ကြက်တူရွေး
ကြက်တူရွေးသည် လှပသောငှက်မျိုး ဖြစ်သည်။ ကြက်တူရွေး၏ နှုတ်သီးသည် ပေါက်ပွင့်ကဲ့သို့ နီရဲ၍ ကောက်ချိတ်သည်။ အမွှေးအတောင်များသည် ပေါက်ရွက်ကဲ့သို့ စိမ်းစိုကြသည်။ ကြီးသောဦးခေါင်း၊ ရှည်၍သေးသွယ်သောအမြီးနှင့် တိုသောခြေထောက်များရှိသည်။ ခြေချောင်းများသည် ရှေ့နှင့် နောက်သို့ တစ်စုံစီ ထွက်နေကြသည်။ ကြက်တူရွေးအမျိုးမျိုးကို ကမ္ဘာပေါ်တွင် ဥရောပတိုက်မှအပ ကျန်တိုက်များနှင့် ကမ္ဘာ့ အပူပိုင်းဒေသများ၌ တွေ့မြင်ရသည်။
ကြက်တူရွေး | |
---|---|
မျိုးရိုးခွဲခြားခြင်း | |
လောက: | တိရစ္ဆာန် |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | ငှက် |
မျိုးစဉ်: | Psittaciformes |
ကြက်တူရွေးတို့သည် အုပ်သင်းဖွဲ့ကာ နေတတ်ကြသည်။ သစ်ပင်ကို ကုပ်ခြစ်တက်တတ်၍ ပင်မြင့်တွင်သာ ကျက်စားတတ်ကြသည်။ ယာခင်း၊ စပါးခင်း၊ ဥယျာဉ်တို့၌ သီးနှံများကို စားသောအခါ ဆူညံစွာ မြူးတူးလျက် မိမိတို့ စားနိုင်သည်ထက် ပိုမိုကိုက်ဖြတ် ဖျက်ဆီးတတ်ကြသည်။ ကြက်တူရွေးသည် အသိုက်မလုပ်ဘဲ သစ်ခေါင်းတွင် ဥ အုလေ့ ရှိသည်။ ဥ၏အရောင်မှာ ဖြူသည်။ အရွယ်မှာ ပျမ်းမျှအလျား တစ်လက်မသာသာရှိ၍ ပြက် ၂ လက်မသာသာရှိသည်။
'တမာလည်းနု ကျေးလည်းဥ၊' 'တမာလည်းရင့် ကျေးလည်းလွင့်' ဆိုသောစကားအတိုင်း နွေရာသီတွင် ဥ အု၍ နွေရာသီတွင်ပင် ပေါက်ကြသည်။ ဤငှက်မျိုးသည် အသက် ၇ဝ အထိပင် နေနိုင်သည်ဟု ဆိုသည်။ ကြက်တူရွေးသည် လူစကား ပြောသံကို အတုခိုးတတ်သည်။ စကားလုံးအနည်းငယ် သင်ထားလျှင် လိုက်ပြောနိုင်သည်။ 'ကြက်တူရွေးက တော်တော်၊ မယ်ဘော်ကကဲ' ဟူသောစကားပုံသည် စကားမပီကလာ ပြောတတ်သော ကြက်တူရွေးများကြောင့် ဖြစ်ပေါ်လာပေမည်။ ကြက်တူရွေးကို ကျေးဟူ၍လည်း ခေါ်သည်။[1]
မြန်မာနိုင်ငံတွင် တွေ့ရသောကြက်တူရွေးများကို ပါဏဗေဒ အလိုအားဖြင့် ၉ မျိုး ခွဲပြသည်။ ယင်းတို့မှာ
- ကြက်တော၊
- ကျေးကျုတ်၊
- ကျေးတမာ၊
- ကျေးကုလား၊
- ကျေးကုလားမ၊
- ကျေးသန္တာ၊
- ကျေးမြီးပြာ(ခ)ကျေးသန္တာခေါင်းပြာ၊
- [[မလေးကြက်တူရွေး(ခ)ကျေးသန္တာ ထိပ်ကွက်]]နှင့်
- အမြှီးရှည်ကြက်တူရွေးတို့ ဖြစ်ကြသည်။ နောက်ဆုံးအမျိုးကို တနင်္သာရီတောင်ပိုင်းတွင်သာ တွေ့ရသည်။
ဝေါဟာရလိနတ္ထဒီပနီကျမ်းပါ မြန်မာအစဉ်အလာအရ ကျေးရှစ်မျိုးရှိသည်။ ယင်းတို့မှာ
- ဖေါင်းကား၊
- တမာ၊
- ကျေးသန္တာ၊
- ကျေးဝါ၊
- ကျေးကျုတ်၊
- ကြက်တော၊
- ကုလား၊
- ကျေးပုဏ္ဏားတို့ ဖြစ်ကြသည်။
မြန်မာနိုင်ငံတွင် ကျေးနီ၊ ကျေးဝါနှင့် ကျေးပုဏ္ဏား စသော ကျေးမျိုးကို တွေ့ရသည်ဆိုသော်လည်း ယင်းတို့အကြောင်းကို စုံလင်စွာ မသိရသေးချေ။ [2]
ကိုးကား
- Kicau Mania Archived 14 December 2018 at the Wayback Machine.. "Bird singing information"
- မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)