လောင်းကြက်မြို့

လောင်းကြက်မြို့သည် ရှေးရခိုင်ပြည် ဘုရင်များ မင်းနေပြည်တော်အဖြစ် ထီးနန်းစိုက်ထူစိုးစံတော်မူခဲ့ဖူးသော မြို့တော်ဟောင်း တစ်မြို့ဖြစ်သည်။ ယင်းမြို့သည် စစ်တွေခရိုင် မြို့ဟောင်းမြို့(မြောက်ဦးမြို့) အနီးလေးမြို့ မြစ်ကမ်းအနောက်ဘက် လောင်းကြက်ချောင်းပေါ်တွင် တည်ရှိ၍ ယခုအခါ ပျက်စီးသွားပြီဖြစ်ရကား အစအနလောက်သာရှိတော့သည်။

လောင်းကြက်မြို့
လောင်းကြက်မြို့
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 20°37′0″N 93°10′0″E
နိုင်ငံ မြန်မာ
ပြည်နယ်ရခိုင်ပြည်နယ်
ခရိုင်မြောက်ဦးခရိုင်
တည်ထောင်၂၉ ဧပြီ ၁၂၅၁
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

သမိုင်းကြောင်း

သက္ကရာဇ် ၄၄ဝ ပြည့်နှစ်တွင် ပဉ္စာမင်းဆက်၏ ၁၂ ဆက်ဖြစ်သော မင်းဘီလူးအား သင်္ခယာအမတ်(ဝရောင်ငှက်)က လုပ်ကြံ၍ မင်းပြု၏။ မင်းဘီလူး၏သားတော် မင်းရဲဘယသည် မိဖုရားနှင့်တကွ ပုဂံ သို့ခိုဝင်ရာ ကျန်စစ်သားမင်းက ကောင်းစွာပြုစုစောင့်ရှောက်ထားသဖြင့် ၂၅ မိနစ်မျှကြာခဲ့လေသည်။ မင်းရဲဘယ၏ မိဖုရားတွင် နောင်ရခိုင်ရာဇဝင်တွင် လက်ယာမင်းနန် ဟုတွင်သော မင်းသားတစ်ပါးကို ဖွားမြင်ခဲ့၏။ ကျန်စစ်သား၏မြေးတော် အလောင်းစည်သူမင်းကြီးသည် လက်ယာမင်းနန်အား ရခိုင်ထီးနန်းကို စိုးစံစေလိုတော်မူရကား အလုံးအရင်းကြီးစွာဖြင့် ရခိုင်ပြည်သို့ ချီတက်တိုက်ခိုက်ရာ သင်္ခယာအမတ်၏ မြေးတော် မင်းပတိ(မင်းဝတီး)က ကြံ့ကြံ့ခံသော်လည်း အောင်မြင်သဖြင့် လက်ယာမင်းနန်းကို ထီးနန်းအပ်နှင်းခဲ့လေသည်။ ထို့နောက် လက်ယာမင်းနန်သည် လောင်းကြက်မြို့ကို မင်းနေပြည်တော်အဖြစ် သက္ကရာဇ် ၄၆၅ ခုနှစ်တွင် ပထမဆုံး စတင်တည်ထောင်သည်။ သို့ရာတွင် မြို့တည်၍ နှစ်မလည်မီ ပျက်စီးဆုတ်ယုတ်သဖြင့် ယင်းမြို့ကို စွန့်၍ မြောက်ဘက်ချောင်းကိုကူးပြီးလျှင် လေးမြို့မြစ် အနောက်ဘက်ကမ်းတွင် ပရိန်မြို့ဟုသမုတ်ကာ မြို့နန်းတည်သည်။ ထိုပရိန်မြို့တွင် လက်ယာမင်းနန်နှင့် သားတော်၊ မြေးတော်တို့သည် သက္ကရာဇ် ၅ဝ၄ ခုနှစ်တိုင်အောင်စိုးစံခဲ့လေသည်။

သက္ကရာဇ် ၆၁၃ ခုနှစ်၊ နယုန်လဆန်း ၂ ရက် စနေနေ့တွင် အလောမာဖြူမင်းသည် လောင်းကြက်မြို့ကို မင်းနေပြည်တော်အဖြစ် အသစ်တစ်ဖန်တည်ထောင်၍ စိုးစံတော်မူခဲ့ရာ ထိုမင်းမှစ၍ မင်းပေါင်း ၁၆ ဆက် ဣန္ဒသူမင်းအထိနှစ်ပေါင်း ၁၅ဝ ကျော်ကျော် မင်းနေပြည်တော် ဖြစ်ခဲ့ပြန်လေသည်။ သက္ကရာဇ် ၇၆၆ ခုနှစ်တွင် ရခိုင်ဘုရင် ထောရာကြီး(ဣန္ဒသူ)သည် မြန်မာနိုင်ငံကို ထိပါးလာသည်နှင့် မင်းခေါင်ဘုရင်၏ သားတော် မင်းရဲကျော်စွာက ရခိုင်ပြည်ကို အလုံးအရင်းနှင့် ချီတက်တိုက်ခိုက်ပြီးလျှင် မင်းခေါင်း၏သားမတ်တော် အနော်ရထာစောကို လောင်းကြက်မြို့တွင် နန်းတင်ခဲ့လေသည်။ ထောရာကြီး၏သား နရမိတ်လှသည် ရခိုင်မှပြေး၍ ဟံသာဝတီ ရာဇာဓိရာဇ်ထံသို့ ခိုဝင်လာသည်။ သက္ကရာဇ် ၇၆၈ ခုနှစ်တွင် ရာဇာဓိရာဇ်သည် ရခိုင်ကိုတိုက်၍ အနော်ရထာစောကို သတ်ပြီးလျှင် နရမိတ်လှအား လောင်းကြက်မြို့တွင် နန်းတင်ခဲ့သည်။ နရမိတ်လှကား မင်းစောမွန်ဟုလည်းတွင်သည်။ သက္ကရာဇ် ၇၇၂ ခုနှစ်တွင် အင်းဝမင်းခေါင် သားတော်မင်းရဲကျော်စွာသည် ဟံသာဝတီမှလှည့်၍ ရခိုင်ကိုတက်ပြန်ရာ နရမိတ်လှ (မင်းစောမွန်) စစ်ရှုံး၍ အနောက်ဘင်္ဂလားသို့ အနှစ် ၂ဝ ခန့်တိမ်းရှောင်၍နေခဲ့သည်။ ထို့နောက် ရခိုင်တွင်ကျန်ရစ်ခဲ့သော ညီတော် နရနုမင်းလည်း နောင်တော်နရမိတ်လှရှိရာသို့ လူစေလွှတ်၍ချီပင့်ရာ သက္ကရာဇ် ၇၉၂ ခုနှစ်တွင် ရခိုင်သို့ပြန်ရောက်၍ လောင်းကြက်ထီးနန်းကို စိုးစံတော်မူပြန်၍ မင်းစောမွန်ကြီးအမည်ကို ခံယူတော်မူလေသည်။

လောင်းကြက်မြို့သည် ရန်သူများအဖက်ဖက်မှ နှိပ်စက်ဖျက်ဆီးခြင်း ခံရသောကြောင့် မြို့အနေအားဖြင့် မကောင်းဟုယူဆကာ မင်းစောမွန်သည် လောင်းကြက်မြို့မှပြောင်း၍ မြို့ဟောင်းမြို့(မြောက်ဦးမြို့)ကို သက္ကရာဇ် ၇၉၂ ခုနှစ်တွင်တည်သည်။ သို့သော် ထိုနှစ်မှာပင် မင်းစောမွန် နတ်ရွာစံလေသည်။ သို့ဖြင့် လောင်းကြက်မြို့သည် မင်းနေပြည်တော်မြို့အဖြစ် နှစ် ပေါင်း ၂ဝဝ နီးပါးခန့် တည်တံ့လာခဲ့သည်။ မြို့ဟောင်းမြို့ကို မင်းနေပြည်တော် သတ်မှတ်ပြီးသည့်နောက်တွင် လောင်ကြက်မြို့သည် တဖြည်းဖြည်း တိမ်ကောလာခဲ့ရာမှ နောက်ဆုံး ပျက်စီးခဲ့လေသည်။[1]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.