လူထုစိန်ဝင်း

လူထုစိန်ဝင်း (၁၃ ဩဂုတ် ၁၉၄၀ ၁၇ ဇွန် ၂၀၁၂) သည် မြန်မာနိုင်ငံသား စာရေးဆရာ၊ ဂျာနယ်လစ် တစ်ဦး ဖြစ်သည်။ လူမှုလှုပ်ရှားမှုများအကြောင်း စာပေလက်ရာများနှင့် အစိုးရအား ဆန့်ကျင်မှုများကြောင့် လူသိများသည်။ သူသည် ၂၀၀၈ ခုနှစ်နှောင်းပိုင်း မြန်မာ့စာရေးဆရာများအနက် စာရေးသားမှုအများဆုံး စာရေးဆရာတစ်ဦးအဖြစ် အသိအမှတ်ပြုခြင်း ခံရသူလည်း ဖြစ်သည်။[1]

စိန်ဝင်း အမည်ရှိ အခြားပုဂ္ဂိုလ်များအတွက် စိန်ဝင်း (သံတူကြောင်းကွဲ) ကို ကြည့်ပါ။
လူထုစိန်ဝင်း
မွေးဖွား(1940-08-13)၁၃ ဩဂုတ်၊ ၁၉၄၀
မန္တလေးမြို့မြန်မာနိုင်ငံ
ကွယ်လွန်၁၇ ဇွန်၊ ၂၀၁၂(2012-06-17) (အသက် ၇၁)
ရန်ကုန်မြို့မြန်မာနိုင်ငံ
မိခင်ကျောင်းမန္တလေး လဖုန်း အထိမ်းအမှတ် အထက်တန်းကျောင်း
အလုပ်အကိုင်စာရေးဆရာ
အိမ်ထောင်ဖက်(များ)ဒေါနုနုမြတ် (၂၀၀၇ ဖေဖော်ဝါရီ ကွယ်လွန်)
သားသမီးရဲဝင်းဇော်၊ ချောအိဝင်းဇော်

ငယ်စဉ်ဘဝ

လူထု စိန်ဝင်းကို ၁၉၄ဝ ပြည့်နှစ်၊ ဩဂုတ်လ ၁၃ ရက်နေ့တွင် မန္တလေးမြို့တွင် မွေးဖွားခဲ့သည်။ မန္တလေး လဖုန်း အထိမ်းအမှတ် အထက်တန်းကျောင်း (Lafon Memorial High School) တွင် ပညာ ဆည်းပူးခဲ့သည်။ ၁၉၅၆-ခုနှစ် မှ ၁၉၅၉-ခုနှစ် အထိ မန္တလေးတက္ကသိုလ်တွင် ပညာဆက်လက် ဆည်းပူးခဲ့ပြီး ၁၉၆ဝ-ပြည့်နှစ် မှ ၁၉၆၂-ခုနှစ် အထိ ရန်ကုန်တက္ကသိုလ်ကို ပြောင်းရွှေ့ ပညာ သင်ယူခဲ့သည်။

လူထုတိုက်

ကျောင်းသား ဘဝ ကတည်းမှစ၍ လူထုသတင်းစာတိုက်တွင် ဝင်ထွက်၊ သွားလာနေခဲ့ပြီး၊ လုပ်အားပေး သဘောမျိုး၊ ဝင်ရောက် ကူညီလုပ်ကိုင်ပေးခဲ့သည်။ ၁၉၆၂-ခုနှစ်မှစ၍ အချိန်ပြည့် ဝန်ထမ်းအဖြစ် ဝင်ရောက် လုပ်ကိုင်ခဲ့သည်။ လူထု သတင်းစာတိုက် မန္တလေးနှင့်ရန်ကုန် တိုက်ခွဲတို့တွင် အယ်ဒီတာ အဖွဲ့ဝင် တစ်ဦးအဖြစ် တာဝန် ယူခဲ့သည်။ ၁၉၆၇ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့ လူထု သတင်းစာတိုက် အပိတ်ခံရချိန်အထိ လူထု သတင်းစာတိုက်တွင် လုပ်ကိုင်ခဲ့သည်။

ဖမ်းဆီးထိန်းသိမ်းခံရခြင်း

၁၉၆၉-ခုနှစ်တွင် စစ်အစိုးရ (အာဏာသိမ်း တော်လှန်ရေး ကောင်စီ)၏ ဖမ်းဆီးခြင်းကို ခံရပြီး ကိုကိုးကျွန်းသို့ ပို့ဆောင် ထိန်းသိမ်းခံခဲ့ရသည်။ ၁၉၇၂-နှစ်တွင် ပြန်လည် လွတ်မြောက်ခဲ့သည်။

လေဖြတ် ဝေဒနာ

၁၉၈ဝ-ပြည့်နှစ်တွင် လေဖြတ် ဝေဒနာကြောင့် ခန္ဓာကိုယ် ညာဘက် တခြမ်းသေသွားခဲ့ရာ၊ ဘဝကို အရှုံးမပေး လက်မလျှော့ဘဲ ဘယ်လက်ဖြင့် စာရေး လေ့ကျင့်ကာ စာပေများ ရေးသားခဲ့သည်။ လူငယ် လူရွယ်များ အတွက်လည်း အင်္ဂလိပ် စကားပြော သင်တန်းများ ဖွင့်လှစ်ခဲ့သည်။

သတင်းစာ ပညာ ခံယူချက်

ဆရာ လူထု စိန်ဝင်းသည် ဝင်းဇော်၊ ဇာမဏီ စသော ကလောင် ခွဲပေါင်း ၁၅ ခုခန့်ဖြင့် လူငယ် လူရွယ်များ၊ အမျိုးသမီးများ အတွက် မြန်မာ့ ယဉ်ကျေးမှု ဓလေ့ ထုံးစံနှင့် ပတ်သက်သော အကြောင်းရာများ၊ ဘဝ အားမာန် ဖြစ်စေသော အကြောင်းအရာများ၊ နိုင်ငံတကာရေးရာများကို ရေးသားခဲ့သည်။ ဘာသာပြန်နှင့် ပင်ကိုယ်ရေး အပါအဝင် စာအုပ်ပေါင်း ၂ဝ ကျော် ထုတ်ဝေခဲ့သည်။ ပင်ကိုယ်ရေး စောမိုးခမ်း ဝတ္ထုမှာ သူ၏ ထင်ရှားသော လက်ရာ တစ်ခု ဖြစ်သည်။

ဆရာ လူထု စိန်ဝင်းသည် ယနေ့ခေတ် ထုတ်ဝေနေသာ ဂျာနယ်၊ မဂ္ဂဇင်း အများအပြားတွင် သတင်းစာ ပညာနှင့် ပတ်သတ်သော အကြောင်းအရာ မျိုးစုံကို အများဆုံး ရေးခဲ့သူ တစ်ဦး ဖြစ်သည်။ သတင်းစာ ပညာနှင့် ပတ်သက်သော အကြောင်းအရာများ အများအပြား ရေးနေရခြင်း၏ ရည်ရွယ်ချက်ကို ဂျာနယ်တစ်စောင်နှင့် တွေ့ဆုံ မေးမြန်းခန်း တစ်ခုတွင် ယခုကဲ့သို့ ပြောပြခဲ့သည်။

"သတင်းစာ ပညာနဲ့ ပတ်သက်တဲ့ ဆောင်းပါး တွေကို စိုက်လိုက် မတ်တတ် ရေးခဲ့ရတဲ့ အကြောင်းရင်းက သတင်းထောက်၊ သတင်းစာ အယ်ဒီတာ ဆိုတဲ့ မျိုးဆက် ပြတ်သွားမှာ စိုးလို့ပဲ။ ၁၉၈ဝ နောက်ပိုင်း ဆရာ ထောင်က လွတ်လာတော့ ကျောင်းဖွင့်တဲ့ အခါ ဆရာ့ဆီ ကျောင်းသားတွေ လာကြတယ်။ လာကြတဲ့ ကျောင်းသား တွေက ဘွဲ့ရပြီးသား လူငယ်တွေ များပါတယ်။ ဆရာဝန်၊ အင်ဂျင်နီယာ ဆိုတဲ့ လူငယ်တွေက လူထု သတင်းစာ ဆိုတာ မကြားဖူးဘူး။ အဲဒီလို သတင်းစာ တွေကို မမြင်ဖူးဘူး။ အဲဒီအခါ ခံစား ခဲ့ရတယ်။ ဒါကြောင့် လူငယ်တွေကို သတင်းစာ အကြောင်း သိရအောင် သတင်းစာ ပညာ သောင်းပြောင်း ထွေလာ ဆိုတာ အရင်ဆုံး စရေး ခဲ့တာပဲ။ ဒါဟာ အင်မတန် အရေးကြီး တယ်လို့ ခံယူ ထားတာပါ။ သတင်း စာတစောင်ဟာ တိုင်းပြည်မှာ စတုတ္ထ မဏ္ဍိုင်လို့ ခေါ်ကြတဲ့ အတိုင်းပေါ့။ တိုင်းပြည် တပြည်မှာ အလွန် အရေးကြီးတဲ့ အခန်း ကဏ္ဍက ပါဝင်ပါတယ်။ ဒါကြောင့် ဒီသတင်းစာ အလုပ်ကို ဆရာတကယ် မြတ်နိုး ပါတယ်။ တသက်လုံး ဒီအလုပ်က လွဲလို့ ဘယ်အလုပ်မှ မလုပ်ခဲ့ ဖူးပါဘူး။ အခု ထက်ထိလည်း ဒီစာရေးတဲ့ အလုပ်ပဲ လုပ်နေဆဲပါ။ ပျမ်းမျှ တနေ့ကို နှစ်ပုဒ်လောက် ရေးနေ တာပါ။ ရေးသမျှရဲ့ More than 50 Percent ဟာ Journalism နဲ့ ပတ်သက်တာတွေ ချည်းပါပဲ။"

ဘဝနိဂုံး

လူထုစိန်ဝင်းသည် ၂၀၁၂ ဇွန်လ ၁၇ ရက်နေ့ ည ၁၁ နာရီခွဲတွင် ရန်ကုန်မြို့၊ ရွှေဂုံတိုင် အထူးကုSSC ဆေးရုံတွင် နာတာရှည် အဆုတ်ရောဂါဖြင့် ကွယ်လွန်သည်။ မကွယ်လွန်ခင် နှစ်အတော်ကြာကတည်းက အောက်စီဂျင်ပိုက်အကူအညီဖြင့် နေခဲ့ရသည်။ ကွယ်လွန်ချိန်တွင် အသက် (၇၁)နှစ်ရှိပြီ ဖြစ်သည်။

ဆရာ လူထု စိန်ဝင်း ရေးသား ထုတ်ဝေခဲ့သော စာအုပ်များ

စာအုပ်အမည်ထုတ်ဝေသည့်စာပေထုတ်ဝေသည့်ခုနှစ်
လူငယ်နှင့် အချစ်၁၉၉၈
ရှက်စိတ်ယနေ့ မန္တလေးစာအုပ်တိုက်ပ - အကြိမ်၊ ဒီဇင်ဘာ ၁၉၉၈
စာနယ်ဇင်း အရေးအသား ပုံစံသစ်
စီးပွားရေး လုပ်ငန်းများနှင့် ကြော်ငြာ အတတ်ပညာ
စောမိုးခမ်း
တောင်ဗီယက်နမ်မှ ငရဲခန်းများ
နန်းစကား၊ မန်းစကား၊ မြန်မာတို့ရဲ့ မြန်မာစကား
ပထမ အမျိုးသမီး လမ်းထွင်သူများ
မသန်ပေမဲ့ စွမ်းသူများပင်ဝါးရုံ စာပေ
မော်ဒန် လက်ဖက်ရည် ပန်းကန်ထဲက မုန်တိုင်းငယ်
လူငယ်များသို့ ကဗျာလက်ဆောင်
ပထမတန်းစားစိတ်ဓာတ်
မဂ္ဂဇင်းဆောင်းပါးများQuality Publishing Houseပ - အကြိမ်၊ ဇန်နဝါရီ ၂၀၀၃
လူငယ်နဲ့ တာဝန် ယူစိတ် (လူငယ် လမ်းညွှန် စာစုများ)Future Publishing House၂ဝဝ၄
မူပိုင်ခွင့်ပင်ဝါးရုံ စာပေ၂ဝဝ၅
စကား မာရသွန် - ၁ပင်ဝါးရုံ စာပေပ - အကြိမ်၊ ဩဂုတ် ၂ဝဝ၇
စကား မာရသွန် - ၂ပင်ဝါးရုံ စာပေပ - အကြိမ်၊ စက်တင်ဘာ ၂ဝဝ၇
ဖတ်စရာပင်ဝါးရုံ စာပေပ - အကြိမ်၊ မေလ ၂ဝဝ၇
သတင်းစာပညာ သောင်းပြောင်းထွေလာ
အဖြူနဲ့ အမည်း
အဖြူနဲ့ အဝါ
အရှက်နှင့်တန်ဖိုး
ဆာယိုနာရာယုံကြည်ချက်စာပေတ - အကြိမ်၊ ဩဂုတ် ၂၀၁၀
အစိုးရကမိဘလား ပြည်သူကမိဘလားသင်းစာပေပ - အကြိမ်၊ ဧပြီ ၂၀၁၁
အရှေ့တောင်အာရှစစ်မီးလျှံများသီဟရတနာစာပေဒု - အကြိမ်၊ စက်တင်ဘာ ၂၀၁၁
လူငယ်တွေကိုယုံပါနှစ်ကာလများစာပေပ - အကြိမ်၊ နိုဝင်ဘာ ၂၀၁၁
တတိယအရွယ်၏ ပထမဝေဒနာအခွင့်အလမ်းစာအုပ်တိုက်ပ - အကြိမ်၊ ဒီဇင်ဘာ ၂၀၁၁
ဒီမိုကရေစီ ရပြီလားနှစ်ကာလများစာပေပ - အကြိမ်၊ ဒီဇင်ဘာ ၂၀၁၁
မေမေတို့ရဲ့ စစ်ပွဲများနှစ်ကာလများစာပေ
မန္တလေးရဲ့ဝိညာဉ်နှစ်ကာလများစာပေ
ချစ်သူတွေပြန်လာပါစေနှစ်ကာလများစာပေ
အတုတွေ အတုတွေ အတုတွေနှစ်ကာလများစာပေ
တွေ့ဆုံပွဲမှ ဆွေးနွေးပွဲသို့နှစ်ကာလများစာပေ
ယုန်နှစ်မှာယုန်သားစားခြင်းနှစ်ကာလများစာပေပ - အကြိမ်၊ ဇန်နဝါရီ ၂၀၁၂
အလံ မလှဲစတမ်းသင်းစာပေတ - အကြိမ်၊ မတ် ၂၀၁၂
ပြည်သူတစ်ရပ်လုံးမျှော်လင့်နေကြတယ်နှင့် လက်ရွေးစင်ဆောင်းပါးများပန်းဝေဝေစာပေပ - အကြိမ်၊ မတ် ၂၀၁၂
ပညာတတ်တိုင်း ပညာရှိမဟုတ်နှစ်ကာလများစာပေပ - အကြိမ်၊ ဇွန် ၂၀၁၂
ငြင်းခုံကြပါစေ ပန်းတိုင်းပွင့်ပါစေနှစ်ကာလများစာပေပ - အကြိမ်၊ ဇွန် ၂၀၁၂
ပန်းတိုင်ကဘာလဲနှင့် အခြားဆောင်းပါးများမျိုးဆက်သစ်စာပေပ - အကြိမ်၊ ဇူလှိုင် ၂၀၁၂
လက်သီးဆုပ်ကိုဖြေလိုက်ပါစိတ်ကူးချိုချိုစာပေပ - အကြိမ်၊ ဇူလှိုင် ၂၀၁၂
အပင်တစ်ပင်က အသီးတစ်ရာပင်ဝါးရုံ စာပေပ - အကြိမ်၊ ဩဂုတ် ၂၀၁၂
ပြည်သူသာအမိ ပြည်သူသာအဖနှစ်ကာလများစာပေပ - အကြိမ်၊ စက်တင်ဘာ ၂၀၁၂

ကိုးကား

  1. Ludu Sein Win (1940-2012) (June 21, 2012)။ 4 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2013-05-25 တွင် ပြန်စစ်ပြီး။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.