင် ဘုရားစေတီများ ဖြစ်သည်။

ယောချောင်းသည် အနောက်ဘက် ချင်းတောင်တန်း၌ မြစ်ဖျားခံ၍ ဧရာဝတီမြစ်ထဲသို့ ဆိပ်ဖြူမြို့အနီးတွင် စီးဝင်သည်။ ယင်း၏ ထင်ရှားသော မြစ်လက်တက်သည် ကျောချောင်းဖြစ်၍ ပေါက်မြို့အနီး၌ ပေါင်းဆုံမိကြသည်။ ပခုက္ကူခရိုင် အနောက်ပိုင်းတွင် ယောချောင်းနှင့် ယင်း၏မြစ်လက်တက်များ စီးဆင်းရာ မြစ်ဝှမ်းဒေသကို ယောနယ်ဟူ၍ သိမှတ်ထားကြသည်။


ယောနယ်တွင် ဗမာလူမျိုးချင်းလူမျိုးယောလူမျိုးနှင့် တောင်သားလူမျိုးတို့ နေထိုင်ကြသည်။ ယောလူမျိုးတို့မှာ ဗမာ အနွယ်ဝင်များဖြစ်၍၊ ဒေသအလိုက် ထုံးဓလေ့နှင့် စကားအသုံး အနှုန်းတို့ ခြားနားနေရခြင်း ဖြစ်ပြီးလျှင် ဂန့်ဂေါနှင့်ယောတွင် အများဆုံးနေထိုင်ကြသည်။ တောင်သားတို့ကို ပညာရှင်အချို့က ချင်းနှင့် ဗမာသွေးစပ်ထားသည့် အနွယ်များ ဖြစ်ဟန်ရှိသည်ဟု ယူဆကြသည်။ ဂန့်ဂေါ၊ ထီးလင်း၊ ယော၊ ဆော စသည့်နယ်များ၏ အတွင်းပိုင် တောင်ခြေကျေးရွာများတွင် နေထိုင်ကြသည်။


ယောနယ်တွင် မိုးခေါင်ရေရှားရပ်ဝန်း အသီးအနှံပင်များကို မြစ်မှရေသွင်း၍ စိုက်ပျိုးကြသည်။ ဆေးလိပ် လိပ်ရန်အတွက် ယောဖက် ခေါ် ပြောင်းဖူးဖက်မှာ ထင်ရှားသော ထွက်ကုန်ဖြစ်၍ ပခုက္ကူမြို့မှတစ်ဆင့် အရပ်ရပ်သို့ တင်ပို့ရောင်းချသည်။ ယောလုံချည် ရက်လုပ်သည့် လုပ်ငန်းကြောင့်လည်း ယောနယ်သည် ထင်ရှားသည်။ သို့သော် ယောလုံချည်ကောင်းများမှာ ဂန့်ဂေါ၊ မင်းရွာ၊ ကန်ရွာတို့နှင့် ထီးလင်းနယ်ရှိ အုန်းတွဲ၊ ထီးလင်း၊ ညောင်ကန်၊ ကင်းပန်ရွာများမှသာ ထွက်လေသည်။ ယောလုံချည်နှင့် ပင်နီအင်္ကျီဝတ်စုံသည် မြန်မာနိုင်ငံတွင် ဝံသာနုစိတ် တက်ကြွနေချိန်က ခေတ်အလိုက် လူကြိုက်များသော ဝတ်စုံဖြစ်သည်။ ယခုထက်တိုင်လည်း ယောလုံချည်ကို ယောက်ျား၊ မိန်းမတို့ နှစ်သက်စွာ ဝတ်ဆင်လျက်ရှိကြသည်။

ယောချောင်း ရေဆင်းနယ်အတွင်း ချင်းတောင်တန်း၊ ယောချောင်းနှင့် မောချောင်းအကြားရှိ ရေဝေကုန်းတန်းတို့တွင် ကျွန်းသစ်တောများ ရှိသည်။ ယောသစ်တောတိုင်းမှ သန်းသစ်နှင့် ရှားစေးအမြောက်အမြား ထွက်သည်။ မောချောင်းနှင့် မြစ်သာမြစ်တို့သည် သစ်မျှောရန် အသုံးကျလေသည်။ ၁၉၅၆ ခုနှစ် ခန့်မှန်းခြေ သန်းခေါင်စာရင်းအရ ဆောမြို့ နယ်တွင် လူဦးရေ ၃၈ဝ၁၉ ယောက် ရှိ၍၊ ယောမြို့ရှိ လူဦး ရေမှာ ၄၂၅ ယောက်ခန့် ဖြစ်သည်။[2]

ကိုးကား

  1. ယောမဂ္ဂဇင်း၊ ကလေးတက္ကသိုလ် သုတေသန စာတမ်း(မြန်မာစာ ဌာန)၂၀၁၁-၂၀၁၂၊ ယော- အရှင်သီရိန္ဒာဘိဝံသ(ယောဆရာတော်)
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.