ကွမ်​တမ်​သီ​အို​ရီ

ကွမ်တမ်သီအိုရီကို နားလည်ရန် ပထမ ဒြပ်၏ ဆောက်တည်ပုံကို အနည်းငယ်သိဖို့ လိုလေသည်။ ဒြပ်အားလုံးတွင် အက်တမ်ဟုခေါ်သော အလွန်သေးငယ်သည့် အမှုန်များ ပါရှိကြသည်။ အက်တမ်၏အလယ်တွင် နျူးကလီးယပ် ရှိသည်။ နျူးကလီးယပ်သည် အက်တမ်၏ အလေးချိန်စီးရာ ဖြစ်သည်။ နျူးကလီးယပ်ထဲတွင် အက်တမ်အောက် ငယ်သော ပရိုတွန်နျူထရွန်ခေါ် အမှုန်တို့နှင့်အတူ စွမ်းအင် ပါရှိသည်။ နျူးကလီးယပ်ပတ်လည်တွင် အီလက်ထရွန်ခေါ် အမှုန်များ ရှိသေးသည်။ အီလက်ထရွန်တို့သည် ကိုယ့်လမ်းနှင့်ကိုယ် နျူးကလီးယပ်ကို လှည့်ပတ်နေကြသည်။ အက်တမ်ဖွဲ့စည်းပုံ သည် နေစကြာဝဠာဖွဲ့စည်းပုံနှင့် ခပ်ဆင်⁠ဆင်တူရာ နျူးကလီး ယပ်သည် သဘောအားဖြင့် နေနှင့် တူ၍ အီလက်ထရွန်တို့ကား ဂြိုဟ်များနှင့် တူကြသည်။

အက်တမ်ဖွဲ့စည်းပုံ မပျက်ပြားသရွေ့ အီလထရွန်တို့သည် ဂြိုဟ်များ နေကို လှည့်ပတ်နေသကဲ့သို့ နျူးကလီးယပ်ကို လှည့်ပတ်၍နေကြသည်။ ထို့ပြင် အက်တမ်သည် စွမ်းအင်ကို ထုတ်လည်း မထုတ်လွှတ်၊ ယူလည်း မယူသွင်းချေ။ သို့ရာတွင် အပြင်မှအားတစ်ခု⁠ခုက အက်တမ်ဖွဲ့စည်းပုံကို ပျက်ပြားစေသော အခါ အီလက်ထရွန်များသည် မိမိတို့ သွားရာလမ်းမှ အခြားလမ်းသို့ ကူးပြောင်းသွားတတ်ကြသည်။ အီလက်ထရွန်တစ်ခု သည် မိမိသွားရာလမ်းမှ အတွင်းလမ်းသို့ ကူးသွားသောအခါ စွမ်းအင်တစ်ကွမ်တမ်ကို အက်တမ်က ထုတ်လိုက်သည်။ တစ်ဖန် အီလက်ထရွန်သည် မိမိသွားရာလမ်းမှ အပြင်လမ်းသို့ ကူးသွားသောအခါ စွမ်းအင် တကွမ်တမ်ကို အက်တမ်က ရရှိ လိုက်သည်။ ထိုအချက်ကို ခရစ် ၁၉ဝဝ ပြည့်နှစ်တွင် မက်စပလန့် ဆိုသူ ဂျာမန်ပါမောက္ခတစ်ဦးက သိရှိလေသည်၊ ကွမ်တမ်သီအိုရီအရ အလင်းရောင်နှင့်တကွ ဖြာထွက်မှုစွမ်းအင်ဟူသရွေ့တွင် အလွန်သေးငယ်သော စွမ်းအင်ကွမ်တမ်များ ပါရှိကြသည်။ လျှပ်စစ်စွမ်းအင်တွင် အီလက်ထရွန်သည် ဧကမူ ဖြစ်သကဲ့သို့ ဖြာထွက်မှုစွမ်းအင်ဟူသရွေ့တွင် ကွမ်တမ်သည် ဧကမူဖြစ်သည်။

စွမ်းအင်ကွမ်တမ်သီအိုရီသည် လှိုင်းသဘောဖြင့် သွားသော စွမ်းအင်မျိုးနှင့်သာ သက်ဆိုင်သည်။ ထိုစွမ်းအင်မျိုးကို ဖြာထွက်မှု စွမ်းအင်ဟု ခေါ်သည်။ ထိုစွမ်းအင်တို့တွင် အပူ၊ အလင်း၊ ရေဒီယမ်၊ အာထရာဗွိုင်အို လက်ရောင်ခြည် (ခရမ်းလွန်ရောင်ခြည်)၊ အိပ်စရေးရောင်ခြည်၊ ရေဒီယိုလှိုင်းနှင့် ကော့စမစ်ရောင်ခြည် (စကြာစဠာရောင်ခြည်)တို့ ပါဝင်ကြလေသည်။ ပစ္စည်းတစ်ခုသည် စွမ်းအင်ကို ထုတ်လွှတ်သောအခါ၌၎င်း၊ ယူသွင်းသောအခါ၌၎င်း၊ ထိုပစ္စည်းရှိ အက်တမ်ဟူသရွေ့သည် တုန်ခါလာကြသည်။ ပစ္စည်းတစ်ခုမှ စွမ်းအင်ထုတ်လွှတ်လျှင် ပစ္စည်းရှိအက်တမ်တိုင်း ၌ စွမ်းအင်အချို့ လျော့ပါးသွားသည်။ တစ်ဖန်ပစ္စည်းတစ်ခုသည် စွမ်းအင်ကို ယူသွင်းလျှင် ထိုပစ္စည်းရှိ အက်တမ်တိုင်းသည် စွမ်းအင်အချို့ကို ရရှိသည်။ အက်တမ်များ တုန်ခါစဉ် အလင်းရောင်ထွက်နေသည်။

ကွမ်တမ်သီအိုရီ ပေါ်လာခြင်းကြောင့် သိပ္ပံပညာသည် များစွာ တိုးတက်လာခဲ့သည်။ အက်တမ်စွမ်းအင်နှင့် စပ်လျဉ်း၍ သုတေသန ပြုလုပ်ရာ၌ အခက်အခဲများစွာကို ကွမ်တမ်သီအိုရီ အားဖြင့် ဖြေရှင်းနိုင်ခဲ့ကြလေသည်။ [1]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.