တလိုင်း
စာပေ ရေးသားရာတွင်သော်လည်းကောင်း၊ စကားပြောဆိုရာတွင် သော်လည်းကောင်း၊ တလိုင်းဟူသော ဝေါဟာရကို အသုံးမပြုရန် နိုင်ငံတော်အစိုးရက ဆုံးဖြတ်ထားပါသည်။ ထို့ကြောင့် ယခုခေတ်တွင် တလိုင်းဟူသော ဝေါဟာရအစား မွန်ဟူ၍သာ ရေးသားပြောဆိုလျက်ရှိသည်။
တလိုင်း ဟူသည်မှာ မွန်ဘာသာဖြင့် မိဘမျိုးရိုးမစစ် (မိဘအားဖျက်စီးသော သားသမီး)ဟု အဓိပ္ပာယ်ရသဖြင့် ထိုဝေါဟာရကို အသုံးမပြုရန် မွန်လူမျိုးများက အစဉ်အဆက် ကန့်ကွက်ခဲ့ကြသည်။[1]
မြန်မာနိုင်ငံလွတ်လပ်ရေးမရမီ အင်္ဂလိပ်အစိုးရလက်ထက်တွင် မွန်တို့အား ရည်ညွှန်း၍ တလိုင်းဟု ခေါ်ဆိုရေးသားပြောဆိုမှုများ အား လုံးဝ(လုံးဝ) မပြုလုပ်ရန် အမိန့်ပြန်တမ်းများထုတ်ပြီး ဥပဒေဖြင့် တားမြစ်ခဲ့သည်။[1]
ဝေါဟာရရင်းမြစ်နှင့် သုံးစွဲခဲ့မှုများ
တလိုင်း ဝေါဟာရဇာစ်မြစ် မည်သို့စတင်ဖြစ်လာကြောင်း နှင့်ပတ်သက်၍ ငြင်းခုံဆွေးနွေးမှုများစွာရှိခဲ့သည်။ အောက်ပါတို့တွင် ဤဝေါဟာရဇာစ်မြစ်နှင့် သုံးစွဲမှုတို့ကို ဖော်ပြထား၏။
မဇ္ဈိမဒေသ တေလိင်္ဂနတိုင်းမှ လူမျိုးခြားတို့သည် သုဝဏ္ဏဘူမိသထုံပြည်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြရာ ကာလကြာသော် တိုင်းရင်းသားလူမျိုးများနှင့် သွေးရောစပ်လျက် မွေးဖွားလာကြသော လူမျိုးတို့အား မူရင်းနေရပ် တေလိင်္ဂအမည်ကို အစွဲပြု၍ တေလိင်္ဂလူမျိုးဟု ခေါ်ဆိုရာမှ ကာလကြာသော် တလိုင်းဟူသော အမည်ဖြစ်ပေါ်လာသည်ဟု ရာဇဝင်ဟောင်းကျမ်းတစ်ခု၌ အဆိုရှိသည်။[2][3]
သာသနာသက္ကရာဇ် ၄၃၉ ခုနှစ် ဟံသာဝတီပြည့်ရှင် တိဿမင်းလက်ထက်တွင် ဒွန်းစဏ္ဍားတို့က သာသနာကို နှောက်ယှက်ဖျက်ဆီးသောကြောင့် ထိုဒွန်းစဏ္ဍားတို့ကို ဖမ်းဆီးကာ သေဒဏ်ပေးခဲ့သည်။ ကျန်ရစ်သော ဒွန်းစဏ္ဍားတို့သည်လည်း ချောင်းတစ်ခုတွင် သတ်သေကုန်ကြရာ မွန်ဘာသာဖြင့် တီလိုင်ချောင်း ဟု ခေါ်ကြကုန်သည်။ မြန်မာမင်းများလက်ထက်တွင် ထိုချောင်းကို တီလိုင်ချောင်း၊ ချောင်းအနီးအနားအရပ်ဒေသကို တီလိုင်ရပ် ဟု ခေါ်ဆိုခဲ့ကြရာမှ ကာလကြာသော် တီလိုင် မှ တလိုင်းဟူသော ဝေါဟာရ ဖြစ်ပေါ်လာသည်ဟု မွန်ရာဇဝင်ဟောင်းတစ်ကျမ်းတွင် ဖော်ပြထားသည်။[2]
အေဒီ ၁၇၀၀ ဝန်းကျင် ဟံသာဝတီကို မြန်မာမင်းများ မသိမ်းမီကတည်းက တလိုင်းဟူသော ဝေါဟာရသည် တည်ရှိနေပြီးဖြစ်၍ အေဒီ ၁၀၀၀ နှစ်များက အနော်ရထာမင်းအုပ်စိုးစဉ် ထွင်းထုခဲ့သော ကျောက်စာများတွင် တလိုင်းဝေါဟာရပါရှိသည်ဟုဆိုကြသည်။[4]
တလိုင်း ဝေါဟာရကို သူ့သျှင်တကာရွတ်ပိ၊ တပင်ရွှေထီး ဘုရင့်နောင်စစ်ပွဲ နောက်ပိုင်း နောက်ဆုံး ဟံသာဝတီမင်းခေတ်နှင့် အင်းဝခေတ်တို့တွင်သာ သုံးစွဲမှုရှိခဲ့သည်ဟု မွန်သမိုင်းသုတေသနအဖွဲ့က ဆိုသည်။[1]
တလိုင်းဟူသော ဝေါဟာရကို အလောင်းမင်းတရား ဦးအောင်ဇေယျက တီထွင်သုံးစွဲခဲ့သည်ဟုလည်း ဆိုသည်။[5]
အေဒီ ၁၈၅၂ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့ (မြန်မာသက္ကရာဇ် ၁၂၁၄ ခုနှစ် ပြာသိုလဆန်း ၁၁ ရက်) တွင် ချုပ်ဆိုသော အင်းဝဘုရင်နှင့် ဗြိတိသျှအစိုးရတို့အကြား ချုပ်ဆိုသည့် ငြိမ်းချမ်းရေးစာချုပ်တွင် Province of Pegu ကို တလိုင်းနိုင်ငံ၊ တလိုင်းပြည် ဟု ဖော်ပြသုံးစွဲခဲ့သည်။[6]
ကွေ့ကရင် တလိုင်း
မွန်ရာဇဝင်ချုပ်ကြီးပေမူ၌ ၁၂ ရာစုဦး မွန်-ဗမာတိုက်ပွဲများတွင် "ကွေ့ကရင် တလိုင်းတပ်သားတို့" ဟု အသုံးပါကြောင်း ကရင်ရာဇဝင်ကဖော်ပြထားသည်။[7]
ကိုးကား
- မွန်သတင်းအေဂျင်စီ (၂၈ အောက်တိုဘာ ၂၀၁၅)။ မြန်မာပြည်၏ တစ်ဦးတည်းသော ဘုရင်မကြီးစာအုပ်ပါ “တလိုင်း” အသုံးအနှုန်းကို မွန်သမိုင်း သုတေသနအဖွဲ့ကန့်ကွက်။ BNI Multimedia Group။ ၃ အောက်တိုဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။
- ဦးပညာ။ သထုံရာဇဝင်ပေါင်းချုပ်ကျမ်းကြီး။ p. ၂၇-၂၉။
- Miscellaneous Notes on the Word "Talaing" (အင်္ဂလိပ်ဘာသာစကားဖြင့်)။
- Aung-Thwin၊ Michael A. (2005)၊ Aung-Thwin၊ Michael A. (ed.)၊ "The Mon Paradigm and the Myth of the "Downtrodden Talaing""၊ The Mists of Ramanna၊ The Legend That Was Lower Burma၊ University of Hawai'i Press: 261–280၊ ISBN 9780824828868၊ JSTOR j.ctt1wn0qs1.14
- E. H. Parker (၁၈၉၃)။ Burma : with special reference to her relations with China (PDF) (အင်္ဂလိပ်ဘာသာစကားဖြင့်)။ p. ၇၂။
- အင်းဝဘုရင်နှင့် ဗြိတိသျှအစိုးရတို့အကြား ချုပ်ဆိုသည့် ငြိမ်းချမ်းရေးစာချုပ်၊ 20 December 1852၊ 2 November 2020 တွင် ပြန်စစ်ပြီး
- ဦးပညာ (၁၉၆၅)။ ကရင်ရာဇဝင် (ဒုတိယအကြိမ် ed.)။