ကျူးဘားနိုင်ငံ

ကျူးဘားသမ္မတနိုင်ငံသည် ကာရစ်ဘီယံ ပင်လယ်အတွင်းရှိ ကျွန်းနိုင်ငံ တစ်ခု ဖြစ်သည်။ ကျူးဘားနိုင်ငံတွင် ကျူးဘားကျွန်းနှင့် အခြားကျွန်းပေါင်းများစွာ ပါဝင်သော ကျွန်းစုဖြင့် ဖွဲ့စည်းထားသည်။ အကြီးဆုံးမြို့မှာ မြို့တော်လည်း ဖြစ်သော ဟာဗားနားမြို့ ဖြစ်သည်။ စန်တီယာဂိုဒီကျုးဘား မှာ ဒုတိယအကြီးဆုံးမြို့ ဖြစ်သည်။[3][4] ကျုးဘား၏ မြောက်ဘက်တွင် အမေရိကန်ပြည်ထောင်စု နှင့် ဘဟားမားစ်နိုင်ငံ၊ အနောက်ဘက်တွင် မက္ကဆီကိုနိုင်ငံ၊ တောင်ဘက်တွင် ကေမန်းကျွန်းစု နှင့် ဂျမေကာနိုင်ငံ၊ အရှေ့တောင်ဘက်တွင် ဟေတီနိုင်ငံ နှင့် ဒိုမီနီကန်သမ္မတနိုင်ငံ တို့ တည်ရှိသည်။

ကျူးဘားသမ္မတနိုင်ငံ
Republic of Cuba
República de Cuba (စပိန်)
အလံတော် အမှတ်တံဆိပ်
ဆောင်ပုဒ်: "Homeland or Death"
နိုင်ငံတော် သီချင်း: ("The Bayamo Song")
မြို့တော်
နှင့် အကြီးဆုံးမြို့
ဟာဗားနားမြို့
ရုံးသုံး ဘာသာစကားများစပိန်ဘာသာ
အမျိုးအစားသမ္မတအစိုးရ၊ ကွန်မြူနစ် အစိုးရ
အစိုးရ
 သမ္မတ
ရာဟူး ကက်စထရို
 ဒု-သမ္မတ (၁)
ဂျေ အာ အမ် ဗင်တျူရာ
တည်ထောင်
 လွတ်လပ်ရေး (စပိန်မှ)
အောက်တိုဘာ ၁၀၊ ၁၈၆၈
 လွတ်လပ်ရေး (ယူအက်စ်မှ)
မေ ၂၀၊ ၁၉၀၂
 ကျူးဘားတော်လှန်ရေး
ဇန်နဝါရီ ၁၊ ၁၉၅၉
ဧရိယာ
 စုစုပေါင်း
၄၂,၄၂၆စတုရန်းမိုင် (၁၀၉,၈၈၄ km²) (အဆင့်: ၁၀၅)
 ရေထု (%)
မပြောပလောက်[1]
လူဦးရေ
 ခန့်မှန်း
၁၁,၂၄၁,၈၉၄[1] (အဆင့် - ၇၃)
 သိပ်သည်းမှု
၁၀၂.၃/km² (၂၆၅.၀/sq mi)
GDP (PPP)ခန့်မှန်း
 စုစုပေါင်း
$၁၁၄.၁ ဘီလီယံ (အဆင့် - ၆၃)
 Per capita
$၉,၉၀၀ (အဆင့် - ၈၆)
HDI ၀.၇၆၀[2]
မြင့် · ၅၃
ငွေကြေးကျူးဘား ပီဆို
အချိန်ဇုန်-၅
(နွေရာသီ) -၄
တယ်လီဖုန်းကုဒ်+၅၃
Internet TLD.cu

၁၄၉၂တွင် ခရစ္စတိုဖာကိုလံဘတ် က ယခုကျူးဘားကျွန်းကို ရှာဖွေတွေ့ရှိခဲ့ပြီး စပိန်ဘုရင့်နိုင်ငံအတွက် ပိုင်ဆိုင်မှုအဖြစ် ကြေညာခဲ့သည်။ ၁၈၉၈ တွင် ပြီးဆုံးခဲ့သော စပိန်-အမေရိကန်စစ်ပွဲ မတိုင်ခင်အထိ ကျူးဘားသည် စပိန်နိုင်ငံ၏ နယ်မြေတစ်ခု ဖြစ်ခဲ့သည်။ ၁၉၀၂ တွင် အမေရိကန်ထံမှ လွတ်လပ်ရေးရရှိခဲ့သည်။ ၁၉၅၃မှ ၁၉၅၉အတွင်း ကျူဘားတော်လှန်ရေး ဖြစ်ပွားပြီး ဘာတစ္စတာ၏ အာဏာရှင်စနစ်ကို ဖြုတ်ချခဲ့သည်။ ဖီဒယ်လ် ကက်စထရို က ဦးဆောင်ပြီး အစိုးရဖွဲ့ခဲ့သည်။[5]

ကျူးဘားသည် လူဦးရေ (၁၁)သန်းကျော်ရှိသော ကျွန်းနိုင်ငံဖြစ်ပြီး ကရစ်ဘီယံပင်လယ် အတွင်း လူဦးရေ အထူထပ်ဆုံးသော တိုင်းပြည်ဖြစ်သည်။ ကျူးဘားတွင် ဒေသခံမဟုတ်သော တိုင်နို နှင့် ဆစ်ဘိုနီ (Ciboney) လူမျိုးစုများ၊ စပိန်ကိုလိုနီခေတ်အတွင်းက ကျွန်အဖြစ် ရောင်းချခြင်းခံရသော အာဖရိကသားများ စသည်ဖြင့် လူမျိုးစုံ၊ ယဉ်ကျေးမှုစုံ ရောနှောနေသည်။

ကျူးဘားသည် စာတတ်မြောက်မှုနှုန်း ၉၉.၈%ရှိသည်။[6][7] ဖွားသေနှုန်းမှာလည်း ဖွံ့ဖြိုးပြီး တိုင်းပြည်များထက်ပင် လျော့နည်းသေးသည်။[8] လူတစ်ဦးချင်း၏ မျှော်မှန်းနိုင်သော သက်တမ်းမှာလည်း ၇၇.၆၄ နှစ် ရှိသည်။ [6] ၂၀၀၆ခုနှစ် စာရင်းအရ လူသားဖွံ့ဖြိုးမှုညွှန်းကိန်း ၀.၈ ရှိသော လွန်စွာ ဖွံ့ဖြိုးနေသည့် တိုင်းပြည် ဖြစ်သည်။ [9].

ကျူးဘားကျွန်းမှာ အနောက်အိန္ဒိယ ကျွန်းစုများထဲတွင် အကြီးဆုံးနှင့် လူဦးရေအများဆုံး ဖြစ်၏။ ကျွန်း၏ ပုံသဏ္ဌာန် မှာ ငှက်၏လျှာကဲ့သို့ ခပ်ကွေးကွေး ဖြစ်၏။ ကျူဘားကျွန်းသည် မက္ကဆီကို ပင်လယ်ကွေ့အဝင်ဝ အလယ်တွင်ရှိသဖြင့် အဝကို ဝင်ပေါက်နှစ်ပေါက်ဖြစ်အောင် အညီအမျှ ပိုင်းခြားထား သကဲ့သို့ တည်ရှိနေလေသည်။ ထိုကျွန်းသည် ဖလော်ရီဒါ ပြည် နယ် ကီးဝက်မှ မိုင် ၁ဝဝ ခန့် ကွာ၍ ယုကတန်ကျွန်းဆွယ်မှ မိုင် ၁၃ဝ ဝေးသည်။ တောင်ဖက် ၈၅ မိုင်အကွာတွင် ဂျမေးကားကျွန်းနှင့် အရှေ့ဖက် မိုင် ၅ဝ ခန့်အကွာတွင် ဟေးတီး ကျွန်း ရှိလေသည်။ ကျူဘားကျွန်းသည် အလျားမိုင် ၇၃ဝ နှင့် အနံပျမ်းမျှမိုင် ၅ဝ ရှိ၏။ ဥိင်းအော့ပိုင်းအမည်ရှိသော ကျွန်းကလေးကို ထည့်သွင်းရေတွက်မည် ဆိုလျှင် ကျူဘားကျွန်း၏ အကျယ် အဝန်းမှ စတုရန်းမိုင်ပေါင်း ၃၄၆၇၄၈ ရှိလေသည်။ လူဦးရေမှာ ၁၉၅၂ ခုနှစ်တွင် ၅၅၂၃ဝဝဝ ဖြစ်၏။ ကျွန်း၏ ကမ်းရိုးတန်း တစ်လျှောက်တွင် ကျွန်းငယ်ကလေးများ၊ ပင်လယ်ကွေ့များ၊ ကျောက်ခက်တန်းများ ပေါများလှ၍ ကမ်းရိုးတန်း၏ အလျားမှာ ၂၂ဝဝ မိုင် ရှိလေသည်။


ပင်လယ်ကမ်းရိုးတန်းမှာ အကွေ့အကောက် များပြားလှသဖြင့် သင်္ဘောဆိပ်ကောင်းများ ရှိ၏။ ဆိပ်ကမ်းများတွင်ရှိသည့် ဟာဗားနားမြို့၊ ဆီယင်ဖွေးဂိုးမြို့နှင့် ဆန်တီယာဂိုဒီ ကျူဘားမြို့တို့မှာ ကြီးကျယ်သောသင်္ဘော ဆိပ်မြို့ကြီးများ ဖြစ်ကြသည်။ ဂွမ်တာနာမိုဆိပ်ကမ်းကို ရေတပ်စခန်းပြုလုပ်ရန် အမေရိကန်ပြည်ထောင်စုသို့ ငှါးထားလေသည်။ ကျူဘားကျွန်း၏ မြေမျက်နှာပြင်မှာ မညီညာလှချေ။ မြောက်ဘက်ကမ်းခြေပိုင်းတွင် မြေပြင်သည် အရှေ့ဘက်သို့ တဖြည်းဖြည်း မြင့်တက်သွားရာ၊ ကိပ်မေစီအငူစွန်းတွင် ပေ ၆ဝဝ ခန့် မြင့်လေသည်။ တောင်ဘက် ကမ်းခြေ၌ကား မြေမှာ နိမ့်၍ သဲဆန်လေသည်။ ကျွန်း၏အရှေ့ဘက်တွင် ဆီယယ်ရာမာအက်စတြာတောင်တန်းကြီးသည် ကိပ်ဒီကရုမှ ဆန်တီယာဂိုမြို့အထိ ဆန့်တန်းလျက် တည်ရှိသည်။ ကျူးဗားကျွန်းတွင် မြစ်ချောင်းပေါများသော်လည်း တိုတောင်းသောကြောင့် ရေကြောင်းသွားလာမှုအတွက် အသုံးမဝင်လှချေ။ ဥိရီရိန်းတေးနယ်တွင် ရှိသော ကော်တိုမြစ်သာလျှင် မိုင် ၂၅ဝ ရှည်၍ ၅၅ မိုင်အထိ လှေသင်္ဘော အငယ်စားများ ဆန်တက်သွားလာနိုင်သည်။


ကျူဘားကျွန်း၏ ထူးခြားချက်တစ်ခုမှာ မြေအောက်ဂူနှင့် ဥမင်လိုဏ်ခေါင်းများ ပေါများလှခြင်းပင် ဖြစ်၏။ ဥမင်လိုဏ်ခေါင်းများသည် မြေအောက်ရှိ ထုံးကျောက်များ ရှိရာနေရာများတွင် ဖြစ်ပေါ်လျက်ရှိရာ အချို့မြစ်ငယ်ချောင်းငယ်များသည် ထိုမြေအောက်ဥမင်များမှ စတင်ဖြစ်ပေါ်ကြ၍ အချို့ မြစ်များသည် ယင်းတို့ကို ဖြတ်သန်းစီးဆင်းကြလေသည်။ ကျူးဗားကျွန်းတွင် ခြောက်သွေ့သောရာသီနှင့် စိုစွတ်သောရာသီဟူ၍ ရာသီဥတုနှစ်မျိုးရှိ၏။ ခြောက်သွေ့သော ရာသီမှာ နိုဝင်ဘာလမှ ဧပြီလအထိ ဖြစ်၍ စိုစွတ်သောရာသီမှာ မေလမှ အောက်တိုဘာလအထိ ဖြစ်သည်။ ပင်လယ်မှ လေရသောကြောင့် အပူသက်သာ၏။ အတွင်းပိုင်းများမှာ သာ၍ အေး၏။ လေမုန်တိုင်းများလည်း မကြာခဏ ကျရောက် တတ်သည်။ ကျူဘားကျွန်းကို ၁၄၉၂ ခု အောက်တိုဘာလ ၂၇ ရက်နေ့တွင် ခရစ္စတိုဖာကိုလံဗပ်သည် အမေရိကတိုက်သို့ ပထမဆုံးအကြိမ် ရောက်ရှိစဉ်က စတင်တွေ့ရှိခဲ့လေသည်။ ထို့နောက် ၁၅၁၁ ခုနှစ်မှစ၍ ထိုကျွန်းကို စပိန်က ကိုလိုနီနယ်အဖြစ် တည်ထောင်အုပ်ချုပ်လာခဲ့ကြရာ၊ ၁၈၉၈ ခုနှစ်အထိ ကြာမြင့်ခဲ့၏။ ထိုနောက် စပိန်နှင့် အမေရိကန်ပြည်ထောင်စုတို့ စစ်မက်ဖြစ်ပွားကြသည်တွင် ကျူဘားကျွန်းကို စပိန်က လက်လွှတ်ရပြီးလျှင် စစ်ပြေငြိမ်းရေးစာချုပ်အရ အမေရိကန်ပြည်ထောင်စု စစ်ဖက်ဌာနမှ ယာယီသိမ်းပိုက်လေသည်။ ၁၉ဝ၂ ခုနှစ်တွင် ကျူဘားသမ္မတနိုင်ငံကို တည်ထောင်လိုက်ကြလေသည်။ ကျူဘားကျွန်းမှာ လယ်ယာစိုက်ပျိုးသော နိုင်ငံဖြစ်၍ ထိုကျွန်းရှိ လူဦးရေတဝက်ခန့်မှာ စိုက်ပျိုးရေးဖြင့် အသက်မွေးမြူကြသည်။

ကျွန်း၏တဝက်ခန့်မှာ သစ်တောများ ဖုံးလွှမ်းလျက် ရှိ၏။ နိုင်ငံခြားသို့ တင်ပို့ရသော ထွက်ကုန် များ၏ ၉ဝ ရာခိုင်နှုန်းမှာ လယ်ယာကိုင်းကျွန်းနှင့် သစ်တော များမှ ရရှိသောပစ္စည်းများ ဖြစ်သည်။ ကျူးဗားကျွန်းတွင် ကြံပင်၊ ဆေးရွက်၊ ငှက်ပျော၊ ကာဖီစသည်တို့ကို စိုက်ပျိုးကြ၏။ ထွက်ကုန်၏ ၈ဝ ရာခိုင်နှုန်းမှာ သကြားဖြစ်၍ ကမ္ဘာပေါ်တွင် ဒုတိယသကြားအထွက်ဆုံးသော နိုင်ငံဖြစ်သည့်ပြင်၊ ပထမတန်း ဆေးရွက်များထွက်သော နိုင်ငံလည်းဖြစ်လေသည်။ ကျူးဗားကျွန်းမှ သံ၊ ကြေးနီ၊ ကရိုမီယမ်၊ မန်ဂနိ စသော သတ္တုများထွက်သည်။ သကြားလုပ်ငန်း၊ အရက်ချက်လုပ်ငန်း၊ ဆေးလိပ်၊ စီးကရက်၊ ဆပ်ပြာ၊ ဦးထုပ်နှင့် ဖိနပ်လုပ်ငန်း များလည်း ထွန်းကား၍ ကျွန်း၏ လူဦးရေ ရာခိုင်နှုန်း ၂ဝ လောက်မှာ ထိုလုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်ကြ လေသည်။ စပိန်လူမျိုးတို့ ကြီးစိုးစဉ်က တိုင်းဦးသားလူမျိုးများအား လွန်စွာနှိပ်စက်သဖြင့် အမျိုးပျောက်လုနီးပါး ဖြစ်ခဲ့သည်။ ထို့ကြောင့် လယ်ယာစိုက်ပျိုးရေးကို ချဲ့ထွင်လုပ်ကိုင်ကြသော အခါ အာဖရိကတိုက်မှ နီးဂရိုးကပ္ပလီလူမျိုးတို့ကို အလုပ်ကြမ်း များ၌ အသုံးပြုရန် ခေါ်ယူရလေသည်။ ကျူးဗားကျွန်း၏လူဦးရေ ရ၅ ရာခိုင်နှုန်းမှာ လူဖြူများဖြစ်၍ ၂၄ ရာခိုင်နှုန်းမှာ နီးဂရိုး ကပ္ပလီလူမဲများ ဖြစ်ပြီးလျှင် ၁ ရာခိုင်နှုန်းမှာ တရုတ်လူမျိုးများ ဖြစ်လေသည်။ ဟာဗားနားမြို့သည် ကျူးဗားကျွန်း၏ မြို့တော်ဖြစ်၍ အကြီးဆုံးမြို့လည်း ဖြစ်သည်။ ထိုမြို့၏လူဦးရေမှာ ၆၇၁၇၆ ယောက်ဖြစ်၍ တက္ကသိုလ်ကျောင်းတစ်ခုရှိ၏။ အခြားမြို့ကြီး များမှာ သင်္ဘောဆိပ်မြို့များဖြစ်သော ဆန်တီယာဂိုဒီကျူးဗားနှင့် ဆီယင်ဖွေးဂိုးတို့ ဖြစ်လေသည်။[10]

ကိုးကား

  1. Anuario Estadístico de Cuba 2010, Oficina Nacional de Estadísticas, República de Cuba. Accessed on September 30, 2011.
  2. | Human Development Reports
  3. Thomas၊ Hugh (March 1971)။ Cuba; the Pursuit of Freedom။ New York: Harper & Row။ ISBN 0060142596
  4. Thomas၊ Hugh (1997)။ The Slave Trade : The Story of the Atlantic Slave Trade, 1440–1870။ New York, NY: Simon & Schuster။ ISBN 0684835657
  5. Remarks of Senator John F. Kennedy at Democratic Dinner, Cincinnati, Ohio John F. Kennedy Presidential Library & Museum - Jfklibrary.org (1960-10-06)။ 2010-11-07 တွင် ပြန်စစ်ပြီး။
  6. The World Factbook — Central Intelligence Agency
  7. unstats | Millennium Indicators Mdgs.un.org (2010-06-23)။ 2010-11-07 တွင် ပြန်စစ်ပြီး။
  8. CIA World Factbook
  9. http://assets.panda.org/downloads/living_planet_report.pdf
  10. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.