အညာသီဟတောဘုရား

သီဟတောစေတီတော် သို့ အညာသီဟတောဘုရား သည် စစ်ကိုင်းတိုင်းဒေသကြီးရွှေဘိုခရိုင်ခင်ဦးမြို့နယ်ရှိ စေတီတော် ဖြစ်သည်။[1] ဧရာဝတီမြစ်တွင်းရှိ ကျွန်းပေါ်တွင် တည်ရှိသည်။[2]

အညာသီဟတောဘုရား

သမိုင်းကြောင်း

သီဟတောစေတီတော်[မှတ်စု 1] သည် အသောကမင်းကြီး တည်ခဲ့သည့် စေတီပေါင်း ၈၄၀၀၀ တွင် ဓာတ်တော်များ ဌာပနာ၍ တည်ခဲ့သည့် စေတီတော် ဖြစ်သည်။ ထိုအချိန် သာသနာနှစ် ၂၁၈ ခုနှစ်တွင် သင်္ခတောနယ်သူကြီး၊ ချောင်းသလဲသူကြီးတို့သည် အသောကမင်းကြီး ဝေမျှသည့် ဓာတ်တော်တို့ကို ယူဆောင်ခဲ့သည်။ ထို့နောက် မြတ်စွာဘုရားအလောင်းတော် ခြင်္သေ့မင်း နေခဲ့သည့် သိဟဇေယျဘုမ္မိကျွန်း၊ သီဟတောအရပ်တွင် သီဟတောစေတီတော်ကို တည်ခဲ့သည်။ စေတီတော်မှာ ဉာဏ်တော် လေးတောင်ရှိသည်။[2]

ပြုပြင်မွမ်းမံမှုများ

အလောင်းစည်သူမင်း

သက္ကရာဇ် ၄၆၂ ခုနှစ်တွင် အလောင်းစည်သူမင်းသည် တိုင်းခန်းလှည့်လည်၏။ ထို့နောက် သီဟဇေယျဘုမ္မိကျွန်းသို့ ရောက်၏။ ထိုအခါ ကုန်းတော်အလယ်မှ ရောင်ခြည်တော်ကွန့်မြူး၍ ရွှေကြက်တိမ်ညင်သည် ဝဲပျံကာ ပြုလေ၏။ ထို့နောက် ချုံတို့ကို ထွင်းကာ ရှာသောအခါ စေတီတော်ကို တွေ့လေ၏။ တပေါင်းလဆန်း ၁၃ ရက်နေ့တွင် ကြီးမားသော ပူဇော်ခြင်းဖြင့် ပူဇော်ခဲ့သည်။ အလောင်းစည်သူမင်းကြီးသည် တိုင်းခန်းလှည့်လည်သည့်အခါ သီဟိုဠ်မင်းသည် သရက္ခံရုပ်ပွားတော်ငါးဆူကို ဆက်သခဲ့သည်။ ထိုရုပ်ပွားတော်တို့ကိုလည်း သီဟတောစေတီတော်တွင် ဌာပနာခဲ့သည်။ ထို့ပြင် စေတီတော်ကို ၃၂ တောင် မြှင့်ကာ မွမ်းမံခဲ့ရာ ၄၆၇ ခုနစ်တွင် ပြီးစီးခဲ့သည်။ ထို့ပြင် ရွှေစင်ပိဿာ ၁၀ ပိဿာဖြင့် ပြုလုပ်ထားသည့် ဉာဏ်တော် ၁၈ လက်မရှိသည့် ရုပ်ပွားတော် သွန်းလုပ်ကာ အတွင်း၌ သရက္ခံရုပ်ပွားတော်ကို သွင်းကာ ဌာပနာခဲ့သည်။ ထို့ပြင် မင်းကြီးသည် သီဟတော စေတီတော်တွင် နတ်ဆေးကျောက်ပျဉ်ကိုလည်း လှူခဲ့သည်။[2]

သတိုးမင်းဖျား၏ မိဖုရား

၇၂၈ ခုနှစ်တွင် သတိုးမင်းဖျား၏ မိဖုရားခေါင်ကြီးသည် စေတီတော်ကို ပြုပြင်ကာ ရွှေသင်္ကန်း ကပ်လှူခဲ့သည်။[2]

ဘိုးတော်မင်းတရား

၁၁၈၀ ပြည့်နှစ်၊ တပို့တွဲလဆုတ် ၃ ရက်နေ့တွင် ဘိုးတော်မင်းတရားသည် သီဟတောစေတီသို့ သွားရောက်ဖူးမြော်ခဲ့သည်။ ထို့နောက် စေတီတော်ကို ကျောက်အုတ်တို့ဖြင့် မွမ်းမံကာ ရွှေထီးတင်ခဲ့သည်။[2]

မင်းတုန်းမင်း

မင်းတုန်းမင်းသည် စေတီတော်၏ အရှေ့ဘက်မုခ်အရုဏ်ခံ ပြသာဒ်ကို ဆောက်ခဲ့သည်။ ၁၂၃၄ ခုနှစ် တပို့တွဲလဆုတ် ၁၄ ရက်နေ့တွင် ရေစက်ချလှူဒါန်းခဲ့သည်။[2]

အခြားပြုပြင်မှုများ

၁၂၅၇ ခုနှစ်တွင် မိုးကုတ်မြို့နယ်မှ ဦးမှတ်၊ မယ်ငြိမ်းမိသားစုတို့က ပြုပြင်ခဲ့သည်။ ထို့ပြင် သပိတ်ကျဉ်းဆရာတော် ဦးဥဂ္ဂံသ သည် ထပ်မံပြုပြင်ခဲ့သည်။ ၁၃၁၄ ခုနှစ်တွင် ရာကျော်ဆရာတော်၊ ၁၃၁၉ ခုနှစ်တွင် သစ်တောမင်းကြီး ဦးစောလင်းနှင့် ဒါယကာ ဒါယကာမတို့က ပြုပြင်ခဲ့သည်။ ထို့ပြင် ဒါယကာများစွာတို့သည် အဆက်ဆက်ပြုပြင်ခဲ့သည်။[2]

မှတ်စု

  1. ရှေးက သိင်္ဃတောဟု ခေါ်တွင်ကြောင်း ဦးကုလားမဟာရာဇဝင်ကြီး ပထမတွဲ စာမျက်နှာ ၂၃၈ တွင် ဖော်ပြထားသည်။

ကိုးကား

  1. ဈာန်လင်းထက် (၂၇ ဇူလိုင် ၂၀၁၈)။ အညာသီဟတော ဘုရားဖူးသွားတောလား မြန်မာတိုင်း(မ်) ၁၉ ဒီဇင်ဘာ ၂၀၁၈ တွင် ပြန်စစ်ပြီး။
  2. လှသမိန် (ဧပြီ ၁၉၆၈)။ မြန်မာနိုင်ငံတခွင် ဘုရားသမိုင်းပေါင်းချုပ်။ ရန်ကုန်မြို့: မဟာဝိဇ္ဇာစာပေ။ pp. ၂၆၈၊ ၂၆၉၊ ၂၇၀။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.