ကျောက်စာ

ရှေးလူများသည် အကြောင်းအရာတစ်ခု⁠ခုကို ပျောက်ပျက်မသွားရအောင် မှတ်သားထားလိုလျှင် ကျောက်တိုင်ကျောက်တုံးများတွင် ရေးထိုး၍ ထားတတ်ကြသည်။ ထိုသို့ ရေးမှတ်ထားခြင်းမျိုးကို ကမ္ပည်းကျောက်စာရေးထိုးသည်ဟူ၍ လည်းကောင်း၊ ကျောက်ထက်အက္ခရာတင်သည် ဟူ၍လည်းကောင်း ခေါ်ကြသည်။ ကျောက်စာများကို လေ့လာခြင်းဖြင့် ကျောက်စာရေးထိုးသော ခေတ်က ယုံကြည်မှု အယူဝါဒ၊ ယဉ်ကျေးမှု အနုပညာများနှင့် လူမှုဆက်ဆံရေးများကို မှန်းဆအကဲခတ်နိုင်ရကား ကျောက်စာများသည် နိုင်ငံသမိုင်းကို များစွာ အထောက်အကူ ပေးနိုင်လေသည်။ ကမ္ဘာပေါ်တွင် ကျောက်စာရေးထိုးခြင်းဓလေ့ ပေါ်ပေါက်သည်မှာ ဘီစီ ၃၆၀၀ ခန့်ကပင် ဖြစ်ဟန်တူသည်။ ရှေးဦးစွာ ကျောက်စာရေးထိုးသော လူမျိုးမှာ အီဂျစ်လူမျိုး ဖြစ်သည်။ အီဂျစ် ပြည်သားများသည် ဟိုင်ယာရိုဂလစ်ခေါ် ရုပ်ပုံစာ အမှတ်အသားဖြင့် ဘုရင်သင်္ချိုင်းများ၊ အထိမ်းအမှတ် အဆောက်အဦးများတွင် ရေးထိုးထားခဲ့ကြသည်။ ထိုနောက် နှစ်ပေါင်း ၂၀၀ ခန့်ကြာသောအခါ ဘေဘီလုံးနိုင်ငံနှင့် အခြားမြေထဲပင်လယ်ဒေသများတွင် စာရေးစာဖတ်ပညာများ တတ်မြောက်တိုးတက်လာခဲ့ရာ ထိုအရပ်ဒေသများတွင်လည်း ကျောက်စာရေးထိုးသော ဓလေ့များ ပေါ်ပေါက်လာလေသည်။ အီဂျစ်နိုင်ငံ၊ စပိန်နိုင်ငံနှင့် မြေထဲပင်လယ် အရှေ့ပိုင်းနိုင်ငံများတွင် တွေ့ရှိရသော ရုပ်ပုံစာအမှတ်အသား အမျိုးပေါင်း ၃၀၀ကျော်တို့မှာ တစ်နိုင်ငံနှင့် တစ်နိုင်ငံ များစွာ တူညီလေသည်။ အီဂျစ်နိုင်ငံ၌ ဘီစီ ၃၄၀⁠၀မှ ၂၇၀၀ အထိ နှစ်အမည်များကို ရေးမှတ်ထားခဲ့သော ကျောက်တုံးတစ်ခုကို တွေ့ရှိသဖြင့် ယခုအခါ စစ္စလီကျွန်း ပါလာမိုပြတိုက်တွင် ထားရှိလေသည်။ ထိုကျောက်တုံးကို ပါလာမိုကျောက်စာဟု ခေါ်တွင်လျှက် ရှိသည်။ ထိုမှတပါး ဘေဘီလုံးနိုင်ငံတွင် ဘီစီ ၂၀⁠၀၀ ကျော်က စိုက်ထူခဲ့သော ဟမ္မူရာဘီဘုရင်၏ ဥပဒေကျောက်စာတိုင်ကြီးသည်လည်းကောင်း၊ အဆီးရီးယားနိုင်ငံတွင် ဘီစီ ၇၀၀ ခန့်က ဆင်နာကရစ် ဘုရင် စိုက်ထူခဲ့သော ကျောက်စာတိုင်သည်လည်းကောင်း၊ ဘီစီ ၂၀၀ ခန့်က အီဂျစ်နိုင်ငံတွင် စိုက်ထူခဲ့သော ရိုဇက်တာကျောက်စာတိုင်လည်းကောင်း ထင်ရှားသော ကျောက်စာဟောင်းများ ဖြစ်သည်။ ရိုဇက်တာကျောက်စာတိုင်မှာ ဟိုင်ယာရိုဂ လစ်ဖစ်ခေါ် ရုပ်ပုံစာရေးနည်း၊ ဒီမိုတစ်ရေးနည်း၊ ဂရိရေးနည်းဟူ၍ ၃ မျိုး ရေးထိုးထားလေသည်။ ပြစ်သစ်လူမျိုး ရှမ်ပိုလီယန်ဆိုသူသည် ထိုကျောက်စာတွင် ပါရှိသော ရှေးအီဂျစ်စကားကို အနက်ဖော်ပြရာတွင် အနှစ် ၂၀ တိုင်⁠တိုင်ကြာမှ အောင်မြင်လေသည်။၊ ထိုကျောက်စာကို ယခုအခါ ဗြိတိသျှပြတိုက်တွင် တွေ့မြင်နိုင်သည်။ အမေရိကတွင်လည်း ရှေးဟောင်း ကျောက်စာများကို တွေ့ရှိရသည်။ မြောက်အမေရိကတိုက် မက္ကဆီကိုနိုင်ငံတောင်ပိုင်းတွင် နေထိုင်ကြခဲ့ကြသော "မာယာ"ခေါ် လူမျိုးတစ်မျိုးသည် ဘီစီ ၆၀⁠၀ ကျော်ကပင် ကျောက်စာရေးထိုးခြင်း ပြုလုပ်ခဲ့ကြသည်။ သူတို့ အသုံးပြုသော မှတ်သားနည်းမှလည်း ရုပ်ပုံရေးထိုး မှတ်သားနည်းပင် ဖြစ်သည်။ အိန္ဒိယနိုင်ငံတွင် ကျောက်စာရေးထိုးခြင်း ပေါ်ပေါက်သည့် ခေတ်မှာ ရှေးအီဂျစ်နိုင်ငံ ဘေဘီလုံးနိုင်ငံများ၏ ယဉ်ကျေးမှူးခေတ်နှင့် တစ်ခေတ်တည်းမှာပင် ဖြစ်သည်။ သိန္ဒုမြစ်ဝှမ်း မိုဟန်ဂျိုဒါရိုဟာရပ်ပ အရပ်များမှ တူးဖော်တွေ့ရှိရသော အချို့ကျောက်စာတို့ကို ယခုတိုင် အနက်ဖော်၍ မရရှိသေးချေ။ အိန္ဒိယနိုင်ငံ၌ အခြားထင်ရှားသော ကျောက်စာများမှာ ဘီစီ ၂၅၀ ခန့်က စိုက်ထူခဲ့သော သီရိဓမ္မာသောက ကျောက်စာများပင် ဖြစ်သည်။ သီရိဓမ္မာသောကမင်းတရားကြီးသည် ဗုဒ္ဓမြတ်စွာနှင့် စပ်လျဉ်းသည့် ထင်ရှားသော နေရာများတွင် အထိမ်းအမှတ် ကျောက်စာတိုင်များ စိုက်ထူခဲ့သည်သာမက မြတ်စွာဘုရားသခင်၏ ဆုံးမဩဝါဒများကိုလည်း နိုင်ငံတော်အတွင်း အနှံ့အပြား နေရာများ၌ ကျောက်ထက်တွင် ရေးထိုးစေခဲ့သည်။ သီရိဓမ္မာသောက ကျောက်စာများကို ဗြာဟ္မီအက္ခရာ၊ ခရော့ရှတီအက္ခရာများဖြင့် ရေးထိုးခဲ့လေသည်။ တရုတ်နိုင်ငံတွင် ဘီစီ ၂၀⁠၀၀ ခန့် ရှန်မင်းများလက်ထက်ကပင် စာပေရေးသားမှုကို တတ်မြောက်ကြသော်လည်း ကျောက်ထက်တွင် ရေးထိုးလေ့မရှိဘဲ ဆင်စွယ်၊ လိပ်ခွံ၊ အရိုးများနှင့် ဝါးများအပေါ်တွင်သာ ရေးမှတ်လေ့ရှိလေသည်။ ခရစ်သက္ကရာဇ် ၂၀၀ ခန့်တွင်မှ တရုတ်စာကောင်းပေကောင်းများကို ကျောက်ပြားများပေါ်တွင် ရေးထိုး၍ ထိုမှတဆင့် စက္ကူဖြင့် ကူးယူသော စနစ်ကို အသုံးပြုကြသည်။ မြန်မာနိုင်ငံတွင် ကျောက်စာရေးထိုးခြင်း အလေ့အထမှာ သရေခေတ္တရာခေတ်ကပင် စတင်ပေါ်ပေါက်ခဲ့လေသည်။ သရေခေတ္တရာမြို့ဟောင်းနေရာမှ တူးဖော်ရရှိသော ကျောက်အရိုးအိုးများတွင် ပျူဘုရင်ဘွဲ့များနှင့် ထိုမင်းများ၏ နတ်ရွာစံ သက္ကရာဇ်များ ရေးထိုးထားသည်ကို တွေ့ရသည်။ ပုဂံခေတ် မြန်မာလူမျိုးတို့သည် အထူးသဖြင့် ဘုရားကျောင်း ဆောက်၊ စသော ကုသိုလ်ကောင်းမှုများ ပြုပြီးသည့်အခါ အလှူပစ္စည်းစာရင်းနှင့်တကွ ဆုတောင်းစာ၊ ကျိန်စာများကို ကျောက်ထက်တွင် ရေးထိုးသောအားဖြင့် မှတ်တမ်းတင်ကြလေသည်။ မြန်မာနိုင်ငံအရပ်ရပ်တွင် ပျူ၊ မွန်စာ၊ မြန်မာစာ၊ ပါဠိစာ၊ သက္ကဋစာ စသည်တို့ဖြင့် ရေးထိုးထားသော ကျောက်စာအများတွေ့ရရှိရသည်။ ထိုပြင် ဒူးဂဏန်း ကြေးဂဏန်းများဖြင့် ရေးသားထားသော ကျောက်စာများလည်း ရှိသေးသည်။ မြန်မာနိုင်ငံအတွင်း တွေ့ရှိရသော ကျောက်စာများအနက် ပုဂံမြို့မှ မြစေတီကျောက်စာမှာ အထူးအရေးပါ အရာရောက်သော ကျောက်စာတစ်ခုဖြစ်သည်။ ထိုကျောက်စာမှာ အကြောင်းအရာ တစ်မျိုးတည်းကို ကျောက်တိုင် ၄ မျက်နှာတွင် မြန်မာ၊ မွန်၊ ပါဠိ၊ ပျူ တည်းဟူသော ဘာသာကြီး ၄ မျိုးဖြင့် အသီးသီး ရေးထိုးထားခဲ့လေသည်။ မြစေတီကျောက်စာကို လေ့လာခြင်းအားဖြင့် ပုဂံခေတ်၌ သုံးနှုန်းသော ဘာသာစကားများကို သိရှိနိုင်သည့်အပြင် မြန်မာနိုင်ငံသမိုင်းအတွက် သက္ကရာဇ် အထောက်အထားများကိုလည်း တိကျစွာ သိနိုင်ပေသည်။ ကမ္ဘာ့ကျောက်စာများ သမိုင်းတွင် ပဉ္စမသံဂါယနာတင် မင်းတုန်းမင်းတရားကြီး၏ ရေးထိုးခဲ့သော ပိဋိကတ်ကျောက်စာများသည်လည်း အရေးကြီးသော အခန်းတစ်ခုအဖြစ် ပါဝင်သည်။ ပဉ္စမသံဂါယနာတင်ပြီးနောက် မင်းတုန်းမင်းကြီးသည် ပိဋိကတ်တော်များ အဓွန်ရှည် တည်တံ့စေအံ့သောငှာ ဝိနည်း ပိဋိကတ်တော်ကို ကျောက်ချပ်ရေ ၁⁠၁၁ပေါ်တွင်လည်းကောင်း၊ အဘိဓမ္မာပိဋိကတ်တော်ကို ကျောက်ချပ်ရေ ၂၀၈ခုပေါ်တွင် လည်းကောင်း၊ သုတ္တန်ပိဋိကတ်တော်ကို ကျောက်ချပ်ရေ ၄၁၀ ပေါ်တွင်လည်းကောင်း၊ အသီးသီး ရေးထိုးကာ ကျောက်ထပ်အက္ခရာတင်တော်မူခဲ့သည်။ ကျောက်ချပ်ရေစုစုပေါင်း ၇၁၉ ချပ်ရှိ၍ ကမ္ပည်းရေးထိုးရာ၌ ၇နှစ်နှင့် ၅ လကျော်မျှ ကြာမြင့်လေသည်။ ထိုပိဋိကတ် ကျောက်စာတိုင်များကို ကုသိုလ်တော် ဘုရား စေတီမဟာရံအတွင်း လိုဏ်ဂူ ပြဿာဒ်များဖြင့် တည်ထားကိုးကွယ်တော်မူခဲ့သည်။ မြန်မာနိုင်ငံတွင် ကျောက်စာရေးထိုးခြင်းဓလေ့မှာ ယခုတိုင် ထင်ရှားလျက်ရှိသေးသည်။ သို့ရာတွင် ယနေ့ခေတ်ရေးထိုးသော ကျောက်စာများမှာ များသောအားဖြင့် မြန်မာဘာသာသက်သက်ဖြင့် ဖြစ်၍ ရေးထိုးပုံမှာလည်း ယခင်ခေတ် ကျောက်စာများ ရေးထိုးပုံနှင့် မတူပေ။ ရှေးခေတ်က မန်ကျည်းစေ့ အက္ခရာဖြင့် ရေးထိုးကြသော်လည်း နှောင်းခေတ်များ၌မူ အက္ခရာဝန်းဖြင့်သာ ရေးထိုးလေ့ရှိကြလေသည်။ [1]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အပိုင်း၂။ အတွဲက
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.