သိန်းစိုး
ဦးသိန်းစိုး (၂၃ ဇန်နဝါရီ ၁၉၅၂ မွေးဖွား) သည် မြန်မာနိုင်ငံ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ ပထမဆုံးသော ဥက္ကဋ္ဌ ဖြစ်သည်။ ဦးသိန်းစိုးကို ၁၉၅၂ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် အဘ ဦးဘသူ၊ အမိ ဒေါ်တင်အေးတို့မှ စစ်ကိုင်းတိုင်း၊ ကနီမြို့၌ ဖွားမြင်ခဲ့သည်။ စစ်တက္ကသိုလ်အမှတ်စဉ် ၁၆ တွင် တက်ရောက်ခဲ့ပြီး ၁၉၇၄ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ပြန်တမ်းဝင်အရာရှိအဖြစ် စတင် ထမ်းဆောင်ခဲ့သည်။ တပ်မတော်အရာရှိအဖြစ် အဆင့်ဆင့်တာဝန်ထမ်းဆောင်ခဲ့ပြီး စစ်ဥပဒေချုပ်(ဗိုလ်ချုပ်) အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့နောက် ဒုတိယတရားသူကြီးချုပ်အဖြစ် ပြောင်းလဲထမ်းဆောင်ခဲ့သည်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တွင် ဥက္ကဋ္ဌအဖြစ် ၂၀၁၁ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ မြန်မာနိုင်ငံ၏ ပထမဆုံးသော နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ ဥက္ကဋ္ဌ အဖြစ် ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် စတင် ထမ်းဆောင်ခဲ့သည်။ ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့တွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ ဥက္ကဋ္ဌ အဖြစ်မှ မိမိသဘောဆန္ဒအလျောက် နုတ်ထွက်ခဲ့သည်။
