တပ်မတော်(အခြေခံဥပဒေ)
အောက်ဖော်ပြပါ မှတ်စုဆောင်းပါးပါ အချက်အလက်များသည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (၂၀၀၈) စာအုပ် စာမျက်နှာ (၁၄၇-၁၄၈)၊ အခန်း(၇)၊ တပ်မတော် အခန်းပါ ဥပဒေ ပြဋ္ဌာန်းချက်များမှ အကြောင်းအရာပါအတိုင်း ထပ်ဆင့် ကူးယူတင်ပြထားခြင်း ဖြစ်ပါသည်။ ကွဲလွဲချက်ရှိလာပါက မူရင်း အခြေခံဥပဒေစာအုပ်နှင့် ညှိနှိုင်း တိုက်ဆိုင်ရန် ဖြစ်ပါသည်။
တပ်မတော်
- ၃၃၇။ တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးအတွက် အဓိကအကျဆုံးသော လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်သည်။
- ၃၃၈။ နိုင်ငံတော်အတွင်းရှိ လက်နက်ကိုင်တပ်ဖွဲ့အားလုံးသည် တပ်မတော်၏ ကွပ်ကဲမှုအောက်တွင်ရှိရမည်။
- ၃၃၉။ နိုင်ငံတော်အားပြည်တွင်း၊ ပြည်ပအန္တရာယ်များမှကာကွယ်ရေးအတွက် တပ်မတော်က ဦးဆောင်ရမည်။
- ၃၄၀။ တပ်မတော်သည် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ သဘောတူညီချက်ဖြင့် နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတွင် ပြည်သူတစ်ရပ်လုံး ပါဝင်ရေးအတွက် စီမံဆောင်ရွက်ခွင့်ရှိသည်။ တပ်မတော်၏ဦးဆောင်မှုဖြင့် ပြည်သူ့စစ်မဟာဗျူဟာကို ဖော်ဆောင်ရမည်။
- ၃၄၁။ နိုင်ငံတော်တွင် နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် ဘေးအန္တရာယ်များကျရောက်လာလျှင် တပ်မတော်ကကူညီဆောင်ရွက်ရမည်။
- ၃၄၂။ နိုင်ငံတော်သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဆိုပြု ထောက်ခံချက်ဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ခန့်အပ်တာဝန်ပေးရမည်။
- ၃၄၃။ စစ်ဘက်တရားစီရင်ရာတွင် -
- (က) တပ်မတော်သားများအတွက် အဖွဲ့ဖြင့်ဖြစ်စေ၊ တစ်ဦးတည်းဖြစ်စေ ဥပဒေနှင့်အညီ စီရင်နိုင်သည်၊
- ( ခ ) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အဆုံးအဖြတ်သည် အပြီးအပြတ်ဖြစ်သည်။
- ၃၄၄။ မသန်မစွမ်းဖြစ်သွားသော တပ်မတော်သားများနှင့် သေဆုံးသော သို့မဟုတ် ကျဆုံးသော တပ်မတော်သားများ၏မိသားစုများအား ထောက်ပံ့ စောင့်ရှောက်ရေး တို့အတွက် ဥပဒေ ပြဋ္ဌာန်းရမည်။
ကိုးကား
- ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ (၂၀၀၈)၊ စာမျက်နှာ (၁၄၇-၁၄၈)။
ဆက်စပ်ကြည့်ရှုရန်
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.