အုန်းမောင်၊ ဦး (လေထီး)
လေထီး ဦးအုန်းမောင်
လေထီးဦးအုန်းမောင်သည် ရာသက်ပန်နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး မိမိယုံကြည်ချက်အတိုင်း မတွေမဝေ မယိမ်းမယိုင်နေထိုင်သွားသူတစ်ဦးဖြစ်သည်။ ကျန်းမာရေးနှင့်အညီ စားသောက်နေထိုင်လေ့ရှိပြီး၊ ကိုယ်ကျင့်တရားကောင်းမွန်သူတစ်ဦးလည်း ဖြစ်၏။
ဦးအုန်းမောင်သည် ဗမာ့ခေတ်သစ်သမိုင်း၊ ဗမာ့လွတ်လပ်ရေးသမိုင်း၊ ဗမာ့တို့၏ ဖက်ဆစ်တော်လှန်ရေးသမိုင်းတွင် ရှေ့တန်းမှ အသက်စွန့်ပါဝင်ခဲ့သူတစ်ဦးလည်း ဖြစ်သည်။
ဖက်ဆစ် တော်လှန်ရေးကို ဗိုလ်ချုပ်အောင်ဆန်းတို့ရဲ့ ရဲဘော်သုံးကျိပ် နဲ့ အတူ ဂျပန်တွေ ဝင်မလာခင် ကတည်းက ဗမာ လူငယ်တွေက ပြင်ဆင် နေခဲ့ပြီဆိုရင် တချို့ လူငယ်တွေက အံဩကြ ပါလိမ့်မယ်။
သခင် အောင်ဆန်းတို့ဟာ ပြည်ပကို မထွက်ခင် ကတည်းက ဂျပန်တွေ ဆီကို သွားတာ မဟုတ်ဘဲ ဂျပန်ကို ခုခံ တော်လှန်နေပြီ ဖြစ်တဲ့ တရုတ် ကွန်မြူနစ်တွေ ဆီကို သွားရင်း ဂျပန်က သခင် အောင်ဆန်းတို့ ဦးတည် သွားနေသော တရုတ်မြို့တွေကို သိမ်းပိုက်ပြီး ဖြစ်နေလို့ အဆက်ပြတ် သွားခဲ့ရတာပါ။
ရဲဘော် သုံးကျိပ်တို့က အရှေ့ဘက်ကို ထွက်သွားသလို ရဲဘော် ရှစ်ကျိပ် (လောက်) ဟာလည်း အနောက်ဘက်ကို ထွက်သွားခဲ့ပါတယ်။ အရှေ့ဘက်ကို ထွက်သွားသူတွေရဲ့ ခေါင်းဆောင်က သခင် အောင်ဆန်း၊ အနောက်ဘက်ကို ထွက်သွား သူတွေရဲ့ ခေါင်းဆောင်က သခင်သိန်းဖေ၊ တက်ဘုန်းကြီး သိန်းဖေ ခေါ် ကာလကတ္တား သခင်သိန်းဖေ။ သခင် အောင်ဆန်း၊ သခင် သိန်းဖေ၊ သခင် လှဖေ၊ သခင် ဗဟိန်း စတဲ့ သခင် လူငယ်တွေဟာ ဗမာပြည် ကွန်မြူနစ် ပါတီကို စတင် တည်ထောင် သူတွေလည်း ဖြစ်ကြပါသည်။
သခင် အောင်ဆန်းရဲ့ အုပ်စုဟာ ထွက်တာ စောလို့ ထင်ပါတယ်။ လူဗျောက်သောက် ရောရာ ပါရှိပါတယ်။ သခင် သိန်းဖေရဲ့ အုပ်စုကတော့ ကွန်မြူနစ် ပါတီဝင်တွေ များပါတယ်။ ကွန်မြူနစ်တွေ လိုလိုချည်း ပါပဲ။ ကွန်မြူနစ် မဖြစ်သေး သူတွေလည်း ကာလကတ္တားမှာပဲ “နီ” သွားကြပါတယ်။
၁၉၄၄ ခုနှစ်မှာ သခင်ဗိုလ် ခေါင်းဆောင်တဲ့ ရဲဘော် ၉ ဦး အဖွဲ့ဟာ အထက်အညာမှာ ဗဟို ပြုနေတဲ့ ဗိုလ်မှူး ဗထူး တပ်ရဲ့ အကူအညီနဲ့ မဲဇာ တကောင်းဘက်ကို ဖြတ်ပြီး အိန္ဒိယပြည်ရှိ သခင် သိန်းဖေ ဦးစီး စီမံ ခန့်ခွဲနေတဲ့ လေထီး သင်တန်းကို သွားတက်ဖို့ ဖြစ်ပါတယ်။ အဖွဲ့ဝင်တွေ ထဲမှာ မန်းဝင်းမောင် (နောင် - သမ္မတ)၊ ကာနယ် ချစ်ကောင်း (နောင် - တောခို ကွန်မြူနစ် ခေါင်းဆောင်) ရခိုင် ဦးကျော်ရင် (နောင် - မန္တလေး တက္ကသိုလ် ပါမောက္ခချုပ်)၊ ဗိုလ်ဘညွွန့် (ပီကင်းပြန် တောခို ကွန်မြူနစ်၊ ကွယ်လွန်)၊ ကိုသန်း ဆိုသူနဲ့ ဖျာပုံက ဦးအုန်းမောင် (သုံးကျွန်းပြန် ကွန်မြူနစ်) - အားလုံး ၇ ဦး ဖြစ်ပါတယ်။ ဗိုလ်ဘထူးက လမ်းပြဖို့ ထည့်လိုက်တဲ့ ဗိုလ်လှဖေနဲ့ မောင်ကျောက်တို့ပါ ပေါင်းရင် အားလုံး ၇ ဦးပါ။ မဲဇာဘက် ရောက်မှ ဗိုလ်လှဖေ ငှက်ဖျားမိလို့ လူစု ခွဲလိုက်ရ ပါတယ်။ ဦးအုန်းမောင်က ဗိုလ်လှဖေကို ပြန်ပို့ဖို့ နေရစ် ခဲ့ရပါတယ်။ ဒါကြောင့် မန်းဝင်းမောင်နဲ့ အတူ နောက်မှ ပြန်သွားရ ပါတယ်။ အိန္ဒိယနဲ့ သီဟိုမှာ လေထီး သင်တန်း၊ စစ်သင်တန်းများကို မဟာမိတ် (အင်္ဂလိပ်၊ အမေရိကန်) တပ်တွေက ဦးဆောင် လေ့ကျင့် ပေးပါတယ်။
ပင်မ စခန်းမှာတော့ သခင် သိန်းဖေက သူ့ရဲ့ ဘုံရိပ်သာမှာ နိုင်ငံရေး၊ ကွန်မြူနစ် သဘောတရားရေး သင်တန်းတွေ ပေးပါတယ်။ သင်တန်းပြီးတော့ ဗမာပြည်ထဲကို လေထီးနဲ့ ခုန်ဆင်းပြီး ပြည်တွင်းက ဖက်ဆစ် တော်လှန်ရေးမှာ ပူးပေါင်း ပါဝင် ဆောင်ရွက် ကြရပါတယ်။
ဗမာပြည် လွတ်လပ်ရေး ရတော့ ၁၉၄၈ မှာပဲ ကွန်မြူနစ်တွေလဲ ဖဆ - ဆိုရှယ် အစိုးရရဲ့ တောခြောက်တာကို ခံရပြီး ပြည်တွင်းစစ် ဖြစ်ပွား ခဲ့ပါတယ်။ ဦးအုန်းမောင်တို့လည်း တောခိုရပြီး ကွန်မြူနစ် ဗဟို ကော်မတီဝင်တွေ ဖြစ်ကုန်ကြ ပါတယ်။ နောက်တော့ စစ်တပ်က ဖမ်းမိသွားတာ ဆိုထင်ပါရဲ့။ ထောင်ကျပြီး ကိုကိုးကျွန်း အကျဉ်း စခန်းကို နှစ်ခါပြန် ရောက်ရှိ သွားခဲ့ရ ရုံမက လိပ်ကျွန်း အကျဉ်း စခန်းကိုလည်း အပို့ ခံခဲ့ရတော့ ကျွန်းသုံးကျွန်း စံခဲ့ရသူ ဖြစ်သွား ခဲ့ပါတယ်။
ကိုကိုးကျွန်း အကျဉ်း စခန်းမှာတော့ ဗန်းမော်တင်အောင်၊ မြသန်းတင့်တို့နဲ့ အတူတူ အစာငတ်ခံ တိုက်ပွဲကို ဦးဆောင် ဆင်နွှဲခဲ့သူ တစ်ဦး အဖြစ် ထင်ရှားပါတယ်။ နောက်ဆုံး ပါဝင် လှုပ်ရှား ခဲ့တာကတော့ ရှစ်လေးလုံး အရေးတော်ပုံကြီးပါ။ ဦးအုန်းမောင်တို့ အကြောင်းတွေကို ဖက်ရတာဟာ ဒဏ္ဍာရီ ပုံပြင်တွေကို ဖတ်ရသလို မယုံနိုင် လောက်အောင် ထူးခြား ဆန်းကြယ် လှပါတယ်။ ဒါပေမဲ့ ဒီဖြစ်ရပ်တွေဟာ လူအများအပြား ပါဝင်တဲ့ တကယ့် သမိုင်းဝင် ဖြစ်ရပ်တွေ ပါပဲ။ ဗမာ့ လွတ်လပ်ရေး သမိုင်း၊ ဖက်ဆစ် တော်လှန်ရေး သမိုင်းကြီးပါ။
ကျွန်တော် ရန်ကုန်ကို ရောက်လာတာက ၁၉ရဝ ခုနှစ် ကျော်မှပါ။ ကျနော် မန္တလေးမှာ နေကတည်းက ဆက်သွယ် ွ့ွကမ်းဝင်နေတဲ့ စာကြည့်တိုက်မှူးဟောင်း၊ ယဉ်ကျေးမှု ဗိမာန် ညွှန်ကြားရေးမှူးချုပ် ဦးသန်းထွတ် (ဆရာ တိုက်စိုး) အိမ်ကို မကြာခဏ ရောက်တတ်ပါတယ်။ ဆရာတိုက်စိုးက”ခုပဲ ကိုအုန်းမောင် ပြန်သွားတယ်”၊ “တော်ကြာရင် ကိုအုန်းမောင် လာလိမ့်မယ်” စသဖြင့် ပြောလေ့ ရှိပါတယ်။ ဆရာ တိုက်စိုးနဲ့ ဦးအုန်းမောင်ဟာ ဖျာပုံသားတွေ ဖြစ်ကြပြီး မူလတန်း ကတည်းက တွဲလာတဲ့ သူငယ်ချင်းတွေ ပါတဲ့။ ရုပ်ရည်အရ ပြောရရင် အမွှာမွေးလို တူကြပါတယ်။
ဆရာ တိုက်စိုးက သူ့အထက်က ဝန်ကြီး (ဗိုလ်ချုပ် သောင်းဒန် စသည်) တို့ကို ကြိုတင် ရှင်းပြပြီး ဦးအုန်းမောင်ကို ငယ်သူငယ်ချင်း အဖြစ် သူ့ရုံးကိုတောင် ဖိတ်ခေါ် တွေ့ဆုံခဲ့ပါတယ်။ အထူးသဖြင့်တော့ ရှေးဟောင်း နှောင်းဖြစ်နဲ့ စာကြောင်း ပေကြောင်းတွေ ပြောကြတာ ပါပဲ။
ကျနော် ရန်ကုန် ရောက်လာတဲ့ အခါ ဆရာ တိုက်စိုးက သူ့အိမ်ကို ဦးအုန်းမောင်၊ သခင် အုန်းမြင့်၊ ဒဂုန် တာရာ စတဲ့ မိတ်ဆွေများကို ဖိတ်ခေါ်ပြီး စကားဝိုင်း ဖွဲ့လေ့ ရှိပါတယ်။ ကျနော့်ကိုလည်း ဆရာ တိုက်စိုးက ဖိတ်လေ့ရှိလို့ သူတို့ဝိုင်းမှာ ပါနေပါတယ်။ အထူးသဖြင့် ရှေးဟောင်း နှောင်းဖြစ်တွေ ကိုပဲ ပြောလေ့ ရှိပါတယ်။ ကျနော်က သူတို့ အတ္ထုပ္ပတ္တိတွေကို တပိုင်းတစစီပဲ သိသူဖြစ်လို့ ကျနော် မသိသေးတဲ့ ကွင်းဆက်တွေ ဝင်မေးပါတယ်။ စာကြောင်း ပေကြောင်းကတော့ အားလုံးက ရှေးးဟောင်း နောက်မီချည်း ဆိုတော့ ပြောလို့လည်းကောင်း၊ နားထောင် မှတ်သားဖို့လည်း ကောင်းပါတယ်။
ကျနော်တို့ ပုံမှန် တွေ့ဆုံလေ့ ရှိတဲ့ တခြား နေရာတွေ ကတော့ မွေးနေ့ပွဲတွေနဲ့ ကွယ်လွန်သူတွေရဲ့ နှစ်လည်ပွဲတွေ ပါပဲ။ လေထီး ဦးအုန်းမောင်က ဖျာပုံသား ဆိုတော့ ဆရာ ဇော်ဂျီ မိသားစုနဲ့လည်း ရင်းနှီးပါတယ်။ ဆရာ ဇော်ဂျီ ကွယ်လွန်ခြင်း ဆယ်နှစ်ပြည့်ပွဲမှာ သင်္ဘောတစီးလုံး ငှားပြီး သွားကြတော့ ဦးအုန်းမောင်တို့၊ သခင် အုန်းမြင့်တို့လည်း ပါကြပါတယ်။ ပွဲမှာ သူတို့ စကားပြောခွင့် မရကြပါဘူး။
မုံရွာ တင်ရွှေ၊ ဗိသုကာ ကျော်မင်း၊ ကိုသိန်းတင် (အဖွဲ့ချုပ် တိုင်းစည်းရုံးရေးမှူး)၊ ဟာဂျီ မြသန်း (ကိုမင်းဇင်တို့ အဖေ)၊ ဆရာ မြသန်းတင့် စသူတို့ရဲ့ နှစ်လည် ဆွမ်းကြွေးပွဲ၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်း နှစ်လည် ဆွမ်းကြွေးပွဲ တို့မှာလည်း ဆုံလေ့ ရှိကြပါတယ်။
အမေ လူထု ဒေါ်အမာ မွေးနေ့ပွဲမှာတော့ သခင် အုန်းမြင့်၊ သခင် သိမ်းမောင် (ဝါးခယ်မ)၊ ဦးထွန်းတင် (သခင် ကိုယ်တော်မှိုင်း ပြည်တွင်း ငြိမ်းချမ်းရေး အဖွဲ့၊ အတွင်းရေးမှူး)၊ တော်ဘုရားလေး၊ ဦးချမ်းအေး စသူတွေ့နဲ့ နှစ်စဉ် ဆုံကြတယ်။ ရုပ်ရှင် မင်းသားကြီး ဦးထွန်းဝေလည်း ပါတယ်။
အများအားဖြင့် စစ်အစိုးရက မျက်စေ့ ဒေါက်ထောက်ကြည့်တာ ခံရသူတွေ တစ်နိုင်ငံလုံးက ဆိုသလို လာကြတာပါ။ ဘယ်မှာ ဆုံဆုံ ဒီလူတွေ ချည်းပါပဲ။ ဒါပေမဲ့ ဒီလူတစုဟာ လက်ရှိ အစိုးရအကြောင်းကို အထူး ပြောဆိုနေလေ့ မရှိပါဘူး။ (ပြောစရာမှ မလိုဘဲ) ခုဟာက အချင်းချင်း အလွမ်းပြေ တွေ့ဆုံကြ အားပေးကြတဲ့ သဘောထက် မပိုလှပါဘူး။
ကျနော်တို့တတွေ ဦးအုန်းမောင်ရဲ့ အိမ်ကိုလည်း အလည်ရောက်လေ့ ရှိတယ်။ လူငယ်လေးတွေက အဘ ဦးအုန်းမောင် အိမ်ဆိုရင် လိုက်ပို့ချင်လေ့ ရှိတယ်။ သူတို့ရဲ့ အဘ ဦးအုန်းမောင်နဲ့ ကျနော်တို့ စကား ပြောကြတာကို နားထောင်ချင်လို့တဲ့။ ကျနော်က သူတို့ ကိုကိုးကျွန်းမှာ အချင်းချင်း စောင့်ရှောက်ကြပုံ၊ စိတ်ဓာတ် မြှင့်တင်ကြပုံ၊ အပျင်းဖြေကြပုံ၊ နိုင်ငံရေး လေ့လာကြပုံ၊ သမိုင်း လေ့လာကြပုံ တွေကို ကိုယ်လည်းကြားချင် လူငယ်တွေလည်းကြား စေချင်ပါတယ်
ကျနော် ကြားဖူးတဲ့ ပုံပြင်လေးကို ကျနော် ပြန်မေးဖူးတယ်။ အဘ ထောင်က (ကျွန်းက) လွတ်လာတော့ အိမ်ကို ပြန်လာတယ်။ အိမ်ပေါက်ဝမှာ သူ့သမီးကလေးကို တွေ့တော့ သမီးက အဖေကို စိမ်းနေတယ်။ “သမီး အဖေလေ” လို့ ပြောတော့ သမီးလေးက “အမေရေ … အဖေဆိုတဲ့ လူကြီး လာနေတယ်” လို့ လှမ်းအော်သတဲ့။
တချို့က “ဒီပုံပြင်” လေးကို ကြားရရင် မျက်ရည် ကျကြပါတယ်။ “အဘက တိုက်ပွဲမှာ ခြေတောက်ကို သေနတ်မှန်လို့ အဖမ်းခံရတာဆို”။ “လေထီး တပ်သားကြီးကို ကန်ဖူးတယ် ရှိအောင် ဆိုပြီး စစ်စုံထောက်တွေက ကန်လို့ နံရိုး ကျိုးဖူးတယ်ဆို” စသည်ဖြင့် သူတို့က ဝင်မေးကြတာတွေလည်း ရှိပါတယ်။ သူတို့ရဲ့ အဘကလည်း ကြွားဝါတဲ့ လေသံ၊ အာဃာတ ပါတဲ့ လေသံ မပါဘဲ ပုံမှန်ပဲ ပြန်ပြောလေ့ ရှိပါတယ်။
လူငယ် နိုင်ငံရေးသမား တွေကို ထောင်ချရင် ထောင်ထဲမှာ ဦးအုန်းမောင်တို့လို နိုင်ငံရေး သမားကြီးတွေနဲ့ အတူထားလေ့ မရှိတာဟာ အဲသလို လူငယ်တွေနဲ့ တွေ့ဆုံ မေးမြန်းရင်း နိုင်ငံရေးအမြင်၊ သမိုင်းအမြင်တွေ ရင့်ကျက် မြှင့်တက် ကုန်ကြလို့ပါပဲ။ လူကြီးတွေကလည်း လူငယ် မျိုးဆက်သစ်တွေကြောင့် အားသစ် လာကြပါတယ်။ ဦးအုန်းမောင်တို့ ကိုယ်တိုင်က လူကြီး လူငယ် မခွဲခြားဘဲ အပြန်အလှန် လေးစားသမှုနဲ့ ဘဝအသိ ဘဝအားမာန်တွေ ဖလှယ်ကြပါတယ်။ ထောင်ကို ဘဝ တက္ကသိုလ် ဖြစ်စေ ခဲ့ကြပါတယ်။
အဘ ဦးအုန်းမောင်ဟာ အသက် ၈၂ နှစ် အရွယ် ၂ဝဝဝ ပြည့်နှစ် ဒီဇင်ဘာ ၂၈ မှာ ကွယ်လွန်တယ်။ ဦးအုန်မောင်ရဲ့ အိမ်ကိုလည်း ရောက်ပါတယ်။ ဈာပနလည်း လိုက်ပို့ပါတယ်။ လိုက်ပို့ကြတဲ့ လူထုဟာလည်း မနည်းပါဘူး။ အဘ ဦးအုန်းမြင့် (သခင်အုန်းမြင့်) နဲ့ သခင်အိုကြီးတွေ၊ ကျောင်းသား ခေါင်းဆောင်ဟောင်း ကိုဘကောင်းနဲ့ ကျောင်းသား ခေါင်းဆောင်ဟောင်းတွေ၊ ရှစ်လေးလုံး အရေးတော်ပုံ ခေါင်းဆောင်တွေ၊ စာရေး ဆရာတွေ၊ သတင်း စာဆရာတွေ လာရောက် ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နှင့် စာရေးဆရာမ ဒေါ်ခင်ဆွေဦး တို့ကိုလည်း တွေ့လိုက်ရ ပါတယ်။
ဈာပန အပြီးမှာ လေထီး ဦးအုန်းမောင် အမှတ်တရ စာတမ်းများကို စာအုပ်ထုတ်ဖို့ စာမူတွေ စုဆောင်း ကြပါတယ်။ အဘ ဦးအုန်းမောင်ရဲ့ ဇနီး (မမမြင့်) နဲ့ သမီးကပါ ကျနော်တို့ အမှတ်တရ စာအုပ် တည်းဖြတ် ထုတ်ဝေရေးမှာ ပါဝင် ကူညီဖို့ သဘောတူ ထားပါတယ်။ ဆရာ တိုက်စိုး၊ အဘ ဦးအုန်းမြင့်၊ အဘ သခင် သိမ်းမောင် (ဝါးခယ်မ)၊ ဒဂုန်တာရာ စတဲ့ ဆရာကြီးများကို ကြီးကြပ်ဖို့ မေတ္တာရပ်ခံပြီး “စာအုပ်ဈေး” စာအုပ်တိုက် ပိုင်ရှင် ဦးမော်လင်းကို ထုတ်ဝေရေး တာဝန် ယူပေးဖို့ အပ်ပါတယ်။ ဆက်လက်ပြီး လေထီး ဦးအုန်းမောင် ကိုယ်တိုင် ရေးခဲ့တဲ့ စာတွေကို စုပေါင်း ထုတ်ဝေဖို့လည်း ဆုံးဖြတ် ထားကြပါတယ်။
ကျနော်က ဒီစာအုပ်ကို သမိုင်း စာအုပ် အဖြစ်နဲ့ မြန်မာနိုင်ငံ သမိုင်း သုတေသန အဖွဲ့ (ဗိုလ်ချုပ် နေဝင်းရဲ့ ဇနီး ညွှန်ကြားရေးမှူးချုပ် ဒေါ်နီနီမြင့်ထံ တင်ပေးဖို့ကို တာဝန် ယူဖူးထားရ ပါတယ်။ အဲဒီ အဖွဲ့မှာက အဘ ဦးအုန်းမောင်ရဲ့ ငယ်သူငယ်ချင်း ဦသန်းထွတ် (ဆရာ တိုက်စိုး) လည်း အမှုထမ်း နေလေရဲ့ ဆိုတာကို အများ သိကြတော့ သမ္မတကြီး မန်းဝင်းမောင် လက်ထက်မှာ လေထီးသင်တန်း တက်ဖက် ရဲဘော် ကာနယ် ချစ်ကောင်း ထောင်ချ ကြိုးပေး ပြစ်ဒဏ် ခံရပုံကို သွားပြီး သတိရ ကြပါတယ်။
ဦးအုန်းမောင် စာအုပ်ကို ဦးသန်းထွတ်တို့က ဖတ်ရှု တည်းဖြတ် ကြရမှာပါ။ ဒါပေမဲ့ ဦးသန်းထွတ်မှာ ထုတ်ဝေခွင့် ပေးနိုင်တဲ့ အာဏာ လုံးဝ မရှိရှာတော့တာကို သူငယ်ချင်း ဦးအုန်းမောင် နားလည်း ထားပြီးသားပါ။ ခုလို ဒေါ်နီနီမြင့်တို့ လက်ထဲ သူ့စာမူ အပ်ရတာကိုလည်း မနှစ်မြို့ ရှာပါဘူး။ သူ မသေဆုံးခင် ထုတ်ဝေခွင့် ရမယ်လို့လည်း မမျှော်လင့် ခဲ့ပါဘူး။ ဒေါ်နီနီမြင့် ကတော့ ထုတ်ဝေခွင့် (ချပေးခဲ့) ထောက်ခံ ပေးခဲ့သတဲ့၊ စာပေ စိစစ်ရေး စစ်ထောက်လှမ်းသမား တွေက ထုတ်ခွင့် မပေးခဲ့ပါဘူး။ (ဒီ ကိစ္စက ဦးအုန်းမောင် မကွယ်လွန်မီ ကတည်းက ကြုံခဲ့တာပါ)
ထူးဆန်းတဲ့ ကံကြမ္မာကို သတိရလို့ ဆက်ပြောလိုက်ချင် ပါတယ်။ ဆရာ တိုက်စိုးနဲ့ အဘ လေထီး ဦးအုန်းမောင်တို့ဟာ မူလတန်းမှာ ကတည်းက သက်တူရွယ်တူ ရုပ်ချင်းတူ သူငယ်ချင်းတွေ ဖြစ်ကြောင်း၊ ကြီးတော့လည်း “သန်းထွတ်” “အုန်းမောင်” လို့ ငယ်ငယ်ကလိုပဲ ခေါ်ကြပြီး အမြဲမပြတ် တွေ့ဆုံလေ့ ရှိခဲ့ကြကြောင်း အသိုင်းအဝန်းကြီး တခုလုံးက သိထားကြပါတယ်။ စစ်စုံထောက်တွေလည်း သိထားကြတာ ပါပဲ။
ဆန်းတာက သူတို့ နှစ်ဦးစလုံးဟာ အသက် ၈၂ နှစ် အရွယ်မှာ ကင်ဆာ ရောဂါနဲ့ ရှေ့ဆင့် နောက်ဆင့် ကွယ်လွန် သွားကြတဲ့ အချက်ပါပဲ။ နှစ်ဦး စလုံးဟာ လည်ပင်း ညာဘက် အခြေမှာ ကင်ဆာ အကြိတ်နှစ်လုံး ပေါ်လာပြီး ဒီအနာနဲ့ပဲ ကွယ်လွန် သွားကြ ရှာပါတယ်။ ငယ်သူငယ်ချင်း နှစ်ယောက် နောင်ဘဝမှာ လွတ်လွတ်လပ်လပ် ရာသက်ပန် ချစ်ခင် လက်တွဲသွားခွင့် ကြုံရပါစေသော်ဝ်လို့ ကျနော်တို့ ဆုတောင်း လိုက်ကြပါစို့။ [1]
ကိုးကားချက်
- "လေးစား စံထားတဲ့ လေထီး ဦးအုန်းမောင်" ရုပ်ပုံလွှာ အဖွဲ့- ဆရာ မောင်စွမ်းရည် / မိုးမခ ကွန်ရက်