စိုက်ပျိုးမွေးမြူရေး

စိုက်ပျိုးမွေးမြူရေး ဆိုသည်မှာ အပင်များနှင့် ကျွဲနွားတိရစ္ဆာန်များကို ကြီးထွားအောင် မွေးမြူစိုက်ပျိုးခြင်းကို ခေါ်သည်။ [1] စိုက်ပျိုးမွေးမြူရေးသည် အတည်တကျနေထိုင်သော ယဉ်ကျေးမှုလောကများ ထွန်းကားလာခြင်း အတွက် အရေးပါသော ဖွံ့ဖြိုးမှုတစ်ခု ဖြစ်သည်။ လူတို့သည် ယဉ်ပါးအောင် ပြုလုပ်ထားသော မျိုးစိတ်များကို စိုက်ပျိုးမွေးမြူခြင်းဖြင့် အစားအစာ အပိုအလျှံများ ရရှိလာပြီး လူတို့အနေနှင့် မြို့ကြီးများတွင် အခြေချနေထိုင်နိုင်လာကြသည်။ စိုက်ပျိုးမွေးမြူရေး၏ သမိုင်းကြောင်းသည် လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာကပင် စတင်ခဲ့သည်။ လွန်ခဲ့သော နှစ်ပေါင်း ၁၀၅,၀၀၀ ခန့်တွင် လူတို့သည် ကောက်ပဲသီးနှံရိုင်းများကို စုဆောင်းရယူသည့် အလေ့အထ ပေါ်ပေါက်လာခဲ့ပြီးနောက် လွန်ခဲ့သော နှစ် ၁၁,၅၀၀ ခန့်မှ စတင်၍ အစကနဦး လယ်သမားများမှ စတင်စိုက်ပျိုးခဲ့ကြသည်။ ဝက်များ၊ သိုးများ နှင့် ကျွဲနွားများကို လွန်ခဲ့သော နှစ်ပေါင်း ၁၀,၀၀၀ ကျော်မှစ၍ ယဉ်ပါးအောင် မွေးမြူခဲ့ကြသည်။ အပင်များကို ကမ္ဘာပေါ်ရှိ တစ်ခုနှင့်တစ်ခု ဆက်စပ်မနေသော ဒေသ အနည်းဆုံး ၁၁ ခုတွင် စတင်စိုက်ပျိုးခဲ့ကြသည်။ ၂၁ ရာစုအတွင်း သီးနှံတစ်မျိုးတည်းကို အကြီးအကျယ် စိုက်ပျိုးထုတ်လုပ်သော စီးပွားဖြစ်စိုက်ပျိုးရေးလုပ်ငန်းများသည် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း၏ အထွက်နှုန်းကို လွှမ်းမိုးခဲ့သော်လည်း လူပေါင်း သန်း ၂ ထောင်ခန့်မှာ ၂၁ ရာစု ရောက်သည် အထိ တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးကို အားထားနေရဆဲပင် ဖြစ်သည်။

ထွန်စက်နှင့် နောက်တွဲတို့နှင့် အတူ ရိတ်သိမ်းစက် အသုံးပြု၍ ဂျုံရိတ်သိမ်း နေပုံ။

ခေတ်သစ် သီးနှံစိုက်ပျိုးရေးပညာ၊ အပင်ပျိုးထောင်ခြင်း နှင့် ပိုးသတ်ဆေးနှင့် ဓာတ်မြေဩဇာ အစရှိသော စိုက်ပျိုးရေးသုံး ဓာတုပစ္စည်းများ နှင့် နည်းပညာတိုးတက်မှုတို့က သီးနှံ အထွက်နှုန်းကို အလွန်ပင် မြင့်တက်လာစေခဲ့သော်လည်း ဂေဟစနစ် နှင့် သဘာဝပတ်ဝန်းကျင်တို့ အပေါ်တွင် ကျယ်ပြန့်စွာ ထိခိုက်ပျက်စီးစေခဲ့သည်။ မျိုးစိတ် အကောင်းရွေးချယ် မွေးမြူခြင်း နှင့် တိရစ္ဆာန်မွေးမြူရေးပညာတွင် အသုံးပြုသော ခေတ်မီနည်းလမ်းများကြောင့် အသားအထွက်တိုးစေခဲ့သော်လည်း တိရစ္ဆာန်တို့၏ အကျိုးနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတို့အတွက် စိုးရိမ်မှုများ ဖြစ်ပေါ်စေခဲ့သည်။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများတွင် ကမ္ဘာကြီး ပူနွေးလာမှုအား သက်ရောက်စေခြင်း၊ ရေအောင်းလွှားများ လျော့နည်းလာစေခြင်း၊ သစ်တောပြုန်းတီးခြင်း၊ ပဋိဇီဝဆေးဝါးများအတွက် ခုခံမှုများ တိုးမြှင့်လာခြင်း နှင့် စီးပွားဖြစ် အသားထုတ်လုပ်ရေးကြောင့် ဟော်မုန်းများ တိုးပွားလာခြင်း တို့ ဖြစ်သည်။ အချို့သော နိုင်ငံများတွင် တားမြစ်ကန့်သတ်ထားသော်လည်း မျိုးရိုးဗီဇအား ပြုပြင်ထားသော သတ္တဝါများကို ကျယ်ပြန့်စွာ အသုံးပြုလာကြသည်။

အဓိက စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ထွက်ကုန်များကို အစားအစာ၊ ဖိုင်ဘာ၊ လောင်စာနှင့် ကုန်ကြမ်း (ဥပမာ ရာဘာ) ဟု အုပ်စုဖွဲ့နိုင်သည်။ အစားအစာများတွင် ကောက်ပဲသီးနှံ၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ စားသုံးဆီ၊ အသား၊ နို့ ၊ မှိုနှင့် ဥများ ပါဝင်သည်။ ကမ္ဘာပေါ်ရှိ လုပ်သားထု၏ ၃ ပုံ ၁ပုံသည် စိုက်ပျိုးမွေးမြူရေး ကဏ္ဍတွင် လုပ်ကိုင်ကြပြီး ဝန်ဆောင်မှုကဏ္ဍပြီးလျှင် ဒုတိယနေရာတွင် လိုက်သည်။ သို့သော်လည်း ရာစုနှစ်ပေါင်းများစွာအတွင်း ဖွံ့ဖြိုးပြီးနိုင်ငံများတွင် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ လုပ်သား အရေအတွက် သိသာစွာ လျော့ကျလာခဲ့သည်။

အခေါ်အဝေါ် နှင့် နယ်ပယ်သတ်မှတ်ခြင်း

စိုက်ပျိုးမွေးမြူရေး၏ အင်္ဂလိပ်အသုံးအနှုန်း Agriculture သည် လက်တင်ဘာသာ "agricultura" မှ ကူးပြောင်းရယူထားသော အလယ်ခေတ်နှောင်းပိုင်း အင်္ဂလိပ်စကား ဖြစ်ပြီး ထိုစကားလုံးမှာလည်း ဂရိဘာသာ "ager" လယ်ကွင်း ဆိုသော စကားလုံးနှင့် "cultura" ပျိုးထောင်ခြင်း သို့မဟုတ် စိုက်ပျိုးခြင်း မှ ရယူထားခြင်း ဖြစ်သည်။ [2] စိုက်ပျိုးမွေးမြူရေးသည် လူတို့၏ လုပ်ဆောင်မှုများကို ပုံမှန်အားဖြင့် ရည်ညွှန်းလေ့ ရှိသော်လည်း ပုရွက်ဆိတ်များ၊ ခြများ နှင့် အမ်ဘရိုးရှား ပိတုန်းကောင်တို့သည်လည်း သီးနှံ စိုက်ပျိုးလေ့ ရှိသည်။ [3] စိုက်ပျိုးမွေးမြူရေး၏ နယ်ပယ်ကို အမျိုးမျိုး သတ်မှတ်လေ့ ရှိကြသော်လည်း ကျယ်ပြန့်စွာ ရှုမြင်မည်ဆိုပါက သဘာဝအရင်းအမြစ်များကို ကို အသုံးပြု၍ "လူတို့၏ ဘဝကို အသက်ဆက်နိုင်မည့် ထုတ်ကုန်များဖြစ်ကြသော အစားအစာ၊ ဖိုင်ဘာ၊ သစ်တောထွက်ကုန်များ၊ ပန်းမန်များ နှင့် ၎င်းတို့နှင့် သက်ဆိုင်သော ဝန်ဆောင်မှုများကို ထုတ်လုပ်ခြင်း ဟု ဖွင့်ဆိုနိုင်သည်။ [4] ထို့အတွက်ကြောင့် ဖွင့်ဆိုချက်တွင် ထွန်ယက်စိုက်ပျိုးခြင်း၊ ပန်းမန်များကို စိုက်ပျိုးခြင်း၊ တိရစ္ဆာန် မွေးမြူခြင်း နှင့် သစ်တောလုပ်ငန်းတို့ ပါဝင်သည်။ သို့သော်လည်း ပန်းမန် စိုက်ပျိုးခြင်းနှင့် သစ်တောလုပ်ငန်းကို အမြဲဆိုသလို ထည့်သွင်းခြင်း မရှိဘဲ ချန်ထားလေ့ ရှိသည်။[4]

သမိုင်းကြောင်း

မူလအစ

မူလ စတင်ရာ ဗဟိုချက်မ နေရာများကို နီကိုလိုင်း ဗာဗီလော့မှ ၁၉၃၀ ခုနှစ်များ တွင် အမှတ်စဉ်တပ်ခဲ့သည့်အတိုင်း ဖော်ပြထားသည်။ ဧရိယာ အမှတ် ၃ (မီးခိုးရောင်) အား မူလ စတင်ရာ ဗဟိုချက်မ အဖြစ် မသတ်မှတ်တော့ပေ။ ပါပူအာ နယူးဂီနီနိုင်ငံ (ဧရိယာ ပီ၊ လိမ္မော်ရောင်) အား မကြာမီက ထုတ်ဖော် သတ်မှတ်ခဲ့သည်။[5][6]

စိုက်ပျိုးမွေးမြူရေးတွင် ဖွံဖြိုးတိုးတက်မှုကြောင့် အမဲလိုက်စုဆောင်းစဉ်က ရှိနိုင်သော လူဦးရေထက် အဆပေါင်းများစွာ တိုးပွားလာနိုင်ခဲ့သည်။[7] စိုက်ပျိုးမွေးမြူရေးသည် ကမ္ဘာကြီး၏ ကွဲပြားခြားနားသော နေရာများတွင် သီးခြားစီ စတင်ခဲ့ပြီး[8] ကွဲပြားခြားနားသော မျိုးစိတ် အမျိုးမျိုး ပါဝင်ခဲ့ကာ အနည်းဆုံး မူလ စတင်ရာ ဗဟိုချက်မ ၁၁ ခု အထိ ရှိသည်။[5] ကောက်ပဲသီးနှံရိုင်းများကို စုဆောင်းပြီး စားသုံးခဲ့သည်မှာ အနည်းဆုံး လွန်ခဲ့သော နှစ်ပေါင်း ၁၀၅,၀၀၀ ခန့်ကတည်းက ဖြစ်သည်။[9] လွန်ခဲ့သော နှစ်ပေါင်း ၁၁,၅၀၀ နှစ် ခန့်ကပင် ကျောက်ခေတ်သစ်တွင် ရှာဖွေတွေ့ရှိခဲ့သည့် ကောက်ပဲသီးနှံ ၈ မျိုးဖြစ်သော အမ်းမာဂျုံ၊ အိုင်ကွန်းဂျုံ၊ အခံချွတ်ထားသော ဘာလီ၊ ပဲနီလေး၊ တောပဲရိုင်းခါး၊ ကုလားပဲ နှင့် နှမ်းကြတ် တို့ကို လဲဗန့်ဒေသတွင် စိုက်ပျိုးခဲ့ကြသည်။ [10]စပါးကို တရုတ်နိုင်ငံတွင် ဘီစီ ၁၁,၅၀၀ မှ ဘီစီ ၆,၂၀၀ ကြားတွင် စတင်၍ ယဉ်ပါးအောင် လုပ်ယူခဲ့ကြပြီး အစောဆုံး စိုက်ပျိုးမှုမှာ ဘီစီ ၅,၇၀၀ ခုနှစ်တွင် ဖြစ်သည်။ ဆက်လက်၍ ပဲတီစိမ်း၊ ပဲပိစပ် နှင့် အဇူကီပဲ တို့ကို စိုက်ပျိုးခဲ့ကြသည်။ သိုးတို့အား မက်ဆိုပိုတေးမီးယားတွင် လွန်ခဲ့သော နှစ်ပေါင်း ၁၃,၀၀၀ မှ ၁၁,၀၀၀ အတွင်းတွင် ယဉ်ပါးအောင် ပြုလုပ်ခဲ့ကြသည်။[11] ကျွဲနွားများကို အောရော့ချ်ဟု အမည်ရသော နွားရိုင်းတစ်မျိုးမှ ယနေ့ခေတ် တူရကီနိုင်ငံနှင့် ပါကစ္စတန်နိုင်ငံ နေရာတွင် လွန်ခဲ့သော နှစ်ပေါင်း ၁၀,၅၀၀ ခန့်က စတင်၍ ယဉ်ပါးအောင် မွေးမြူခဲ့ကြသည်။[12]ဝက်မွေးမြူရေးမှာ ယူရေးရှားတွင် စတင်ပေါ်ပေါက်ခဲ့ပြီး ဥရောပ၊ အရှေ့အာရှ နှင့် အနောက်တောင် အာရှတို့ အပါအဝင် ဖြစ်ပြီး[13] ထိုဒေသတို့တွင် တောဝက်ကို လွန်ခဲ့သော နှစ်ပေါင်း ၁၀,၅၀၀ ခန့်ကပင် စတင်၍ ယဉ်ပါးအောင် မွေးမြူခဲ့ကြသည်။[14] တောင်အမေရိကရှိ အင်န်ဒီးစ် တောင်တန်း ဒေသများတွင် အာလူး ကို လွန်ခဲ့သော နှစ်ပေါင်း ၁၀,၀၀၀ မှ ၇,၀၀၀ အတွင်း စတင်၍ ယဉ်ပါးအောင် ပြုလုပ်ခဲ့ကြပြီး ပဲ၊ လာမာကုလားအုပ်အယ်လပါကာကောင် နှင့် ပူး တို့နှင့် အတူတူ ဖြစ်သည်။ ကြံ နှင့် အခြားသော အမြစ်စား ဟင်းသီးဟင်းရွက် အချို့ကို နယူးဂီနီ တွင် လွန်ခဲ့သော နှစ်ပေါင်း ၉,၀၀၀ ခန့်က စတင်၍ ယဉ်ပါးအောင် ပြုလုပ်ခဲ့ကြသည်။ ပြောင်းမျိုးနှံစားပင်ကို လွန်ခဲ့သော နှစ်ပေါင်း ၇,၀၀၀ ခန့်က အာဖရိကရှိ ဆာဟယ် ဒေသတွင် စတင်၍ ယဉ်ပါးအောင် ပြုလုပ်ခဲ့ကြသည်။ ဝါကို ပီရူးနိုင်ငံတွင် လွန်ခဲ့သော နှစ်ပေါင်း ၅,၆၀၀ ခန့်က စတင်၍ ယဉ်ပါးအောင် ပြုလုပ်ခဲ့ကြပြီး [15] ၎င်းနှင့် မဆက်စပ်သော ယူရေးရှားတွင်လည်း သီးသန့် ယဉ်ပါးအောင် ပြုလုပ်ခဲ့ကြသည်။ မီဆို အမေရိကားတွင် အဆံရှိသည့် မြက်ပင်မျိုးနွယ်ဖြစ်သော တီယိုဆင်တီပင်အား လွန်ခဲ့သော နှစ်ပေါင်း ၆,၀၀၀ ခန့်က ပြောင်းအဖြစ် ပြောင်းလဲ စိုက်ပျိုးခဲ့ကြသည်။[16] ပညာရှင်များက စိုက်ပျိုးမွေးမြူရေးနှင့် ပတ်သက်သော မူလရင်းမြစ်နှင့် ပတ်သက်၍ ထင်မြင်ယူဆချက် အမျိုးမျိုး ပေးကြသည်။ မုဆိုး-စုဆောင်းသူများ အဖြစ်မှ စိုက်ပျိုးမွေးမြူရေးလုပ်သော လူ့အဖွဲ့အစည်းအဖြစ် ပြောင်းလဲလာခြင်းအား လေ့လာကြည့်ရာတွင် တွေ့ရှိချက်များအရ အစကနဦးကာလများတွင် လူများ ပိုမို စုဝေးလာခြင်းနှင့် အခြေချနေထိုင်မှု များပြားလာခြင်း တို့ကြောင့် ဖြစ်ပြီး ဥပမာအား လဲဗန့်ဒေသရှိ နာတူဖီယန် ယဉ်ကျေးမှု နှင့် တရုတ်ပြည်ရှိ အစောပိုင်း တရုတ် ကျောက်ခေတ်သစ် တွင် တွေ့နိုင်သည်။ ထို့နောက်တွင် ယခင်က အရိုင်းအနေနှင့် ရိတ်သိမ်းခဲ့ကြသော ကောက်ပဲသီးနှံများကို စတင် စိုက်ပျိုးလာကြပြီး တဖြည်းဖြည်းချင်း ယဉ်ပါးအောင် ပြုလုပ်လာခဲ့ကြသည်။ [17][18][19]

အမျိုးအစား


ကိုးကား

  1. Safety and health in agriculture။ International Labour Organization။ 1999။ p. 77။ ISBN 978-92-2-111517-5။ 22 July 2011 တွင် မူရင်းမှ မော်ကွန်းတင်ပြီး 13 September 2010 တွင် ပြန်စစ်ပြီးdefined agriculture as 'all forms of activities connected with growing, harvesting and primary processing of all types of crops, with the breeding, raising and caring for animals, and with tending gardens and nurseries'.
  2. Chantrell, Glynnis, ed. (2002)။ The Oxford Dictionary of Word Histories။ Oxford University Press။ p. 14ISBN 978-0-19-863121-7
  3. "The Evolution of Agriculture in Insects" (December 2005). Annual Review of Ecology, Evolution, and Systematics 36: 563–595. doi:10.1146/annurev.ecolsys.36.102003.152626.
  4. Definition of Agriculture State of Maine။ 23 March 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 6 May 2013 တွင် ပြန်စစ်ပြီး။
  5. "Current perspectives and the future of domestication studies" (2014). PNAS 111 (17): 6139–6146. doi:10.1073/pnas.1323964111. PMID 24757054. Bibcode: 2014PNAS..111.6139L.
  6. "Origins of Agriculture at Kuk Swamp in the Highlands of New Guinea" (2003). Science 301 (5630): 189–193. doi:10.1126/science.1085255. PMID 12817084.
  7. Bocquet-Appel, Jean-Pierre (29 July 2011). "When the World's Population Took Off: The Springboard of the Neolithic Demographic Transition". Science 333 (6042): 560–561. doi:10.1126/science.1208880. PMID 21798934. Bibcode: 2011Sci...333..560B.
  8. Stephens, Lucas (2019-08-30). "Archaeological assessment reveals Earth's early transformation through land use" (in en). Science 365 (6456): 897–902. doi:10.1126/science.aax1192. ISSN 0036-8075. PMID 31467217.
  9. Harmon၊ Katherine (17 December 2009)။ "Humans feasting on grains for at least 100,000 years"Scientific American။ 17 September 2016 တွင် မူရင်း အား မော်ကွန်းတင်ပြီး28 August 2016 တွင် ပြန်စစ်ပြီး
  10. "Fire and flood management of coastal swamp enabled first rice paddy cultivation in east China" (2007). Nature 449 (7161): 459–462. doi:10.1038/nature06135. PMID 17898767. Bibcode: 2007Natur.449..459Z.
  11. Ensminger၊ M. E.; Parker, R. O. (1986)။ Sheep and Goat Science (Fifth ed.)။ Interstate Printers and Publishers။ ISBN 978-0-8134-2464-4
  12. McTavish, E. J. (2013). "New World cattle show ancestry from multiple independent domestication events". PNAS 110 (15): E1398–1406. doi:10.1073/pnas.1303367110. PMID 23530234. Bibcode: 2013PNAS..110E1398M.
  13. Larson, Greger (2005-03-11). "Worldwide Phylogeography of Wild Boar Reveals Multiple Centers of Pig Domestication". Science 307 (5715): 1618–1621. doi:10.1126/science.1106927. PMID 15761152. Bibcode: 2005Sci...307.1618L.
  14. Larson, Greger (25 September 2007). "Ancient DNA, pig domestication, and the spread of the Neolithic into Europe". PNAS 104 (39): 15276–15281. doi:10.1073/pnas.0703411104. PMID 17855556. Bibcode: 2007PNAS..10415276L.
  15. Broudy၊ Eric (1979)။ The Book of Looms: A History of the Handloom from Ancient Times to the Present။ UPNE။ p. 81။ ISBN 978-0-87451-649-4။ 10 February 2018 တွင် မူရင်းမှ မော်ကွန်းတင်ပြီး
  16. Johannessen, S.; Hastorf, C. A. (eds.) Corn and Culture in the Prehistoric New World, Westview Press, Boulder, Colorado.
  17. Hillman, G. C. (1996) "Late Pleistocene changes in wild plant-foods available to hunter-gatherers of the northern Fertile Crescent: Possible preludes to cereal cultivation". In D. R. Harris (ed.) The Origins and Spread of Agriculture and Pastoralism in Eurasia, UCL Books, London, pp. 159–203. ISBN 9781857285383
  18. Sato, Y. (2003) "Origin of rice cultivation in the Yangtze River basin". In Y. Yasuda (ed.) The Origins of Pottery and Agriculture, Roli Books, New Delhi, p. 196
  19. Gerritsen, R. (2008)။ "Australia and the Origins of Agriculture"။ Encyclopedia of Global Archaeology။ Archaeopress။ pp. 29–30။ doi:10.1007/978-1-4419-0465-2_1896ISBN 978-1-4073-0354-3
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.