ရွှေတချောင်းမြောင်း

ရွှေတချောင်းမြောင်းသည် မန္တလေးတိုင်းဒေသကြီးမန္တလေးမြို့တွင်တည်ရှိ၍ မန္တလေးမြို့အနောက်ခြမ်းပိုင်း၌ မြောက်မှတောင်သို့ စီးဆင်းသောမ​ြောင်းဖြစ်သည်။

သမိုင်းကြောင်း

ကုန်းဘောင်ခေတ်ဘိုးတော်ဘုရား နန်းတက်စကာလ ၁၇၈၂-ခုနှစ်တွင် အရှေ့ဝင်းတော်မှူး ဦးရောက်ကြီးအား ကြီးကြပ်တူးဖေါ်စေခဲ့သည်။ မြောက်ဘက် မတ္တရာမြစ်မှအဖျားခံကာ ရွှေလောင်းချောင်းဖြင့်စတင် စီးဆင်းသည်။ မတ္တရာအနီး ဆည်တော်ကြီးချောင်းမှ တက်သေးအင်းအထိ တာ (၂၇၀ဝ) ကျော် ရှည်လျားပြီး ယခင်က နှဲကုပ်သိုမြောင်းဟုခေါ်သည်။ သာယာဝတီမင်းလက်ထက် တိမ်ကောသဖြင့် ၁၈၄၀ ပြည့်နှစ်၊ ဇန်နဝါရီ ၃၀ ရက်၌ အမိန့်တော်အရ ဝန်ကြီးသတိုးမင်းရဲရာဇာနှင့် လက်ဝဲမင်းကျော်သီဟတို့ ပြန်လည် တူးဖေါ်ခဲ့သည်။

မန္တလေး နေပြည်တော်တည်ပြီးနောက် မင်းတုန်းမင်းလက်ထက် ကျောက်တော်ကြီးဘုရားထုဆစ်ရန် စကျင်တောင်မှ ကျောက်လုံးတော်ကြီးကို ရွှေတချောင်းမြောင်း အသုံးပြု၍ မန္တလေးသို့ သယ်ဆောင်သည်။ မန္တလေးမြို့တည်ရာတွင် ဈေးချိုတော်ကို ရွှေတချောင်းမြောင်းပေါ်၌ လျာထားတည်ဆောက်ခဲ့၏ဟု ဆိုသည်။[1] သီပေါမင်းလက်ထက် တောင်ပြုန်းပွဲအတွင်း ရာဇဝတ်မှုများကို ပွဲတွင်းအပြီးစီရင်၍ သေဒဏ်ထိုက်သူများကို ရွှေတချောင်းတလျောက် ကားစင်တင်၍ထားသည်ဟု ဆိုသည်။

အသုံးပြုပုံ

ရှေးယခင်က ရွှေတချောင်းမြောင်းသည် စိုက်ပျိုးရေအဖြစ်လည်းကောင်း မတ္တရာမြို့မှ ကောက်ပဲသီးနှံများ သယ်ယူပို့ဆောင်ရာတွင် ရေလမ်းအဖြစ်လည်းကောင်း အသုံးပြုခဲ့ကြသည်။ ထိုသို့ ကုန်စည်စီးဆင်းမှု လွယ်ကူချောမွေ့စေရန် ဈေးချိုကို မြောင်းနံဘေး၌ ကပ်လျှက်တည်ထားခဲ့ခြင်းဖြစ်သည်။ အိမ်တော်ရာ ဆင်တံတားမှ ဆင်ကြီးနှစ်ကောင်ရုပ်တုများရှိရာ ရွှေတချောင်းရေဆိပ်သည် အစည်ကားဆုံးဟုဆိုသည်။ ရှေးယခင်ကာလတွင် ထိုလှေဆိပ်၌ လှေများဆိုက်ကပ်ကာ ရေချိုးသူများဖြင့် သက်ဝင်လှုပ်ရှားခဲ့သည့် မြောင်း(ချောင်း) တစ်ခုလည်းဖြစ်ခဲ့သည်။[1]

ကိုးကား

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.