အမတ်ဒိန်

အမတ်ဒိန် သည် ဘုရင် ရာဇာဓိရာဇ် ကိုခစားသော ထူးချွန်သည့် အမတ်များထဲမှ တစ်ယောက်ဖြစ်သည်။ အမတ်ဒိန်မဏိရွတ်ဟူ၍ လည်းထင်ရှားသည်။ "အမတ်ဒိန်" ဆိုသည်မှာ နေကဲ့သို့ထွန်းလင်းပြီး "မဏိရွတ်" ဆိုသည်မှာ ပတ္တမြားရတနာ နှင့်တူသော ဟုအဓိပ္ပါယ်ရသည်။ ဟံသာဝတီဘုရင် ရာဇာဓိရာဇ် သည်မြန်မာဘုရင်မင်းခေါင်နဲ့ အပြိုင် မွန်-မြန်မာ နှစ် ၄၀ စစ်ပွဲကို ဆင်နွှဲခဲ့သူဖြစ်သည်။ ရာဇာဓိရာဇ် ဤမျှနှစ်ကြာရှည်စွာ ဘုန်းတန်ခိုးကြီးခဲ့ရာမှာ ၎င်းကိုယ်တိုင်တော်သလို ၎င်းပိုင်ဆိုင်သော သူရဲကောင်းများ၏ ပံ့ပိုးမှု၊ စွမ်းဆောင်မှုကြောင့်လည်းဖြစ်သည်။ ရာဇာဓိရာဇ်သည် မင်းကန်စီ၊ သမိန်ဗြတ်ဇ္ဇ၊ အမတ်ဒိန် ၊ လဂွန်းအိမ် ၊ ဥပါကောင်း၊ အဲမွန်ဒရာ စသည်တို့ အပြင် ထူးချွန် ထက်မြက်သော အခြား အမတ် သူရဲကောင်း များစွာကို ပိုင်ဆိုင်ထားသူဖြစ်သည်။

မဏိရွတ် ဘွဲ့ရရှိခြင်း

နန်းတက်ပွဲ ညီလာခံတွင် ရာဇာဓိရာဇ် မိန့်တော်မူသည်မှာ "ငါ၏ စက်ခုနှစ်ဖက်တွင် မျက်စိနှစ်လုံးတွင် ငြောင့်စူးဝင်ခဲ့သည်မှာ တစ်ဖက်ကထွက်သွားပြီ။ ကျန်တစ်ဖက်တွင် မထွက်သေး" ဟု မိန့်တော်မူ၏။ ယင်းခဏတွင် အမတ်ဒိန်သည် ပုဆစ်တုပ်လျက် "ရွှေနန်းရှင် မိန့်သည်ကား တစ်ပါးသူမဟုတ်။ ကျွန်ုပ်အား ဆိုလိုခြင်းဖြစ်ကြောင်း ကျွန်ုပ်သိပါသည်။ အရှင်မင်းသားသည် ဒဂုန်၌ရှိစဉ် အခြားမှူးမတ်တွေက ကိုယ်စားလှယ်များလွှတ်ကြသည်။ စားအားဖြင့် အကြံအစည်များကိုလည်းကောင်း၊ အကြောင်းအရာများကိုလည်းကောင်း မပြတ်ပင် ပို့ကြသည်။ ကျွန်ုပ်မူကား အရှင့်သားတော်နှင့် ဆက်သွယ်မှု မပြုခဲ့သည်လည်းတစ်ချက်၊ အခြားတစ်ချက်ကား အရှင့်သားတော်သည် ပဲခူးမြို့သို့ဝင်စဉ်က ကျွန်ုပ်သည် မြို့တံခါး(မောတရုတ်တံခါး)တစ်ဖက်ကိုသာ ဖွင့်ပေးခဲ့သည်။ ယင်းသို့ဖြစ်တောကြောင့် ကျွန်ုပ်ကိုမျက်၍ မျက်စိတစ်ဖက်တွင် ငြောင့်မထွက်သေးဟု အရှင်မင်းကြီး မိန့်ကြားတော်မူကြောင်းကို ကျွန်ုပ်သိပါသည်"ဟု လျှောက်လျှင် ရာဇာဓိရာဇ်က "အမတ်ဒိန် နင့်အပြစ်သည်မျှရှိသည်ကို နင်သိပြီးဖြစ်၍ ပသို့နင့်အား ငါစီရင်ရမည်နည်း။ ငါ့အား မြို့တွင်းသို့ နင်ဝင်ခွင့် မပေးလို။ ငါ့မှာ ဗိုလ်ခြေအင်အားများ၍သာ နင်ကတံခါးတစ်ဖက်ဖွင့်ပေးသည်။ ငါ့ဗိုလ်ပါ နည်းခဲ့မူကား တံခါးကို တစ်ချပ်မျှနင်ဖွင့်ပေးမည်မဟုတ်၊ နင့်အပြစ်နှင့် မရူးအပြစ် အတူတူ"ဟု ဒေါသနှင့်မိန့်၏။

အမတ်ဒိန်လည်း သုံးကြိမ်မျှ ဦးခိုက်၍ လျှောက်ပြန်၏။ "ကျွန်ုပ်၏ အပြစ်နှစ်ရပ်အတွက် သတ်လျှင်သေရပါမည်။ ချမ်းသာပေးကရှင်ရမည်ပင်။ စင်စစ်သော်ကား ကျွန်ုပ်သည် ခမည်းတော်ဆင်ဖြူရှင်၏ သစ္စာခံ၊ ရွှေဖဝါးတော်အောက်က ကျွန်ကြီးဖြစ်ပေသည်။ ဆင်ဖြူရှင်၏ ရန်သူဖြစ်ပါက မည်သူ့ကိုမဆိုကျွန်ုပ်အသက်ပေး၍ တိုက်ခိုက်ရမည်ဟု သစ္စာဆိုထားသည်။ အရှင့်သားတော်သည် ဒဂုန်၌ရှိခြားနားစဉ်က ဆင်ဖြူရှင်၏အမိန့်မရှိ၍ မင်းသားနှင့်ကျွန်ုပ် ဆက်သွယ်ခွင့်မရှိပါ။ အရှင့်သားတော်သည် ပဲခူးမြို့အတွင်းသို့ ဝင်တော်မူစဉ်က ကျွန်ုပ်၏သခင် ဆင်ဖြူရှင်ဗညားဦးသာလျှင် ရာဇပလ္လင်ထက်၌ ပကတိရှိခဲ့မူကား၊ အရှင့်သားကို ကျွန်ုပ်ဝင်ခွင့် ပြုမည်မဟုတ်ဘဲ အသက်ပေးလျက် ခံတိုက်မည်ပင်။ သို့သော် ဆင်ဖြူရှင်၏နာမ်သည် ရုပ်ကိုခွာခဲ့ပြီဖြစ်၍ ဆင်ဖြူရှင်၏ရုပ်အလောင်းကို စောင့်ရှောက်သောအားဖြင့် တံခါးရွက်တစ်ရွက်ကိုသာ ဖွင့်ပေးခြင်းဖြစ်ပါသည်။ ဆင်ဖြူရှင်၏ နာမ်နှင့်ရုပ်နှစ်ပါးစလုံး မရှိခဲ့သော် မင်းသားအားတံခါးရွက်နှစ်ရွက်စလုံးကို ဖွင့်ပေးခဲ့ပေမည်။ ယခု အရှင်မင်းသားသည် မင်းဖြစ်၍ ကျွန်ုပ်တို့၏အသက်သခင်ဖြစ်ပြီ။ သခင်၏သစ္စာတော်ကိုခံထားသည်။ အကယ်၍ ရန်သူတစ်ပါးက အရျင့်သားတော်ကိုပုန်စားခဲ့သည်ရှိသော်ကျွန်ုပ်သည် ထိုသူပုန်နှင့်ဆက်သွယ်၍ လက်ဆောင်ပစ်စည်းပေးခြင်း၊ အကြံအစည်ပေးခြင်း။ သူပုန်ဘက် ဝင်စားကာ အရှင်မင်းသားကို မစောင့်ရှောက်ပါက ကျမ်းရွက်ထားသော ကျွန်ုပ်၏သစ္စာ မပျက်ချေသလော။ အပယ်နန်းကို မစံရသလော။ ကျွန်ုပ်သည် အရှင်သခင်၏ သစ္စာတော်ကို မတိမ်းမစောင်း၊ မသွေမဖည်စေဘဲ ဖြောင့်မတ်မှန်ကန်စွာ စောင့်ခဲ့သည်ကျွန်ကောင်းဖြစ်သဖြင့် "အမတ်ဒိန်" ဟူသောဘွဲ့အမည်နှင့် သန်လျင်မြို့ကိုစားစေခဲ့သည် မဟုတ်လော။ ယခုအရှင့်သားတော်မင်းဖြစ်ပြန်လျှင်လည်း ကျွန်ုပ်သည် ဆင်ဖြူရှင်ခမည်းတော်အား သစ္စာစောင့်ခဲ့သလို အရှင့်သားတော်ကိုလည်း မပြတ်စောင့်ရှောက်ရပေမည်။ အကယ်၍ ရန်သူတစ်ပါးက အရှင့်သားတော်အား ပုန်စားခဲ့သော် ကျွန်ုပ်သည် အသက်ပေး၍ နိုင်အောင်တိုက်ခိုက်ပါမည်။ ကျွန်ုပ်သည် သူပုန်ဘက်သို့ ဝင်စားရန်ကား နတ်ထိမရှိ။ ကျွန်ုပ်သည် ထီးဖြူဆောင်းမင်းကိုသာ သစ္စာခံ၍ခစားမည်။ ထီးဖြူမဆောင်းသော သူပုန်မင်းကို ဘယ်တော့မှ မခစားပါ။ ကျွန်ုပ်ကို မျက်၍ ကွပ်တော်မူသော် ကျွန်ုပ်ကား သေရပါမည်။ သို့သော် ပြည်ထဲအရေးကား ပျက်လေတော့မည်။ အနာဂတ်တွင် ရာဇဝင်အဆက်ဆက် အမတ်တကာတို့က ဆိုစမှတ်ပြုကုန်မည်။ "အမတ်ဒိန် အရူးလို မပြုကုန်နှင့်၊ ပုန်ကန်ခြားနားသော မင်သားဘက်ဝင်စားသော် အပြစ်မရှိ၊ ထီးဖြူဆောင်းသော အရှင်သခင်၌ သစ္စာမြဲသော် အပြစ်ရှိသည်။ အမတ်ဒိန်သည် ထီးဖြူဆောင်းမင်းကိုသာ ယုံ၍နေချေသည်။ ပုန်ကန်ခြားနားသောမင်းသားသို့ မစေမပါး၊ အကြံအစည်မပေး၊ မဆက်မကပ်ချေသောကြောင့် ထိုပုန်ကန်သည့်မင်းသားသည် မင်းအဖြစ်သို့ရောက်လျှင် အမတ်ဒိန်သေရလေသည်"ဟု ကျွန်ုပ်နည်းကို အများမှတ်ယူကုန်တော့မည်။ နောင်တွင်သူပုန်ထသော် သူပုန်သူကန်ဘက် ဝင်စားသူများတော့မည်။ ထီးဖြူဆောင်းမင်းတွင် မြဲသူနည်းပါးတော့မည်။ ရဟန်း၊ ပုဏ်ဏား၊ တိုင်းသူပြည်သားများသည် ပူပင်သောကဖြစ်ကြတော့မည်။ တိုင်းပြည်တွင် သမာဓိတည်တော့မည်မဟုတ်။ ထို့ကြောင့် ပြည်ထဲအရေး ပျက်သုဉ်းမည်ဟု ကျွန်ုပ်လျှောက်ပါသည်။ ကျွန်ုပ်အားသတ်ပါက နောင်ကို သားစဉ်မြေးဆက်တိုင်အောင် ကျွန်ုပ်၏ပုံပမာမှာ ထင်ရှားလေတော့မည်" ဟုရှည်လျားစွာ လျှောက်ထားလေ၏။

ဗညားနွဲ့လည်း အမတ်ဒိန်လျှောက်တင်ချက်ကို ကြားနာ၍ မည်သို့မျှ မဆိုသာဘဲ တိတ်ဆိတ်စွာနေလျှင် မပိုင်ဆရာ နှင့် မင်းကန်စီ တို့က "အမတ်ဒိန်စကားသည် အရေးစကားစင်စစ် အကြောင်းမှန်လှသည်။ သူ့ရှင်၏ အကျိုးသားမက နောင်အနာဂတ် ရာဇဝင်အဆက်ဆက် အတွက်အကျိုးသက်ရောက်စေမည့် စကားဟုတ်ပေသည်" ဟု လျှောက်တင်ကြ၏။ ရာဇာဓိရာဇ်သည် အမတ်ဒိန်၏အရေးစကားများနှင့် မပိုင်ဆရာတော် နှင့် မင်းကန်စီတို့၏ လျှောက်တင်ချက်တို့ကို ဆင်ခြင်စဉ်းစားပြီးသော် "အမတ်ဒိန် အရေးဆိုသည့်စကား မှန်ပေသည်။ အနှစ်သာရစကား ဟုတ်ပေသည်။ သို့လျှောက်တတ်ပေသောကြောင့်လည်းကောင်း၊ တစ်ဦးတည်းသော အရှင်သခင်၏ သစ္စာတော်ကိုသာ မြဲမြံစွာ စောင့်တတ်ပေသောကြောင့်လည်းကောင်း အမတ်ဒိန်သည် ပညာဉာဏ် အမြော်အမြင်ကြီးသောကျွန်တော်ဖြစ်၍ ပတ္တမြားရတနာနှင့်လည်း တူသဖြင့် ယနေ့မှစ၍ အမတ်ဒိန်မနိရွတ်ဟူသော ဘွဲ့ကိုငါချီးမြှင့်သည်။ သန်လျင်မြို့ကိုလည်း စားမြဲစားစေ"ဟု မိန့်တော်မူ၏။ သို့ဖြစ်၍ ကျွန်ရင်း၊ ရောင်းရင်းဘက်တော်သားများ ဘွဲ့အမည်မရမီ အမတ်ဒိန်မှာ ရှေးဦးစွာ ဘွဲ့ထူးချီးမြှင့်ခြင်း ခံရေလေသည်။ (ထို့နောက်တွင် အခြားသော ကျွန်ရင်း ဘက်တော်သားများကို လည်း ဘွဲ့၊ ရာထူးများ ချီးမြှင့်လေသည်။) ညီလာခံစဲသော် အမတ်ဒိန်မဏိရွတ်ကို ဝေါဖြင့် အိမ်အရောက် ထမ်းပို့စေသည်။

အမတ်ဒိန်ကို မြန်မာမင်းထံစေလွှတ်ခြင်း

အစဉ်အဆက်ထုံးစံအတိုင်း ရာဇာဓိရာဇ်လည်း မြန်မာမင်းသို့ ပညာရှိ အမတ်ဒိန်ကို ရာဇသံ လက်ဆောင်အများနှင့် ချစ်ကြည်ရေးစေလွှတ်၏။ မြန်မာမင်းကလည်း ကောင်းစွာ ဆီးကြိုပါသည်။ ရှေ့တော်သို့ရောက်လျင် ပညာအတိမ်အနက် ၊ အကျစ်အလစ်ကို သိလို၍ အမတ်ဒိန်အား ငါးဟင်း၊ အကင်၊ အဖုတ်တို့ကို ထမင်း မမြင်သာအောင် အပေါ်က အပြည့်အုပ်၍ ဆားလှော်ကို ထမင်းအလယ်က မြုပ်ကာ စားစေပါတယ်။ အမတ်ဒိန်လည်း ငါးဟင်းတို့ကို ကျစ်လစ်စွာ တစ်စသတ်၍ လည်ကောင်း၊ အကင်အဖုတ်တို့အား နှစ်ဖက်လုံး အသားကို ပြန်၍လည်ကောင်း ထမင်းနှင့်တကွစားပါသည်။

ဤသည်ကို မြန်မာမင်းမြင်သော်

"အမတ်ဒိန် ၊ ဟံသာဝတီတွင် ငါးရခဲသလော"
"အရှင် မင်းကြီး ၊ နောင်တော်(ရာဇာဓိရာဇ်)ပြည်မှာ ငါးအမျိုးလေးဆယ် ထူးထူးဆန်းဆန်း ရှိပါတယ်။ လဂွန်းတိုင်မြို့ ချောင်းရှိ ငါးတို့မှာ တစ်ဖက်ချဉ် ၊ တစ်ဖက်ချို ဖြစ်ကြပါတယ်။ သဲမြို့မှာ သစ်ပင်တက်သော ငါး ၊ ရေပေါ်ဝယ် သွားသောငါး ၊ ဆင်ရုပ် ၊ မြင်းရုပ်၊ ထီးရုပ် ၊ တံခွန်ရုပ် စသည့်ငါးတို့ရှိကြပါတယ်။ သာယာမြို့မှာ ငါးပိနှင့် မဟာဂံမြို့မှာ ဆင်နှင့် မုတ္တမမြို့မှာ ကြွေနှင့် အရောင်းအဝယ်ပြုကြပါတယ်။ ရန်စစ်မြို့မှာ မြေကိုတူးလျှင်ရွှေ ဖြစ်ပါတယ်။ ဤသို့ဖြင့် နောင်တော့်ပြည်မှာ အထူးအဆန်းများလှပါတယ်" ဟု ဘုရင်ကို စကားအကြောမခံပဲ ပြောခြင်းဖြင့် သူ့ရဲ့စကားစွမ်းရည်ကို ပြသခဲ့ပါသည်။

ထိုအခါ ဘုရင်က "အမတ်ဒိန် ငါ့မှာ သံပုရာသီးတစ်လုံးကို နှစ်ပိုင်း ပိုင်းပြီးသော် တစ်ပိုင်းကို အသားထွင်း၍ ပင်ကန့်တကူ တပ်ပြီးလျှင် ငါ နှင့် မိဖုရား စီး၍ အင်းလယ်တွင် ကစားကြပါတယ်" ဟု မိန့်ရာ အမတ်ဒိန်ကလည်း အားကျမခံ "အရှင်မင်းကြီး ဟုတ်ပေလိမ့်မည်။ နောင်တော်မှာလည်း ကန်ဇွန်းတစ်ဆစ်ကို ခွဲ၍ ပင်ကန့်တကူ တပ်ပြီးလျှင် နောင်တော်က ပဲ့က မရီးတော်က ဦးကစီး၍ စကျင်အင်းတွင် ကစားကြရပါသည်" ဟု ပြန်လျှောက်ရာမင်းကြီးကလည်း ဒီအမတ်မဆိုးဟု လက်ခုပ်တီး၍ ရယ်တော်မူပါသည်။

ဆက်၍ အမတ်ဒိန်က "အရှင်မင်းကြီး ယခုသံပုရာ နှင့် ကန်စွန်းကို ရောနယ်၍ လက်သုပ်သုပ်စားသော် အလွန်အရသာရှိမည် မဟုတ်ပါလော" ဟု ချစ်ကြည်ရေးစကားကို လိမ္မာပါးနပ်စွာ ဆိုလေရာ မင်းကြီးမှာ လွန်စွာနှစ်သက်တော်မူပြီး "အမတ်ဒိန် ၊ ဟံသာဝတီတွင် သင်ကဲ့သို့မှူးကြီးမတ်ရာ မည်မျှလောက်ရှိသလဲ။" "နောင်တော့်ထံတွင် ကျွန်ုပ်ထက် တတ်သိလိမ္မာသော မှူးကြီးမတ်ရာ အလွန်များပါတယ်။ ကျွန်ုပ်မှာ စာရေးမျှသာတည်း" ဟု ဆိုလေသော် မင်းကြီးမှာ မယုံပဲ ထန်းရွက် နှင့် ကညစ်ပေးရာ အမတ်ဒိန်ကလည်း ကျနသေသပ်စွာရေးပြလိုက်ရာ "အိမ်း စာရေးဖြစ်တန်ရာ၏" ဟု ယုံကြည်သွားပါသည်။ စာရေးပင် ဤမျှထက်မြက်နေလျှင် ကျန်တဲ့မှူးကြီးမတ်ရာတွေဆိုလျှင် ဘယ်လောက်တောင်တော်လေမလဲ ဟု ရာဇာဓိရာဇ်ရဲ့ အင်အားကိုဖြုံသွားပုံရသည်။

အမှုအခင်း ဆုံးဖြတ်ချက်များ

သားသတ်အမှုတွင် အမတ်ဒိန် ဆုံးဖြတ်ပုံ

အခါတစ်ပါး၌ ယောက်ျားတစ်ယောက်တွင် မယားနှစ်ယောက်ရှိရာ မယားကြီးတွင် သားမရ၊ မယားငယ်တွင် သားရ၏။ သို့သော် ယောက်ျားသည် သားမမြင်သော မယားကြီးကို ပိုချစ်လေသော် မယားငယ်သည် "ငါ့သားကို ငါသတ်၍ မယားကြီးသတ်သည်ဟု ဆိုလိုက်လျှင်ယောက်ျားသည် မယားကြီးကို မုန်း၍ ငါ့ကိုချစ်လိမ့်မည်" ဟု ကြံစည်ကာ သားဖြစ်သူကို ရေတွင်းထဲသို့ တိတ်တဆိတ်တွန်းချသတ်လိုက်ပါတယ်။ မယားကြီး သတ်ပါသည် ဟု မင်းကြီးအား လျှောက်လေသော် အမတ်ကြီးလေးယောက်အား စီရင်စေသည်။ မိခင်အရင်းက သားဖြစ်သူကို မသတ်နိုင်၊ မယားကြီးကလည်း သူလုံးဝမသတ်ပါဟု ငြင်းဆိုနေရာ စီရင်မှုမှာ မပြီးနိုင်၊ မင်းကြီးမျက်ပြီး အမတ်ကြီးလေးယောက်ကို အကျဉ်းချ ထားကာ အမတ်ဒိန်ကို လွှဲတော်မူသည်။

အမတ်ဒိန်ကလည်း မယားကြီး ၊ မယားငယ်တို့ကို ခေါ်ယူမေးရာ မသတ်ပါဟုချည်း ငြင်းဆိုကြ၏။ ထိုအခါ အမတ်ဒိန်သည် မယားကြီးကို ဆိတ်ကွယ်ရာသို့ခေါ်၍ "သင်မသတ်ဟု ဆိုလျင် အများတကာရှေ့တွင် ထဘီကို ချွတ်ဝံ့မည်လော၊ ချွတ်ဝံ့လျှင် မသတ်ဟု ငါတို့ယုံကြည်တော်မူမည်" ဟု ဆိုလေရာ မယားကြီးက "သခင်ဘုရား ရှေးဘဝက ကုသိုလ်ကံနည်းပါး၍ ယခု မိန်းမ ဖြစ်လာရုံမက လင်ကို တစ်ပိုင်းသာ ရပါသည်။ ဤသို့ ကုသိုလ် နည်းသော မိန်းမဖြစ်လာပြီးမှ ထဘီချွတ်ရဦးမည်ဆိုသော် အဘယ်မှာ ကောင်းတော့မည်နည်း။ အကျွန်ုပ်ကို သတ်လျှင်လည်း ခံရမည်သာ ၊ အသရေကိုသော်ကား မဖျက်ပါနှင့် ၊ သူ့သားကိုလည်း အကျွန်ုပ် မသတ်ပါ"ဟု ဆိုလေ၏။

တဖန် မယားငယ်ကိုခေါ်ကာ ထိုအတိုင်းမေးလေသော် "အကျွန်မသတ်ပါ။ထို့ကြောင့်ချွတ်ဝံ့ပါသည်" ဟု ဆို၍ပရိတ်သတ် ရှေ့တွင်ချွတ်လေ၏။ ထိုအခါ အမတ်ဒိန်က အရှက်မရှိသူသည် သားကိုသတ်ဖို့လည်း ဝန်မလေးရာ ဧကန်ပင် မယားငယ်သတ်ရမည် ဟုဆိုကာ မယားငယ်အား စစ်မေးသော်အဆုံး၌ ဟုတ်တိုင်းဝန်ခံလေ၏။ မင်းကြီးကြားသော် အမတ်ဒိန်အား ချီးမြှောက်လျက် ဆုလာဘ်များ ချီးမြှင့်တော်မူလေသည်။

မိကျောင်းတရား၌ စီရင်ပုံ

တစ်ခါသော် မွန်တစ်ယောက် နှင့် မြန်မာတစ်ယောက်တို့သည် မြစ်၌ မိကျောင်းပေါ်သည်ကို မြင်သော် မြန်မာက "မိကျောင်း" ဟု ဆို၍ မွန်က "ကျာမ်း" ဟု ဆိုသည်။ ( အမှန် နှစ်ခုစလုံးအခေါ်အဝေါ်ကွဲပြားပြီး အဓိပ္ပါယ်မှာမူ အတူတူ ဖြစ်လေသည် ) ။ သို့ဖြင့် သူမှန်၊ ငါမှန် ငြင်းကြရာ ရှုံးသူကရှိသမျှပစ္စည်းသိမ်း၍ ကျွန်ပြုစတမ်းဟု လောင်းကြေးထပ်ကာ ဘုရင်ရှေ့မှောက်တွင် ဆုံးဖြတ်ခံကြလေသည်။ အမတ်တစ်ယောက်ကို ဆုံးဖြတ်စေရာ မပြီးသဖြင့် အမတ်ဒိန်အား လွှဲ၏။ အမတ်ဒိန်က "မိကျောင်းကို ဘယ်အရပ်၌ မြင်သနည်း။ မြန်မာအရပ်၌လော ၊ မွန်အရပ်၌ လော" ဟု မေးရာ မွန်အရပ်၌ မြင်ပါသည် ဆိုလျှင်မွန်ကို အနိုင်ပေးလေ၏။ ရှုံးသူ အား ရှိသမျှပစ္စည်း နှင့် ကျွန်လုပ်ရမည့်အစား ရွှေတစ်ပိသာကိုလျော်ကြေးအဖြစ် အနိုင်ရသူ မွန်ကို ပေးစေသည်။ မင်းကြီးကြားသော်အမတ်ဒိန်အား ချီးကျူးတော်မူလေသည်။

လက်ကောက်ခိုးမှု၌ အမတ်ဒိန် ဆုံးဖြတ်ပုံ

တစ်ခါသော် နေပြည်တော်ဝယ် မုန့်လုပ်သော မိန်းမတစ်ယောက်သည် ပတ္တမြား ၊ နီလာ စသောက်လက်ကောက် ၁၅ ကွင်းကို အိတ် တွင်ထည့်၍ ပေါင်ပေါ်မှာထားလျက် မုန့်ချက်နေ၏။ ထိုအခါရဟန်း တစ်ပါး လာရောက်အလှူခံရာ ထိုမိန်းမက လှူမည်ဟု အမှတ်တမဲ့ထလိုက်ရာ လက်ကောက်အိတ်ကျသွားသည်ကို ရဟန်းမြင်ပြီး ခြေနှင့်ညှပ်ကာ သင်းပိုင်ကြား၌ ညှပ်လျက်ယူသွားလေ၏။ မုန့်သည်မလည်း သတိရ၍ကြည့်သောအခါ လက်ကောက်များပျောက်ကြောင်းသိပြီး သည်းထန်စွာငိုကြွေးလျှက်မင်းကြီးအား လျှောက်လေ၏။ မင်းကြီးကလည်း အမတ်ဒိန် အားလွှဲခဲ့သည်။ မုန့်သည်မအား စစ်မေးသော် မိမိအနီးသို့ ရဟန်းတစ်ပါး လာရောက်ကြောင်း ၊ ထိုရဟန်းကိုလည်း မှတ်မိကြောင်းများကို လျှောက်လျှင်ထိုရဟန်း၏ ကျောင်းကိုပြစေ၍ သိရမှ ပင့်ပြီးသော် ဤသို့လျှောက်၏။

" အရှင်ဘုရား အဆင်းရောင် လှပတင့်တယ် သပ္ပယ်သည်ကြား၍ ပင့်ပါသည်။ ကြားသည့်အတိုင်းလည်း သပ္ပယ်ကြည်ညိုဖွယ် ရှိပေ၏။ စာပေ ကျမ်းဂန် တတ်ပါ၏လော"
" ငါသည် ခုနစ်နှစ်အရွယ်ကပင် သင်္ကန်းဝတ်၍ လောကီ လောကုတ္တရာ ကျမ်းစာစုံအောင် သင်ကြား တတ်မြောက်၏ "
" ကောင်းလှပါ၏ ဘုရား " ဆို၍ ရဟန်းကို ပြန်လွှတ်လိုက်၏။

နောက် ဒုတိယအကြိမ် ပင့်ပြန်၍ ဤသို့လျှောက်၏။

" နေပြည်တော်ဝယ် မင်းကျောင်းသုံးရာ ရှိသည့်အနက် တစ်ကျောင်းမှာ ကျောင်းထိုင်ပုဂ္ဂိုလ် လိုနေပါသည်။ သင့်လျော်သော ရဟန်းတစ်ပါး အလို့ငှာ အကျွန်ုပ်ထံမှာ ဆိုလာပါသည်။ အကျွန်ုပ်အလိုကား အရှင်ဘုရားကို ကြည်ညိုလှသည် ဖြစ်၍ အရှင်ဘုရားကိုသာ ရစေချင်ပါသည် "
" မြို့၏ အရှေ့မြောက်ထောင့်တွင် ကျောင်းတစ်ကျောင်း လစ်လပ်သည်မှန်၏။ ဤကျောင်းကို ရအောင် အမတ်ကြီး ကြံပေးပါ။ သင့်အား လက်ဆောင်များစွာ ပေးပါမည် "
" ရအောင် ကြံပေးပါမည် ၊ မည်သည့်လက်ဆောင် ပေးမည်နည်း "

ထိုအခါ ခိုးထားသော လက်ကောက်များကို ထုတ်ပေးပါတော့တယ်။ လက်ကောက်များကို မုန့်သည်မအား ပြသော် ဟုတ်မှန်ကြောင်း ဆိုသဖြင့် မုန့်သည်မ၊ လက်ကောက်များ နှင့် ရဟန်း တို့အား မင်းကြီးထံ အပ်လေ၏။

အမတ်ဒိန် ပြောသည့် သူသမီးငါယူဆိုသည့်ပုံပမာ

တစ်ခါကလည်း ရာဇာဓိရာဇ်သည် ရခိုင်တွင် စစ်နိုင်လိုက်ပြီး ရခိုင်တွင်ရှိသော အင်းဝမင်း၏ သမက်တော်ကာမဏိ နှင့် သမီးတော်ကို ဟံသာဝတီသို့ခေါ်ခဲ့၏။ ကာမဏိ က ပုသိမ်တွင် အဆိပ်သောက်သေ လေ၏။ သမီးတော်စောပြည့်ချမ်းသာကို ရာဇာဓိရာဇ် မိဖုရားမြှောက်လိုက်၏။

ယင်းကို အင်းဝဘုရင်က “သင့်သမီးကို ငါရတုန်းက ငါ့သားတော် သီဟသူနှင့် စုန်ဖက်စေခဲ့ပေမယ့် သင်ကတော့ ထိုကဲ့သို့မကျင့် မလျော်ကန်သော အကျင့်ကိုကျင်ခဲ့၏။ ထို့ကြောင့် သင့်ထံငါစစ်ချီလာရ၏” ဆိုသည့် စာလွှာကို ရာဇာဓိရာဇ်ဖတ်ပြီးနောက် “အင်းဝတွင် မင်းရာဇာ၊ အင်းပဲသူကြီး၊ စုက္ကတေးကဲ့သို့ စကားတတ်သော အမတ်တွေများ လှသည်။ ငါ့မှူးမတ်များက ဘာမျှမပြောကြ” ဟု ဆိုသော် အမတ်ဒိန်က “ပထမမြန်မာနိုင်ငံကို တည်ထောင်သူ အနော်ရထာမင်းသည်လည်း သူ၏အဆွေတော်ဖြစ်သူ မနူဟာမင်း၏ သမီးကို မိဖုရားမြှောက်ဖူးသည်။ မြတ်စွာဘုရားတို့မည်သည်လည်း ရှေးကပွင့်တော်မူခဲ့သော ဘုရားတို့သည်လည်း ဘုရားတို့ အဆက်ဆက် မျှောခဲ့သောဌာနတွင်ပင် အစဉ်အလာအတိုင်းမျှောခဲ့သည်။ ငါတို့အရှင်သည် အနော်ရထာမင်းထုံးကို နှလုံးမူပြီးကျင့်သုံးသဖြင့် ဒါကို မလျော်ကန်သော အကျင့်ဟုမဆိုထိုက်” ဟုပုံပမာပြ၍ ဆိုရာ သူ့ရှင်လည်း နှစ်သက်တော်မူခဲ့ပါတယ်။ စကားယူလာသူ အင်းဝဘက်မှ အင်းပဲသူကြီး ကိုယ်တိုင်ကလည်း “အမတ်ဒိန်သည် ပညာရှိပီသ၍ စကားတတ်လှပေသည်” ဟု ဝန်ခံချီးကျူးခဲ့ရပါသည်။

အမတ်ဒိန်သည် ရာဇာဓိရာဇ်အတွက် အသက်စွန့်၍ ဆောင်ရွက်ခဲ့သူ ဖြစ်သော်လည်း ရာဇာဓိရာဇ်ပြောသမျှ ခေါင်းညှိတ်တတ်သူ မဟုတ်။ပြောစရာရှိရင် ပြောသလို တားစရာရှိရင်လည်း ရဲရဲဝံ့ဝံ့တားတတ်သူပင်။ သို့သော် တားသည့်အခါတိုင်းလည်း တုံးတိတားခြင်းမဟုတ် စကားလိမ္မာနဲ့ သွယ်ဝိုက်ပြီးဖြောင့်ဖြတတ်တာကြောင့် ရာဇာဓိရာဇ် လက်ခံခဲ့ရချည်သည်းပင်။

ထိုအထဲမှ တစ်ခုကိုပြရသော် ရာဇာဓိရာဇ်သည် အင်းဝကိုသိမ်းရန် ကြီးမားတဲ့ ရေတပ်ကြီးဖြင့် ချီခဲ့ပြီး ပထမဆုံးစစ်ကိုင်းကို သိမ်းသည်၊ ထို့နောက်တကောင်းကို သိမ်းသည်။ ထိုမှ အင်းဝကို သိမ်းရန်ချီလာသောအခါ အင်းဝဘုရင်မင်းခေါင်သည် အင်အားနည်းနေချိန်ဖြစ်တာကြောင့် ရာဇာဓိရာဇ်ရေတပ်ကို မယှဉ်ဝံ့။ ပင်းယစကြိုသူမြတ်က ဝင်ရောက်ဖြောင်းဖြမှုကြောင့် ကုသိုလ်ကောင်းမှုများ ပြုလုပ်ပြီး ဟံသာဝတီသို့ ပြန်လည်ဆုတ်ခွာကာ အင်းဝဘက်ကိုလှည့်ကြည့် ချိန်၌ မီးခိုးလုံးကြီးကို မြင်ရပါသည်။ ရာဇာဓိရာဇ်ကောင်းမှုကုသိုလ်အဖြစ်ဆောက်လုပ်ခဲ့တဲ့ ရွှေကြက်ယက်တံတိုင်းမှ ကျောင်းဆောင်ကို ဘုရင်မင်းခေါင်အမိန့် နဲ့ မီးရှို့ပစ်လိုက်ခြင်းဖြစ်ပေသည်။

မတိုက်လိုသဖြင့် နောက်ကြောင်းပြန်လှည့်ခဲ့သည်ကို ယခုကဲ့သို့စော်ကားခံလိုက် ရသောအခါ ရာဇဓိရာဇ် ဒေါသ အထွဋ်အထိပ်ရောက်၍ ချက်ချင်းပဲ ပြန်လှည့် ဆိုကာ အင်းဝကိုတိုက်ဖို့ ပြင်စေပါသည်။ ပြန်လှည့်ဆိုသော်လည်း အချိန်အတော်ကြာချီခဲ့ရသော စစ်သည်တွေများမှာ စစ်ပန်းနေခဲ့ပြီး တက်ကြွမှု မရှိတော့။ သို့သော် ဒေါသကြီးနေသော မင်းမိန့်ဖြစ်၍ အားလုံးခေါင်းငုံလျှက် ဘာမျှပြန်မပြောရဲကြပေ။ ဒီအချိန်မှာတားမှဖြစ်မယ် ဆိုပြီး အမတ်ဒိန်လျှောက်ခဲ့သည်မှာ “အရှင့်ရဲ့ကုသိုလ်တော်သည် လှူဒါန်းပြီးဖြစ်သဖြင့် ကုသိုလ်ရပြီးဖြစ်သည်။ အရှင့်ကုသိုလ်တော်ကို ဖျက်လိုဖျက်စီးလုပ်သော ဘုရင်မင်းခေါင်မှာသာ အကုသိုလ်ဖြစ်ချေပြီ။ ဘုန်းတန်ခိုးအာနုဘော်လည်း ရှိတော့မည်မဟုတ် ။ ထိုကြောင့် ဘုရင်မင်းခေါင်သည် အရှင့်ကို ယှဉ်ပြိုင်အနိုင်ယူရန်မဖြစ်နိုင်တော့ချေ။ ဘုရားရှင်ကိုယ်တော်တိုင်ကလည်း စစ်ခင်း၍ အကြိမ် ရာ၊ ထောင် နိုင်သော်လည်း ခန္တီစဟူသော သည်းခံခြင်းစစ်ကို တစ်ကြိမ်အောင်မြင်သည်နှင့် မညီသေးဟု ဟောတော်မှုခဲ့ပါတယ်။ ဒါ့အပြင် အရှင်ကိုယ်တိုင် ပြန်ဆုတ်တော့မည် ဖြစ်ကြောင်း စကြိုသူမြတ်ကို ကတိပေးခဲ့ပြီးပါပြီ။ ထွက်ပြီးသား အစွယ် ပြန်မဝင်သကဲ့သို့ မင်းဧကရာဇ်နှုတ်ကထွက်သောစကားသည်လည်း ရုပ်သိမ်းရန်မသင့်ပါ အရှင်” ဟူ၍ ဖြစ်ပါသည်။ စကား မှန်နေသဖြင့် ရာဇာဓိရာဇ် တပ်များကို ဟံသာဝတီကို ပြန်လှည့်ရန်သာ အမိန့်ပေးလိုက်ပါသည်။

အမတ်ဒိန်ရဲ့ငိုပွဲ

အမတ်ဒိန် သည် စကားအရာသာ ကျွမ်းကျင်လိမ္မာသည်မဟုတ် နိုင်ငံရေး စစ်ရေးအမြင်လည်း ရှိသူ ဖြစ်သည်။ ၎င်းရဲ့ပုသိမ်ခံတပ်ကို မင်းရဲကျော်စွာတပ်မကြီး လုံးဝထိုးဖောက်လို့မရခဲ့သည်ကို ကြည့်လျှင် ၎င်းရဲ့ဦးဆောင်ကွပ်ကဲမှု စွမ်းရည်ကို သိနိုင်သည်။ သို့သော် သူရဲကောင်း အမတ်ကြီး ငိုချင်းချခဲ့ရသော အဖြစ်တစ်ခုလည်း ရှိခဲ့ပါသည်။

ရာဇာဓိရာဇ်နန်းတက်သောအခါ ငယ်ချစ် တလမေဒေါကို မိဖုရားကြီးအရာ မမြှောက်ပဲ မွေမနိတ် ကိုမြှောက်လိုက်သည်။ တလမေဒေါ ရာဇာဓိရာဇ်အမိန့်နဲ့ စည်းစိမ်ရုပ်သိမ်းခံရသည်။ ဒါ့အပြင် ခမည်းတော် ဗညားဦးပေးခဲ့သော တန်ဖိုးကြီး လက်စွပ်ဆယ့်နှစ်ချည်ကို မွေမနိတ်ကို ပေးဖို့ တလမေဒေါထံမှ အမတ်ဒိန်အား သွားရောက်တောင်းခံစေခဲ့သည်။

အရာကျခဲ့သူ မိဖုရားကို ထပ်မံညှင်းဆဲ သလို ဖြစ်သည့်အတွက် အမတ်ဒိန် စိတ်မချမ်းသာလှသော်လည်း မင်းမိန့်ဖြစ်ရကား မျက်ရည် စက်လက်ဖြင့် တောင်းခဲ့ရသည်ဟု အရေးတော်ပုံကျမ်းတွင် ပါရှိပါသည်။ (တလမေဒေါသည် နောက်ဆုံးတွင် အဆိပ်သောက်ပြီး သတ်သေသွားခဲ့ပါသည်။)

ကိုးကား

    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.