အလက်ဇန္ဒား ဂရေဟမ် ဘဲလ်

တယ်လီဖုန်းတီထွင်သူ အလက်ဇန္ဒား ဂရေဟမ်ဘဲလ် (Alexander Graham Bell) ကို ၁၈၄၇ တွင် စကော့တလန်၊ အီဒင်ဘာ့ဂ်မြို့၌ ဖွားမြင်သည်။ စာသင်ကျောင်းတက်ကာ ပညာကောင်းစွာ သင်ကြားခဲ့ခြင်းမျိုးမရှိဘဲ မိသားစုကသာ သင်ကြားပေးခဲ့ပြီး ကိုယ်တိုင်ကလည်း ပညာကိုလိုလားစွာ သင်ယူသည်။ ဖခင်ဖြစ်သူ အသံဇီဝပညာရှင် (Vocal Physiology) ကြောင့် အသံနှင့်ပက်သက်ကာ ငယ်စဉ်ကပင် စိတ်ဝင်စားမှု ရှိခဲ့သည်။

အလက်ဇန္ဒား ဂရေဟမ် ဘဲလ် (၁၈၄၇-၁၉၂၂)

၁၈၇၁ တွင် အမေရိကန်ပြည်ထောင်စုမန်ဆာချူးဆက်ပြည်နယ်ဘော့စတွန်မြို့သို့ ပြောင်းရွေ့နေထိုင်သည်။ ၁၈၇၅ တွင် သူ၏တီထွင်မှုနှင့် စပ်ဆိုင်သော ပစ္စည်းကိရိယာများကို စတင်တီထွင်သည်။ ၁၈၇၆ တွင် မှတ်ပုံတင်ရုံး၌ တယ်လီဖုန်းမူပိုင်ခွင့် လျှောက်ထားရာ သီတင်းပတ်အနည်းငယ်အကြာတွင် မှတ်ပုံတင်ခြင်းအောင်မြင်သည်။ အယ်လီရှာဂရေး ဆိုသူက အလားတူပစ္စည်းကို လာရောက်မှတ်ပုံတင်ရန် ကြိုးပမ်းရာ နာရီအနည်းငယ်သာ နောက်ကျသွားခဲ့သည်ဟုဆိုသည်။

မကြာမီ ဘဲလ်သည် ဖီလာဒဲလ်ဖီးယားတွင် ကျင်းပသည့် အမေရိကန်လွပ်လပ်ရေးနှစ်တစ်ရာပြည့်ပွဲတွင် သူ၏တီထွင်မှုကို လက်တွေ့ပြနိုင်ပြီး လူအများက အံ့ဩစိတ်ဝင်စားကာ ဆုချီးမြှင့်ခြင်းလည်း ခံခဲ့ရသည်။ အနောက်ယူနီယံ သံကြိုးကုမ္ပဏီထံ ဒေါ်လာတစ်သိန်းဖြင့် တယ်လီဖုန်း ထုတ်လုပ်ရောင်းချခွင့်ပေးမည်ဟု ကမ်းလှမ်းသော်လည်း ပယ်ချခံရသဖြင့် ၁၈၇၇ ဇူလိုင်လတွင် ကိုယ်ပိုင် ဆက်သွယ်ရေးကုမ္ပဏီတစ်ခုကို တည်ထောင်ကာ တယ်လီဖုန်းထုတ်လုပ်ရေးကို စတင်ရာ အထူးအောင်မြင်သည်။

ဘဲလ်ဇနီးမောင်နှံသည် ကုမ္ပဏီ၏ ရှယ်ယာ ၁၅ ရာခိုင်နှုံးကို ပိုင်ဆိုင်ခဲ့သော်လည်း ရှယ်ယာများကို ရောင်းချရာတွင် ထိုက်သင့်သည့် အမြတ်အစွန်းများကို မရရှိခဲ့သည့်တိုင် ၁၈၈၃ တွင် ဒေါ်လာတစ်သန်းကျော် ချမ်းသာနေခဲ့သေးသည်ကို ကြည့်လျှင် ကုမ္ပဏီ၏အောင်မြင်မှုကို ခန့်မှန်းနိုင်ပေသည်။ ထိုသို့ လူချမ်းသာတစ်ဦး ဖြစ်လာသည့်တိုင် ဘဲလ်သည် သူ၏တီထွင်စမ်းသပ်မှုများကို ရပ်နားသည်မရှိခဲ့ပေ။ အထူးသဖြင့် နားအကြားအာရုံ ချို့တဲ့သူများအတွက် အထူးအားထုတ်ခဲ့သည်။ သားနှစ်ဦး သမီးနှစ်ဦး ထွန်းကားသော်လည်း သားများက ငယ်ငယ်ကပင် ကွယ်လွန်သည်။ ၁၈၈၂ တွင် အမေရိကန်နိုင်ငံသားအဖြစ် အသိအမှတ်ပြုခံရပြီး ၁၉၂၂ တွင် ကွယ်လွန်သည်။

ကျမ်းကိုး

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.