မဇ္ဈဒေသ ပြည်နယ်

မဇ္ဈဒေသပြည်နယ်သည် အိန္ဒိယပြည်ထောင်စုတွင် ပါဝင်သော ပြည်နယ်တစ်ခုဖြစ်၍ ရှေးဗြိတိသျှ လက်ထက်က ဗဟိုစီရင်စုနှင့် ဝိဟာရ်အလယ်ပိုင်းပြည်နယ်စုနှင့် ဗီရာနယ်တို့ကို ခေါ်ဝေါ်သော အမည်သစ်ပင်ဖြစ်၏။ ၁၉၅၆ ခုနှစ်၌ အိန္ဒိယနိုင်ငံရှိ ပြည်နယ်များကို နယ်နိမိတ် ပြန်လည် သတ်မှတ်ပြီးသည်နောက် ယခုအခါ မဇ္ဈဒေသပြည်နယ်၏ အကျယ်အဝန်းသည် စတုရန်းမိုင် ၁၇၁,၂၁၀ မဇ္ဈဒေသဟူသော အမည်နှင့်အညီ အိန္ဒိယနိုင်ငံ၏ အလယ်ပိုင်း အချက်အခြာဒေသတွင်တည်ရှိ၏။ အရှေ့မြောက်ဖက်တွင် ဗီဟာ ၊ အရှေ့တောင်ဖက်တွင် ဩရိဿ၊ တောင်ဖက်အရှေ့ယွန်းယွန်းတွင် အန္ဓရဒေသ၊ အနောက်တောင်ဖက်တွင် ဘုံဘိုင်ပြည်နယ် ၊ အနောက်မြောက်ဖက်တွင် ရာဇဌာန်၊ မြောက်ဖက်တွင် ဥတ္တရဒေသပြည်နယ်များဖြင့် ပတ်ရံလျက်ရှိသည်။ မဇ္ဈဒေသပြည်နယ်၏ ရုံးစိုက်မြို့သည် ဗိုပါမြို့ဖြစ်၏။

ဝိန္ဓိယတောင်တန်းနှင့် ဆတ်ပူရတောင်တန်းများသည် မဇ္ဈဒေသပြည်နယ်တွင် အနောက်မြောက်ဖက်၌ ပြတ်တောင်းပြတ်တောင်းတည်ရှိသည်။ မဟာနဒီမြစ်၏ အထက်ပိုင်းသည် ဤပြည်နယ်တွင်ပါဝင်သည်။ ရာသီဥတုအားဖြင့်မူ ကုန်မြင့်၌ အပူအအေးညီမျှ၍ မြစ်ဝှမ်း၌မူ အိုက်သည်။ မိုးအသင့်အတင့် ရွာသည်။ မဇ္ဈဒေသ ပြည်နယ်မှ သံရိုင်း၊ မန်ဂနိ ၊ မဂ္ဂနီဆိုက် ၊ ဗောက်ဆိုက် ၊ ကျောက်မီး သွေးစသည်တို့ ထွက်သည်။ လယ်ယာစိုက်ပျိုးခြင်းသည် အဓိကလုပ်ငန်းဖြစ်လျက ဆန်စပါး၊ ဂျုံ၊ နှံစားပြောင်း၊ ဝါဂွမ်း၊ လူး၊ ဆပ်တို့ထွက်၏။ ဘိလတ်မြေလုပ်ငန်း သည် လုပ်ငန်းကြီးတစ်ခု ဖြစ်၏။ လမ်းပန်းဆက်သွယ်ရေးအားဖြင့် မီးရထားလမ်း ကောင်းများ၊ မော်တော်ကား လမ်းကောင်းများရှိ၏။ မဇ္ဈဒေသပြည်နယ်တွင် နေထိုင်သူ အများစုမှာ ဟိန္ဒူလူမျိုးများဖြစ်၍ အများပြော စကားမှာလည်း ဟင်ဒီဘာသာစကားဖြစ်၏။ပြည်နယ်တွင်းရှိ လူဦးရေမှာ ၁၉၅၉ ခုနှစ်တွင် ခန့်မှန်းခြေ ၂၆၇၁၆၃၇ ဖြစ်၏။

ခရစ် ၁၈၅၃ ခုနှစ်၌ နဂ္ဂပူမှ မရတ္ထာရာဇာ လွန်လေသော် ယင်းနယ်ကို ဗြိတိသျှ အုပ်ချုပ်ခံနယ်အဖြစ် သိမ်းပိုက်ကြေညာခြင်းခံရ၏။ ၁၈၆၁ ခုနှစ်တွင် ဆောဂူးနှင့် နာဗဒ္ဒနယ်များနှင့် ပေါင်းလျက် တစ်ခုလုံးသည် အလယ်ပိုင်းနယ်စုဟု တင်လာ၏။ ၁၉ဝ၂ ခုနှစ်တွင် ဗီရာနယ်ကို အလယ်ပိုင်း နယ်စုတွင် သွတ်သွင်းလိုက်၏။ ဗီရာနယ်မှာ ရှေးအခါက ဟိုက်ဒရာဗတ်မှ နိုင်ဇမ် အုပ်ချုပ်ခံနယ် ဖြစ် သော်လည်း ယင်းနယ်ကို ကောင်းစွာ မထိန်းသိမ်းနိုင်သောကြောင့် ဗြိတိသျှတို့၏ လက်အောက် ဝန်ရှင်တော်မင်းကြီး အုပ်ချုပ်ခြင်းကို ခံခဲ့ရသည်။ သို့သော်လည်း၊ ၁၉၃၆ ခုနှစ်၌ ဗြိတိသျှနှင့် နိုင်ဇမ်(စော်ဘွား)တို့ နှစ်ဦး နှစ်ဖက် သဘောတူရေး ထိုးသော စာချုပ်အရ ဗီရာနယ်တွင် နိုင်ဇမ်၏ ဩဇာအာဏာကို အသိအမှတ်ပြုခဲ့ ၏။ ၁၉၂ဝ ပြည့်နှစ်တွင် ဘုရင်ခံ အုပ်ချုပ်သော နယ်ဖြစ်ပြီးလျှင် ၁၉၃၇ ခုနှစ်၌ ကိုယ်ပိုင် အုပ်ချုပ်ရေးကို ရရှိသည်။ အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရရှိသည်တွင် အိန္ဒိယနိုင်ငံဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေအရ ယခင်ကအလယ်ပိုင်း ပြည်နယ်စုနှင့် ဗီရာနယ်သည် မဇ္ဈဒေသ ပြညနယ်ဟူသော အမည်သစ်ကို ရရှိလေသည်။ ၁၉၅၆ ခုနှစ်၌ အိန္ဒိယနိုင်ငံရှိပြည်နယ်များကို ပြန်လည်သတ်မှတ်ရာ၌ ယခု အလယ်ပိုင်း ပြည်နယ်စု၏ မြို့တော် နဂ္ဂပူမြို့သည် ဘုံဘိုင်နယ်တွင်းသို့ ပါဝင်သွား၍ မဇ္ဈဒေသ ပြည်နယ်၏ မြို့တော်မှာ ဗိုပါမြို့ ဖြစ်လာသည်။

ယခုအခါ မဇ္ဈဒေသ ပြည်နယ်တွင် ဘုရင်ခံအုပ်ချုပ်၍ သီးခြား လွှတ်တော်တစ်ရပ်၊ ဝန်ကြီးအဖွဲ့၊ တရားလွှတ်တော်၊ ရာထူးဝန်အဖွဲ့ စသည်တို့ရှိသည်။ အိန္ဒိယ ပြည်ထောင်စု အထက်လွှတ်တော်သို့ ကိုယ်စားလှယ် ၁၆ ဦးနှင့် အောက်လွှတ်တော်သို့ ကိုယ်စားလှယ်၃၆ ဦး စေလွှတ်ရသည်။[1]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.