ဆစ်ကင်ပြည်နယ်

ဆစ်ကင် (အင်္ဂလိပ်: Sikkim)သည် အိန္ဒိယနိုင်ငံ၏ အစောင့်အရှောက်ခံ ပြည်နယ်တစ်ခုဖြစ်သည်။ ဟိမဝန္တာတောင်တန်း၏ အရှေ့ဖျားတွင် တည်ရှိ၍၊ အကျယ်အဝန်းမှာ ၂၇၄၅ စတုရန်းမိုင်ဖြစ်၏။ အနောက်ဘက်တွင် ဆစ်ကင်ပြည်နယ်နှင့် နီပေါနိုင်ငံကို ပိုင်း ခြားထားသော ဆင်ဂလီလာတောင်တန်းရှိသည်၊ ချီယာဘန်ဂျလာ တောင်တန်းလမ်းဖြင့် ထိုတောင်တန်းကို ဖြတ်သန်းသွားလာနိုင်သည် အရှေ့ဘက်တွင် ချိုလာတောင်တန်းသည် တိဗက် နိုင်ငံနှင့် ဆစ်ကင်ပြည်နယ်တို့ကို ပိုင်းခြားထားသည်။ ထို တောင်တန်းတွင် နားတူလားတောင်ကြားလမ်းနှင့် ဂျယ်လယ် ပလားတောင်ကြားလမ်းတို့ ရှိသည်။ ဤကဲ့သို့ တောင်တန်း နှစ်ခုအကြားတွင် တည်ရှိသော ဆစ်ကင်ပြည်နယ်မှာ တောင်ကုန်းတောင်စဉ်ထူထပ်လှသည်။ တောင်ကြားချိုင့်ဝှမ်းပေါများ လှ၏။ တောင်တန်းများ၌ ပေ ၁၇ဝဝဝ အထက်တွင် ဆီးနှင်းများကို မပြတ်မလပ် တွေ့ရသည်။ ပေ ၁၂ဝဝဝ နှင့် ၁၅ဝဝဝ အကြားတွင် ကုန်းပြင်မြင့်အနည်းငယ်ကို ကြိုးကြားတွေ့ရ၏။ ထိုကုန်းပြင်မြင့်များ၌ ရေအိုင်ငယ်အချို့ရှိသည်။ သစ်တောများမှာ ပေ ၉ဝဝဝ နှင့် ၁၂ဝဝဝ မြင့်သော တောင်စောင်းများတွင် တည်ရှိသည်။ ထိုထက်နိမ့်သော ဒေသများ၌ သီးနှံ စိုက်ပျိုးလုပ်ကိုင်ကြသည်။ ပေ ၆၅ဝဝ နှင့် ပေ ၄၅ဝဝ အကြား တောင်စောင်းများတွင် ခုတ်ထွင်ရှင်းလင်းပြီးသော်၊ ဖူးပြောင်း၊ နှံစားပြောင်းနှင့် ပဲမျိုးစုံစိုက်ပျိုးသည်။ တဖန် ထိုထက်နိမ့်သော အပိုင်းများ၌ တောင်စောင်းများကို လှေကား ထစ်များသဖွယ်ပြု၍၊ ရေသွင်းပေးနိုင်သော နေရာများတွင် စပါးကို စိုက်ပျိုးကြ၏။ ထင်ရှားသော မြစ်မှာ တစ်စတားမြစ် ဖြစ်သည်။

ဂုရု ရင်ပိုချီ ရုပ်တု(ပေ ၁၂၀ မြင့်သည်)
ဆစ်ကင်ပြည်နယ်အား ဖော်ပြထားသည့် မြေပုံ
ဆစ်ကင်ပြည်နယ် အစိုးရအလံ

တောင်ကုန်းများသည် အမြင့်ပေ ၁ဝဝဝ မှ ၂၈ဝဝဝ အထိရှိသောကြောင့် အနိမ့်အမြင့်ကိုလိုက်၍ ဆစ်ကင်ပြည်နယ်၏ ရာသီဥတုမှာ အမျိုးမျိုးကွဲပြားခြားနားနေလေသည်။ ဆစ် ကင်ပြည်နယ်သည် မုတ်သုန်လေကို ရသောကြောင့် မိုးသည်းထန်စွာ ရွာသွန်းသော ဒေသဖြစ်သည်။

ဆစ်ကင်ပြည်နယ်မှ ကြေးနီအနည်းငယ်တူးဖော်ရရှိသည်။ ပြောင်း၊ ဆန်စပါး၊ လိမ်မော်သီး၊ သစ်သော့သီးနှင့် သိုးမွှေးထည်များ ထွက်သည်။ ဆစ်ကင်ပြည်နယ်၌ တိဗက်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့၏ ကုန်သွယ်ရာလမ်းကြောင်း ဖြတ်သန်းလျက် ရှိသည်။

ဆစ်ကင်ပြည်နယ်တွင် နေထိုင်သူများမှာ နီပေါလူမျိုး၊ ဘူတီးယားလူမျိုးနှင့် လက်ပချာလူမျိုးများ ဖြစ်ကြသည်။ အများဆုံးမှာ နီပေါလူမျိုးဖြစ်သည်၊ လက်ပချာလူမျိုးတို့သည် လျှိုမြောင်တောင်ကြားလမ်းတို့၌ နေထိုင်သူများဖြစ်၍၊ ဆစ်ကင်ပြည်နယ်တွင် အစောဆုံး နေထိုင်ခဲ့ကြသူများ ဖြစ်ဟန်တူ၏။ အင်ဒိုချိုင်းနား အနွယ်များဖြစ်သည်ဟုလည်း ယူဆရ၏။ ဘူတီးယားလူမျိုးများသည် တောင်ကုန်ပြင်မြင့်များတွင်နေထိုင်၍၊ နွားမွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်ကြသည်။ နီပေါလူမျိုးများ သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းဖြင့် အသက်မွေးကြသည်။ ဆစ်ကင်ပြည်နယ်သားတို့၏ သက်ဝင်ယုံကြည်သော အယူဝါဒ များမှာ ဗုဒ္ဓအယူဝါဒနှင့် ဟိန္ဒူအယူဝါဒတို့ဖြစ်သည်။ ဆစ်ကင်ပြည်နယ်၏မြို့တော်မှာ ဂန်းတုတ်မြို့ဖြစ်သည်။ ရီနော့၊ ရင်းပို၊ လာချန်း၊ လာချွန်တို့မှာ ထင်ရှားသောမြို့များ ဖြစ်ကြသည်။ ဆစ်ကင်ပြည်နယ်၏ လူဦးရေမှာ ၁၉၅၁ ခုနှစ်တွင် ၁၃၅၆၄၆ ယောက်ဖြစ်သည်။

၁၈၇၆ ခုနှစ် ဆစ်ကင်ပြည်နယ်၏ မြေပုံ

ဆစ်ကင်ပြည်နယ်ကို ရှေးကအုပ်စိုးခဲ့သူများမှာ တိဗက် လူမျိုးများဖြစ်၏။ ၁၆၄၁ ခုနှစ်တွင် ယင်းတို့သည် ဆစ်ကင်ပြည်နယ်ရှိ လက်ပချာလူမျိုး အကြီးအကဲများကို နှိမ်နင်းအောင် မြင်သဖြင့် ဆစ်ကင်ကို အုပ်ချုပ်စိုးမိုးခဲ့၏။ လာမားဗုဒ္ဓအယူဝါဒကို နိုင်ငံတော်အယူဝါဒအဖြစ် သတ်မှတ်ခဲ့၏။ ၁၈ ရာစုနှစ် အကုန်အထိ ဆစ်ကင်မှာ တိဗက်၏ လက်အောက်ခံဖြစ်ခဲ့လေ သည်။ ၁၈၉ဝ ပြည့်နှစ်၌ အိန္ဒိယပြည်မှ ဘုရင်ခံချုပ်နှင့် တရုတ်နိုင်ငံမှ ကိုယ်စားလှယ်တို့သည် ဆစ်ကင်ပြည်နယ်အား ဗြိတိသျှ အစောင့်အရှောက်ခံ ပြည်နယ်အဖြစ် အသိအမှတ်ပြုရန် စာချုပ်တစ်ရပ် လက်မှတ်ထိုးခဲ့ကြသည်။ ဗြိတိသျှတို့ခန့်အပ်သော နိုင်ငံရေးအရာရှိ တစ်ယောက်၊ မဟာရာဇာနှင့် ကောင်စီ အဖွဲ့ဝင်များသည် ဆစ်ကင်ပြည်နယ်အုပ်ချုပ်မှုကို တာဝန်ယူ၍ ဆောင်ရွက် ကြရသည်။ ၁၉၄၇ ခုနှစ်တွင် ဆစ်ကင်သည် လွတ်လပ်သော နိုင်ငံတစ်ခုဖြစ်လာသည်။ ၁၉၄၉ ခုနှစ်တွင် ဆစ်ကင်ပြည်အုပ်ချုပ်ရေးကို အိန္ဒိယအစိုးရက တာဝန်ယူခဲ့လေသည်။ အိန္ဒိယမှ နိုင်ငံရေးအရာရှိတစ်ဦးက ယာယီအားဖြင့် အုပ်ချုပ်ခဲ့ရလေသည်။ ၁၉၅ဝ ပြည့်နှစ်တွင်မူ အိန္ဒိယအစိုးရ၏ အစောင့်အရှောက်ခံပြည်နယ်အဖြစ် ဆက်လက်ထားရန် နှစ်ဦးနှစ်ဘက် စာချုပ်ချုပ်ဆိုခဲ့လေသည်။[1]

ဆစ်ကင်မြောက်ဘက်ပိုင်းရှိ တောင်တန်းများ

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.