နင်ဂျာ

နင်ဂျာ သို့မဟုတ် ရှိနော့ဘိ သည် ဂျပန်ပဒေသရာဇ်ခေတ် မှ လျှို့ဝှက်အေးဂျင့် သို့မဟုတ် ကြေးစား တစ်မျိုးဖြစ်သည်။ နင်ဂျာ၏ လုပ်ဆောင်မှုများတွင် သူလျှိုလုပ်ခြင်း ၊ လှည့်စား ခြင်းနှင့် အံ့အားသင့်စရာ တိုက်ခိုက်မှုများပါဝင်သည်။ [1] သူတို့၏ ပုံမှန်မဟုတ်သော စစ်ဆင်ရေး များကို လျို့ဝှက်နည်းလမ်းများ သုံး၍ ပြုလုပ်ခဲ့ခြင်းသည် ဆာမူရိုင်း များ၏ ဂုဏ်သိက္ခာအောက် နိမ့်ကျပြီး ဂုဏ်သရေမဲ့သော လုပ်ရပ်ဟု မှတ်ယူခဲ့ကြသည်။ [2] အထူး လေ့ကျင့်သင်ကြားထားသော သူလျှိုနှင့်ကြေးစားများ ဖြစ်သော ရှိနော့ဘိ အစစ်များသည် ၁၅ ရာစု ဆန်ဂိုးကု ခေတ်အတွင်း ပေါ်ပေါက်ခဲ့သော်လည်း ယခင် အစောပိုင်း ၁၂ ရာစုကတည်းက အလားတူ နင်ဂျာများ ရှိခဲ့ကြသည်။ [3] [4]

ဟိုကူစိုင်း မှ ပုံကြမ်းခြစ်ထားသော နင်ဂျာ၏ ပုံသဏ္ဌာန်။ စာရွက်ပေါ်တွင် သစ်သားပုံနှိပ်တုံးဖြင့် နှိပ်ထားသည့် အတွဲ (၆) မှ ။ ၁၉၁၇

ဆန်းဂိုးကုခေတ် မငြိမ်မသက် ဖြစ်နေစဉ်တွင် အိဂါပြည်နယ် နှင့် ကိုးဂါ ကျေးရွာ ပတ်ဝန်းကျင်တို့တွင် ကြေးစားများနှင့် စပိုင်များ ခြေချင်းလိမ်နေခဲ့ကြပြီး ထိုဒေသများမှ နင်ဂျာနှင့် ပတ်သက်သော သိကောင်းစရာ များစွာရရှိခဲ့သည်။ ၁၇ ရာစုတွင် တိုကူဂါဝါရှိုးဂန်းနိတ် လက်အောက်တွင် ဂျပန်ကို ပေါင်းစည်းလိုက်သောအခါ နင်ဂျာတို့သည် မှေးမှိန် ပျောက်ကွယ်သွားခဲ့သည်။ [5] ၁၇ ရာစုနှင့် ၁၈ ရာစုနှစ်များတွင် တရုတ် စစ်ရေး အတွေးအခေါ် အပေါ် မကြာခဏ အခြေခံ၍ ရေးသားလေ့ရှိသော ရှိနော့ဘိ လက်စွဲစာအုပ်အများစုရှိပြီး နာမည်ကျော်သော စာအုပ်မှာ ဘန်ဆန်ရှူကိုင်း (၁၆၇၆) ဖြစ်သည်။ [6]

မေဂျီ ပြန်လည် ထူထောင်ခြင်း ခေတ် (၁၈၆၈) အချိန် တွင် ရှိနော့ဘိ တို့သည် ဂျပန်တွင် လူကြိုက်များသော စိတ်ကူးယဉ် နှင့် လျို့ဝှက်သည်းဖို ဇာတ်လမ်းများ ဖြစ်လာခဲ့သည်။ နင်ဂျာများအား ဒဏ္ဍာရီများ နှင့် ရိုးရာပုံပြင်များတွင် ထင်ရှားစွာ ထည့်သွင်းခဲ့ကြသည်။ ၎င်းတို့သည် ကိုယ်ဖျောက်နိုင်ခြင်း ၊ ရေပေါ် လမ်းလျှောက်ခြင်းနှင့်သဘာဝ ဒြပ်စင်များကို ထိန်းချုပ်ခြင်းစသည့် ဒဏ္ဍာရီဆန်သော စွမ်းအင်များ နှင့် ဆက်စပ်နေသည်။ အကျိုးဆက်အားဖြင့် ရေပန်းစား လူကြိုက်များသော ယဉ်ကျေးမှုများတွင် သူတို့အား မြင်သော အမြင်မှာ ဆန်ဂေါ့ကုခေတ်က လျို့ဝှက်လူသားများထက် ထိုသို့သော ဒဏ္ဍာရီ နှင့် ရိုးရာပုံပြင်များ အပေါ်တွင် အခြေခံသည်။

အမည်

နင်ဂျာအား ဂျပန် ခန်းဂျီး အက္ခရာဖြင့် ရေးသားထားပုံ

နင်ဂျာသည် "忍者" ဆိုသော ဂျပန်ခန်းဂျီး အက္ခရာ နှစ်လုံးကို အွန်ယောမိ ( အစောပိုင်းတရုတ်အလယ်အလတ်လွှမ်းမိုးမှု ) အဖြစ် ဖတ်ရှုခြင်းဖြစ်သည်။ ဒေသခံ ကွန်ရောမိ ဖတ်ကြားမှုတွင် ၎င်းအား ရှိနော့ဘိ ဟု အသံထွက်ပြီး ရှိနော့ဘိ နော့ မိုနော့၏ အတိုကောက် ဖြစ်သည်။

ရှိနော့ဘိ ဟူသောဝေါဟာရကို ၈ ရာစုနှောင်းပိုင်းမှ မန် မန်ယောရှူး ကဗျာများတွင် စတင်တွ့ရှိရသည်။ [7] ရှိနော့ဘိ ( ) ၏ နောက်ခံအဓိပ္ပာယ်မှာ "ခိုးယူရန်၊ ဖုံးကွယ်ရန်" နှင့်ထပ်မံ၍ " သည်းခံရန်" ကိုဆိုလိုသည်။ မိုနော့ ( ) ဆိုသည်မှာ လူပုဂ္ဂိုလ်တစ် ဦးကို ဆိုလိုသည်။

သမိုင်းကြောင်းအရ နင်ဂျာ ဟူသောစကားလုံးအား ကျယ်ပြန့်စွာ မသုံးစွဲခဲ့ပေ။ ဒေသတွင်းသုံး စကားလုံး အမျိုးမျိုးသည် နောက်ပိုင်းတွင် နင်ဂျာ ဟု ခေါ်ဆိုမည့်အရာကို ဖော်ပြရန် တဖြည်းဖြည်း ပြောင်းလဲ လာခဲ့သည်။ ရှိနော့ဘိ နှင့်အတူ အချို့သောဥပမာများမှာ မိုနော့မိ( "ကြည့်နေသောသူ")၊ နော့ကိဇာရု ( "ခေါင်မိုးပေါ်မှမျောက်")၊ ရပ်ပါ( "လူဆိုး")၊ ကူဆာ ( "မြက်") နှင့် အိဂါ-မိုနို ( "အိဂါမှလူ") စသည်တို့ ဖြစ်သည်။ ။ [5] သမိုင်းဆိုင်ရာစာရွက်စာတမ်းများတွင် ရှိနော့ဘိ အား အမြဲတမ်း အသုံးပြုသည်။

အနောက်နိုင်ငံများ တွင် နင်ဂျာ ဟူသောစကားလုံးသည် ဒုတိယကမ္ဘာစစ် အပြီးတွင် ရှိနော့ဘိ ထက်ပိုမို ကျယ်ပြန့်စွာ သိရှိကြသည်။ အဘယ်ကြောင့် ဆိုသော် အနောက်တိုင်း စကားပြောသူများအတွက် ခေါ်ဆိုရ ပိုမိုလွယ်ကူသောကြောင့် ဖြစ်သည်။ [2] ဂျပန်စကားတွင် အများကိန်း မရှိသောကြောင့် အင်္ဂလိပ်စကားတွင် နင်ဂျာကို အများကိန်း အနေဖြင့် သုံးပါက s ထည့်၍ ဖြစ်စေ မထည့်၍ ဖြစ်စေ သုံးကြသည်။ [8]

သမိုင်း

မင်းသား ဟိကာရု ဂန်းဂျိ နှင့် နင်ဂျာတစ်ဦး ။ စက္ကူပေါ်တွင် သစ်သားပုံနှိပ်တုံးဖြင့် နှိပ်ခြင်း။ ကူနီဆားဒါး ၁၈၅၃။

လူကြိုက်များသောရိုးရာပုံပြင်များစွာရှိသော်လည်း နင်ဂျာ ၏ သမိုင်းဆိုင်ရာ မှတ်တမ်းများမှာရှားပါးလှသည်။ သမိုင်းပညာရှင် စတီဗင်တန်းဘူး က အဆိုပါ နင်ဂျာများကို နိမ့်ပါးသောလူတန်းစားများမှ အများဆုံး စုဆောင်းခဲ့ခြင်းကြောင့် စာပေဘက်မှ သူတို့အပေါ် စိတ်ဝင်စားမှုနည်းပါးသည်ဟုဆိုခဲ့သည်။ [2] လျှို့ဝှက်စွာ အလုပ်လုပ်ရန် သဘောတူခြင်း နှင့် ဂုဏ်သိက္ခာနှင့် ဂုဏ်ကျက်သရေ မပါဝင်ဘဲ သူတို့၏ ဝန်ဆောင်မှုများကိုငွေကြေးဖြင့် ရောင်းဝယ်ရန် သဘောတူခြင်းတို့သည် နင်ဂျာတို့၏ နဂိုမူလ လူမှုရေးအခြေအနေကြောင့် ဖြစ်သည်ဟု ရှုမြင်ကြသည်။[9] သမိုင်းမှတ်တမ်းများရှားပါးမှုဥပမာ အနေနှင့် ဟိုးဂျန်ပုံပြင် နှင့် ဟေးကဲပုံပြင် စသည့် စစ်ဘက်ဆိုင်ရာ ဂန္ထဝင်စာပေများတွင် အထက်တန်းလွှာ ဆာမူရိုင်းများကိုသာ အဓိက အသားပေးထားပြီး သူတို့၏ လုပ်ဆောင်ချက်များသည် ပရိသတ်များကို ပို၍ ဆွဲဆောင်နိုင်ခဲ့သည်။ [2]

သမိုင်းပညာရှင် ကိယောရှိ ဝါတာတာနီ က နင်ဂျာတို့သည် ၎င်းတို့၏လုပ်ရပ်များနှင့် နေထိုင်မှုများကို အထူးလျှို့ဝှက်ရန် လေ့ကျင့်သင်ကြားထားသည်ဟု ဆိုသည်။


နင်ဂျုဆု နည်းလမ်းဟု ခေါ်သော် အရာများတွင် ပြိုင်ဘက်အနေနှင့် သူ၏ ပြိုင်ဘက်မရှိကြောင်း စိတ်ချနေရန် ရည်ရွယ်ထားပြီး ထိုသို့ဖြစ်စေရန် အထူးလေ့ကျင့်သင်ကြားမှုများ ပြုလုပ်ထားသည်ဟု ဆိုသည်။

နင်ဂျာမတိုင်မီ

ယာမာတို တာကဲရုသည်အစေခံအဖြစ် ဝတ်ဆင်ကာ ကူမာဆို ခေါင်းဆောင်များကိုသတ်ရန်ပြင်ဆင်သည်။ စက္ကူပေါ်တွင် သစ်သားပုံနှိပ်တုံးဖြင့် နှိပ်ခြင်း။ ယောရှိတိုရှိ ၊ ၁၈၈၆။

နင်ဂျာ ဆိုသော အမည်နာမကို တစ်ခါတစ်ရံတွင် ၄ ရာစုမှ ဒဏ္ဍာရီ ဆန်ဆန် မင်းသား ယာမာတို တာကဲရု နှင့်နောက်ကြောင်းပြန် ဖော်ပြလေ့ ရှိသည်။ [10] ကိုဂျီကီ ဟုခေါ်သော ဂျပန် ဒဏ္ဍာရီ မှတ်တမ်းတွင် ယာမာတို တာကဲရုသည် ငယ်ရွယ်သောမိန်းကလေး တစ်ဦး အဖြစ် ရုပ်ဖျက်ကာ ကူမာဆိုလူမျိုး ခေါင်းဆောင်နှစ်ဦးကို လုပ်ကြံခဲ့သည်။ [11] သို့သော် ဤမှတ်တမ်းများ ဂျပန်သမိုင်း၏ အလွန်စောသော အချိန်က ဖြစ်ပျက်ခဲ့သောကြောင့် နောက်ပိုင်းမှတ်တမ်းများ ဖြစ်သော ရှိနော့ဘုများနှင့် ဆက်စပ်မှု မရှိနိုင်ပေ။ ပထမဆုံး မှတ်တမ်းတင်ထားသောသူလျှိုလုပ်ခြင်းမှာ ၆ ရာစု မင်းသား ရှိုးတိုးကု ၏ စေခိုင်းမှု ဖြစ်သည်။ [12] ထိုသို့သော နည်းဗျူဟာများကို အစောပိုင်းကာလကပင် မနှစ်မျို့စရာဟု ယူဆကြပြီး ၁၀ ရာစု ရှိုမွန်ကီ မှတ်တမ်းအရ သူလျှိုကောင်လေး ကိုဟာရု မာရုသည် သည် သူပုန် တိုင်ရာ နော့ မာဆာကာဒို ကို သူလျှိုလုပ်ခြင်းကြောင့် အသတ်ခံခဲ့ရသည့် ဟု ဆိုသည်။ [13] နောက်ပိုင်း ၁၄ ရာစု စစ်ပွဲဆိုင်ရာ မှတ်တမ်း တိုင်ဟေးကီ တွင် ရှိနော့ဘိအား ရည်ညွှန်းမှု အများအပြား ပါဝင်ပြီး ရဲတိုက်အား မီးရှို့ဖျက်ဆီးခြင်းကို အလွန်ကျွမ်းကျင်သော အမည်မဖော်ပြထားသော ရှိနော့ဘိတစ်ဦးမှ လုပ်ဆောင်ခဲ့သည်ဟု အသိအမှတ်ပြုထားသည်။။ [2]

အစောပိုင်းသမိုင်း

၁၅ ရာစုအထိ သူလျှိုများကို သူလျှိုလုပ်ဆောင်ရန် ရည်ရွယ်၍ အထူးလေ့ကျင့် သင်ကြားခြင်းမျိုး မရှိခဲ့ပေ။ [2] ဤအချိန်လောက်တွင် ရှိနော့ဘိ ဟူသောစကားလုံးသည် နင်ဂျာ ကို လျှို့ဝှက်အေးဂျင့်အဖွဲ့များ အဖြစ် ရှင်းလင်းစွာ ဖော်ပြသတ်မှတ် ထားသည်။ သမိုင်းမှတ်တမ်းများတွင် အထောက်အထားများကို တွေ့ရပြီး ထိုမှတ်တမ်းများအရ ဆန်ဂေါ့ကုခေတ်အတွင်း လျို့ဝှက်စစ်သားများကို ရှိနော့ဘိများဟု ရည်ညွှန်းခဲ့ကြသည်။ [2] နောက်ပိုင်းတွင်သူလျှိုလုပ်ခြင်းဆိုင်ရာ လက်စွဲစာအုပ်ကိုတရုတ် စစ်မဟာဗျူဟာ ကျမ်းများတွင် အခြေခံပြီး ဆွန်ဇူးစစ်သေနင်္ဂဗျူဟာ အနုပညာ ကဲ့သို့သော စာပေများကို ကိုးကားထားသည်။[12]

နင်ဂျာသည် ၁၅ ရာစုတွင် ကြေးစားများအဖြစ် ပေါ်ပေါက်လာရာ သူတို့အား သူလျှိုများ၊ ဝင်ရောက် စီးနင်းသူများ၊ မီးရှို့သူများ နှင့် နောက်ဆုံး အကြမ်းဖက်တိုက်ခိုက်သူများ အဖြစ်ပင်စုဆောင်းခဲ့သည်။ ဆာမူရိုင်းများကြားတွင် ဓလေ့ထုံးတမ်းများနှင့် အပြုအမူကောင်းများကို ကျင့်သုံးကြပြီး လူတစ်ဦးအနေနှင့် ပွင့်လင်းမြင်သာစွာ တိုက်ခိုက်မည် သို့မဟုတ် နှစ်ယောက်ချင်း တိုက်မည်ဟု မျှော်လင့်ထားကြသည်။ ဆန်ဂေါ့ကုခေတ်အတွင်း မငြိမ်မသက်မှုများကြောင့် သာမန်စစ်သူရဲများ အတွက် ဂုဏ်သိက္ခာ မရှိသော အလုပ်ဟု သတ်မှတ်သည့် အလုပ်များကို လုပ်ကိုင်ပေးနိုင်မည့်သူများအား လိုအပ်မှု ဖြစ်ပေါ်လာခဲ့သည်။ [12] [2] ဆန်ဂေါ့ကုခေတ်တွင် ရှိနော့ဘိတို့တွင် အခန်းကဏ္ဍ အမျိုးမျိုး ရှိပြီး ၎င်းတို့မှာ သူလျှို (ကန်ချော) ၊ ကင်းထောက် (တေးဆတ်ဆု) ၊​လျှပ်တပြက်တိုက်ခိုက်သူ (ကီရှူး)​ နှင့် ဆွပေးသူ (ကွန်ရန်း) တို့ ဖြစ်ကြသည်။ [2] အဆိုပါ နင်ဂျာ အဖွဲ့အစည်းများကို ကျယ်ပြန့်သော အသင်းအပင်းများ အဖြစ် စုစည်းခဲ့ပြီး တစ်ခုချင်းစီတွင် ကိုယ်ပိုင်နယ်နိမိတ် သတ်သတ်စီ ရှိကြသည်။ [12] အဆင့်သတ်မှတ်ချက် စနစ်လည်း ရှိပြီး ဂျိုးနင်း ("အထက်လူ") သည်အမြင့်ဆုံးရာထူးဖြစ်ကာ အုပ်စုကို ကိုယ်စားပြုပြီး ကြေးစားများကို ငှားရမ်းသည်။ ၎င်း၏နောက်တွင် ချူးနင်း ("အလယ်လူ") ဟုခေါ်သော ဂျိုးနင်၏ လက်ထောက် ဖြစ်သည်။ အောက်ဆုံးတွင် ဂျီးနင်း ("အောက်ပိုင်းလူ")ရှိပြီး အောက်ဆုံးလွှာမှ ခေါ်ယူထားသော ကွင်းဆင်းဆောင်ရွက်မည့် အေးဂျင့်များ ဖြစ်ကြပြီး တကယ့် စစ်ဆင်ရေးများကို ပြုလုပ်ရန် တာဝန်ပေးအပ် ခံရသူများ ဖြစ်သည်။ [14]

အိဂါနှင့် ကိုးဂါမျိုးနွယ်စုများ

အိဂါလွင်ပြင် အား ဝေးလံခေါင်းပါးသော အရပ်မှ တောင်ကုန်းများမှ ဝန်းရံထားပြီး နင်ဂျာများကို အထူးလေ့ကျင့်ပေးသည့် ကျေးရွာများ ပေါ်ပေါက်ရာ နေရာ ဖြစ်သည်။

အိဂါ နှင့် ကိုးဂါမျိုးနွယ်စုတို့သည် အိဂါပြည်နယ် ( ယနေ့ခေတ် မီအဲစီရင်စု) နှင့် ကပ်လျှက်ရှိသည့် ကိုးဂါဒေသ (ယခုအခါ ရှိဂါ့ စီရင်စု) တို့တွင် နေထိုင်သော မိသားစုများ ဖြစ်ကြသည်။ ထိုဒေသများမှ ကျေးရွာများသည် နင်ဂျာတို့အား လေ့ကျင့်သင်ကြားခြင်းကို အားစိုက်လုပ်ကိုင်ကြသော ကျေးရွာများ ဖြစ်သည်။[15] ဝေးလံခေါင်းပါးခြင်း နှင့် အနီးအနားရှိ တောင်ကုန်းများကြောင့် သွားလာရန်ခက်ခဲခြင်းတို့သည် နင်ဂျာတို့၏ လျို့ဝှက်ဖွံ့ဖြိုးတိုးတက်မှုတွင် အခန်းကဏ္ဍတစ်ခု အဖြစ် ပါ ဝင်သည်။ [14] ဤတောင်တန်းဒေသများရှိ နင်ဂျာတို့၏ မူလအစနှင့် ပတ်သက်သော သမိုင်းဆိုင်ရာ စာရွက်စာတမ်းများကို ယေဘုယျအားဖြင့် မှန်ကန်သည်ဟု မှတ်ယူကြသည်။ [2] ဂေါ့ကာဂါ့မိ ဖူရောကု မှတ်တမ်းစဉ်က မျိုးနွယ်စု နှစ်ခု၏ ရင်းမြစ်အကြောင်းကိုရေးသားခဲ့သည်။

ဤဒေသများမှ နင်ဂျာများကို သူလျှိုများ သို့မဟုတ် ကြေးစားအဖြစ် ငှားရမ်းထားသည့် သာမန်လူများ သို့မဟုတ်ဆာမူရိုင်းများမှ ခွဲခြားရန်လိုအပ်သည်။ သူတို့နှင့် လုပ်ငန်းတူသော အခြားသူများကဲ့သို့ မဟုတ်ဘဲ အိဂါ နှင့် ကိုးဂါ မျိုးနွယ်စုများသည် ပရော်ဖက်ရှင်နယ် နင်ဂျာ များကို မွေးထုတ်ခဲ့ပြီး ၎င်းတို့၏ လုပ်ငန်းဆောင်တာများအတွက် အထူးလေ့ကျင့် ပေးခဲ့သည်။ [2] ဤပရော်ဖက်ရှင်နယ်နင်ဂျာ များကို ဒိုင်မျိုး တို့မှ ၁၄၈၅ မှ ၁၅၈၁ ကြား အမြဲတစေ ငှားရမ်းခဲ့ကြသည်မှာ အိုဒါ နိုဘူနာဂါတို့မှ အိဂါပြည်နယ်အား ကျူးကျော်ဝင်ရောက်၍ စနစ်တကျ စုစည်းထားသော မျိုးနွယ်စုများကို သုတ်သင်ရှင်းလစ်ပစ်ခဲ့သည့် အချိန်အထိပင် ဖြစ်သည်။[5] အသက်ရှင်ကျန်ရစ်သူများသည် ထွက်ပြေးခဲ့ကြရပြီး အချို့မှာ တိုကုဂါဝါ ရှိုးဂန်း ကို တည်ထောင်သူ တိုကုဂါဝါ အိအဲယဆု ထံသို့ ရောက်ရှိခဲ့ကြကာ ကောင်းမွန်စွာ စောင့်ရှောက်ခံကြရသည်။ [2] ဟတ်တိုးရိ ဟန်ဇိုး အပါအဝင် ယခင်က အိဂါ မျိုးနွယ်စုဝင်များသည် တိုကုဂါဝါ၏ သက်တော်စောင့်များ အဖြစ် နောက်ပိုင်းတွင် အမှုထမ်းကြသည်။ [16]

၁၅၆၀ ခုနှစ်တွင် အိုကဲဟာဇာမာ တိုက်ပွဲ အပြီးတွင် တိုကုဂါဝါသည် တိုမို ဆုကဲဆာဒါ ဦးဆောင်သော ကိုးဂါနင်ဂျာ အယောက်ရှစ်ဆယ် အုပ်စုကို ခန့်အပ်ခဲ့သည်။ သူတို့အား အိမာဂါဝါ မျိုးနွယ်စု ၏ တပ်စခန်းကို ဝင်ရောက်စီးနင်းရန် တာဝန်ပေးအပ်ခဲ့သည်။ ဤချေမှုန်းရေး မှတ်တမ်းအား မီကာဝါ ဂေါ့ ဖူဒိုကိတွင် ဖော်ပြထားသည်။ ထိုစီးနင်းမှုတွင် ကိုးဂါ နင်ဂျာများမှ ရဲတိုက်အတွင်း ထိုးဖောက်ဝင်ရောက်ခဲ့ပြီး မျှော်စင်များကို မီးရှို့ခဲ့သည်။၊ တပ်ရင်းအင်အား နှစ်ရာနှင့် တကွ ရဲတိုက်အတွင်း နေထိုင်သူများကို သတ်ဖြတ်ခဲ့သည်။ [2] ကိုးဂါနင်ဂျာများသည် ဆဲကိဂါဟာရာ စစ်ပွဲ (၁၆၀၀) တွင်ပါဝင်ခဲ့ပြီး ရာပေါင်းများစွာသော ကိုးဂါနင်ဂျာများသည် တိုရီး မိုတိုတာဒါ လက်အောက်ရှိ စစ်သားများအား ဖူရှိမိရဲတိုက် ကာကွယ်ရေး အတွက် အကူအညီ ပေးခဲ့သည် ဟုဆိုသည်။ [2] ဆဲကိဂါဟာရာ တွင် တိုကုဂါဝါ အနိုင်ရရှိပြီးနောက် အိဂါ တို့ သည် အဲဒိုရဲတိုက် အတွင်းပိုင်း ဝန်းအတွင်း အစောင့်အကြပ် အဖြစ်လည်းကောင်း၊ အပြင်တံခါးဝကို ကာကွယ်ရန် စောင့်ကြည့်သူတပ်ဖွဲ့ အဖြစ်လည်းကောင်း ကူညီပံ့ပိုးပေးခဲ့သည်။ [16] ၁၆၁၄ ခုနှစ် အိုဆာကာမြို့ သိမ်းပိုက်ရေး အတွက် ကနဦး "ဆောင်းရာသီ စစ်ဆင်ရေး"တွင် နင်ဂျာများကို တစ်ဖန်ပြန်လည် အသုံးပြုခဲ့သည်။ တိုကုဂါဝါ ထံတွင် အမှုထမ်းနေသော နင်ဂျာတစ်ဦးဖြစ်သူ မိအုရ ယိုအဲမွန် အိဂါ ဒေသမှ ရှိနော့ဘိများကို အသစ်ထပ်ခန့် ခဲ့ပြီး နင်ဂျာ ၁၀ ဦးကို အိုဆာကာ ရဲတိုက်သို့ စေလွှတ်ကာ ရန်သူတပ်မှူးများကြားတွင် ဆက်ဆံရေး ဆိုးရွားလာစေရန် ဆောင်ရွက်ခဲ့သည်။[2] နောက်ပိုင်း နွေရာသီ စစ်ဆင်ရေး ကာလအတွင်း တန်နိုးဂျိ တိုက်ပွဲတွင် ထိုငှားရမ်းထားသော နင်ဂျာများသည် ပုံမှန်စစ်တပ်များနှင့်အတူ တိုက်ခိုက်ခဲ့ကြသည်။

ရှိမဘရ ပုန်ကန်မှု

နင်ဂျာများ၏ နောက်ဆုံးနှင့် အသေးစိတ်ကျသော စစ်မျက်နှာဖွင့် တိုက်ခိုက်သည့် မှတ်တမ်းကို ရှိမဘရ ပုန်ကန်မှု (၁၆၃၇-၁၆၃၈) တွင် တွေ့ရသည်။ [2] ရှိုးဂန်း တိုကုဂါဝါ အိုင်အဲမိဆု အသစ်ခန့်အပ်ခဲ့သော ကိုးဂါနင်ဂျာများသည် ဟိဇန်ပြည်နယ်ရှိ ဟာရာရဲတိုက်တွင် နောက်ဆုံးခံစစ် အဖြစ် ရပ်တည်နေသော အာမာကူဆာ ရှိရော ဦးဆောင်သော ခရစ်ယာန်သူပုန်များကို တိုက်ခိုက်ခဲ့သည်။ မာဆုဒိုင်းရ မျိုးနွယ်စု ၏ အနွယ်ဝင်ဖြစ်သော အာမာကူဆ ဂန်းကီ သိမ်းဆည်းထားသော ဒိုင်ယာရီမှတ်တမ်း တစ်ခုတွင် "ကိုးဂါမှ လူများသည် ကိုယ်ရောင်ဖျောက်၍ ရဲတိုက်အတွင်းသို့ ညတိုင်း ခိုးဝင်ကြပြီး အလိုရှိသလို လုပ်ကိုင်ကြသည်။" ဟု ရေးသားဖော်ပြထားသည်။[2]

အုကိုင်း ကာနဲမွန် ၏ မျိုးဆက်တစ်ဦးမှ ရေးသားသော အုကိုင်း ဒိုင်ယာရီတွင် ကိုးဂါတို့ ဆောင်ရွက်သော ထောက်လှမ်းရေး လုပ်ငန်းများ အကြောင်းကို ရေးသားဖော်ပြထားသည်။

ဟာရာရဲတိုက်၏ အပျက်အစီးများ

ရဲတိုက်၏ ရိက္ခာများ နည်းနေပြီဟု သံသယ ရှိ၍ ဝိုင်းထားသည့် တပ်မှူး မာဆုဒိုင်ရာ နိုဘုဆုနာ က ရဲတိုက်သို့ ပေးပို့သော ရိက္ခာများကို ဝင်ရောက်စီးနင်းရန် အမိန့်ပေးခဲ့သည်။ ထိုအချိန်တွင် ကိုးဂါတို့သည် ရန်သူတို့၏ ရိက္ခာအိတ်များကို လုယူပြီး ရဲတိုက်အတွင်း ညအချိန် ဝင်ရောင်၍ စကားဝှက်များကို ရရှိခဲ့သည်။ [2] ရက်အနည်းငယ်အကြာတွင် နိုဘုဆုနာသည် ရဲတိုက်၏ ရိက္ခာအခြေအနေကို ဆုံးဖြတ်ရန် ထောက်လှမ်းရေး သတင်းစုဆောင်းမှု ပြုလုပ်ရန် အမိန့်ပေး ခဲ့သည်။ ၁၅၆၂ ခုနှစ် အိမာဂါဝါ မျိုးနွယ်စုတို့၏ ရဲတိုက်ကို စီးနင်းရာတွင် ပါဝင်ခဲ့သော နင်ဂျာအချို့ အပါအဝင် အချို့သော ကိုးဂါနင်ဂျာများသည် အသက်ရှင်သန်နိုင်သည့် အခွင့်အလမ်း နည်းပါးသည်ဟု သတိပေးသည့် ကြားမှပင် တာဝန်ယူရန် သူတို့ဘာသာ ဆန္ဒပြုခဲ့ကြသည်။ [2] ကောင်းကင်သို့ မီးတောက်များ ပစ်ဖောက်သဖြင့် ကာကွယ်သူများမှ ရဲတိုက်၏ မီးများကို ငြိမ်းသတ်ပြီး အသင့်စောင့်ဆိုင်းနေစဉ်တွင် ကာကွယ်သူများ အဖြစ် ရုပ်ဖျက်ထားသော နင်ဂျာများသည် ရဲတိုက်အတွင်းသို့ ထိုးဖောက်ဝင်ရောက်၍ ခရစ်ယာန်လက်ဝါးကပ်တိုင် တံခွန်ကို ရယူ ခဲ့သည်။ ဟု ဒိုင်ယာရီတွင် ရေးသားထားသည်။

စီးနင်းတိုက်ခိုက်မှု ဆက်လက်ဖြစ်ပွားနေသည့် အခါတွင် စားနပ်ရိက္ခာ အလွန် ရှားပါးခြင်းကြောင့် ကာကွယ်သူများ အနေနှင့် ရေညှိများ နှင့် မြက်များကိုပင် စားသုံးခဲ့ရသည်။ [2] ထိုသို့ မျှော်လင့်ချက် မဲ့နေသည့် အခြေအနေကြောင့် သူပုန်များအနေနှင့် အချည်းနှီးဖြစ်သော တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ပြီး နောက်ဆုံးတွင် ရှိုးဂန်းစစ်တပ်ကို ရှုံးနိမ့် ခဲ့ရသည်။ ကိုးဂါတို့သည် နောက်ပိုင်း ရဲတိုက်ကို သိမ်းပိုက်ရာတွင်လည်း ပါဝင်ခဲ့သည်။

အဲဒိုခေတ်

ရှိမာဘရ ပုန်ကန်မှုအပြီးတွင် ဘကုမဆုခေတ်မတိုင်မီအထိ စစ်ပွဲများနှင့် တိုက်ပွဲများ လုံးဝနီးပါးမရှိခဲ့ပေ။ သူတို့ နေထိုင်မှုအတွက် နင်ဂျာ တို့သည် နယ်စားများထံတွင် တစ်ယောက်ချင်း အလုပ်ဝင်လုပ်ကြသကဲ့သို့ အလုပ်ပြောင်းကြသည်လည်း ရှိသည်။ နယ်စားများသည် နင်ဂျာများကို တိုက်ပွဲ အတွက် မဟုတ်သော်လည်း ကိုယ်ရံတော် အဖြစ် သို့မဟုတ် သူလျှိုအဖြစ် ငှားရမ်းကြသည်။ သူတို့၏ တာဝန်များတွင် အခြားသော နယ်စားများ ထံတွင် သူလျှိုအဖြစ် ဝင်ရောက် ထောက်လှမ်းခြင်း၊ နယ်မြေကို စောင့်ရှောက်ခြင်း နှင့် မီးကင်းလှည့်ခြင်းတို့ ပါဝင်သည်။ မင်းများစွာသည်စစ်ပွဲအတွက်မဟုတ်ဘဲကိုယ်ရံတော်များသို့မဟုတ်သူလျှိုများအဖြစ် ninja ကိုငှားရမ်းထားဆဲဖြစ်သည်။ နယ်စားများ ဖြစ်ကြသော ဆုနယ်စား၊ ဟိရိုးဆာကီ နယ်စား နှင့် ဆာဂါးနယ်စားတို့သည် ဘကုမဆုခေတ် အထိ ကိုယ်ပိုင်နင်ဂျာများကို ခန့်အပ်ထားခဲ့ကြသည်။

ယခင် နင်ဂျာ အများစုကို တိုကုဂါဝါ ရှိုးဂန်းနိတ် မှ လုံခြုံရေးအစောင့်များ အဖြစ် ခန့်အပ်ခဲ့သော်လည်း သူလျှိုလုပ်ကိုင်သူများကို အွန်မိဆု နှင့် အိုနိဝါဘန် စသည့် အသစ် ဖွဲ့စည်းထားသော အဖွဲ့အစည်းများသို့ လွှဲပြောင်းပေးခဲ့သည်။ [17] အခြားသူများမှာမူ သူတို့၏ နင်ဂျုဆုပညာများကို အသုံးချ၍ ဆရာဝန်၊ ဆေးရောင်းသူ၊ ကုန်သည်၊ သိုင်းပညာရှင် နှင့် မီးရှူးမီးပန်းများထုတ်လုပ်သည့် အလုပ်များကို ပြောင်းလဲ လုပ်ကိုင်ခဲ့သည်။ [17] သို့သော်အချို့သောအလုပ်လက်မဲ့ နင်ဂျာများက ဖူးမာ ကိုတာရို နှင့် အိရှိကာဝါ ဂိုးမွန်ကဲ့သို့သော လူဆိုးများ ဖြစ်သည်အထိ နိမ့်ကျသွား ခဲ့သည်။ [17]

  • နယ်တစ်ခုချင်းစီမှ ပုံမှန် နင်ဂျာ အရေအတွက်
ဟန် (နယ်) ပုံ နင်ဂျာ အရေအတွက် [17]
ကိရှူးနယ် ၂၀၀ ကျော်
ကိရှိဝါဒါနယ် ၅၀
ကာဝါဂိုးနယ် ၅၀
မဆုအဲနယ် ၃၀
ဟိုရိုးဆာကိနယ် ၂၀
ဖူကူအိနယ် ၁၂
ဟိကိုးနဲနယ် ၁၀
အိုကာယာမာနယ် ၁၀
အာကိုးနယ်

အထက်တွင် ဖော်ပြခဲ့သော နယ်များအပြင် ဆုနယ် ၊ ဆာဂါးနယ်နှင့် ကာနိုနယ် တို့မှ အရေအတွက် မသိနိုင်သော နင်ဂျာများ ကို အသုံးပြုခဲ့သည်။ [17] [18]

ယနေ့ခေတ်

မိအဲတက္ကသိုလ်သည် ကမ္ဘာ့ ပထမဦးဆုံး နင်ဂျာများအား သီးသန့် ရည်ရွယ်သည့် သုတေသနစင်တာကို ၂၀၁၇ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် ဘွဲ့လွန်မဟာသင်တန်းကို ဖွင့်လှစ်ခဲ့သည်။ ၎င်းသည် အိဂါ (ယခု မီအဲစီရင်စု) ၌ တည်ရှိသည်။ တစ်နှစ်လျှင် ကျောင်းသား ခန့်မှန်းခြေအားဖြင့် ၃ ယောက်ခန့် ရှိသည်။ ကျောင်းသားများသည် ဂျပန်သမိုင်းနှင့် ပတ်သက်၍ ဝင်ခွင့်စာမေးပွဲ အောင်မြင်ရမည်ဖြစ်ပြီး သမိုင်းဝင် နင်ဂျာ စာရွက်စာတမ်းများကို ဖတ်နိုင်ရမည် ဖြစ်သည် [19] သိပ္ပံဆိုင်ရာ သုတေသီများနှင့် အခြားသော နယ်ပယ်မှ ပညာရှင်များသည် ရှေးဟောင်းစာရွက်စာတမ်းများကို လေ့လာပြီး ယနေ့ခေတ်တွင် မည်သို့မည်ပုံ အသုံးချနိုင်မည်ကို လေ့လာကြသည်။[20]

၂၀၂၀ ခုနှစ်တွင် ၄၅ နှစ်အရွယ် ဂဲနိချိ မိဆုဟာရှိ သည် မိအဲတက္ကသိုလ်မှ နင်ဂျာ လေ့လာမှု မဟာဘွဲ့ကို ပထမဆုံး ရရှိခဲ့သည့် ကျောင်းသားဖြစ်လာသည်။ ၂ နှစ်တာကာလအတွင်း သူသည် သမိုင်းဝင်မှတ်တမ်းများနှင့် ကိုယ်ခံပညာ ထုံးတမ်းစဉ်လာများကို လေ့လာခဲ့သည်။ မူလနင်ဂျာနှင့် ဆင်တူသည်အချက်မှာ နေ့ဘက်တွင် သူသည်လယ်သမားတစ် ဦး ဖြစ်ပြီးဟင်းသီးဟင်းရွက်များစိုက်ပျိုး၍ ညနေဘက်တွင် သူသည် နင်ဂျာ လေ့လာမှုနှင့် ကိုယ်ခံပညာ သင်ယူမှုကို ပြုလုပ်သည်။

အိုနိဝါဘန်

၁၈ ရာစုအစောပိုင်းတွင် ရှိုးဂန်း တိုကုဂါဝါ ယောရှိမူမဲသည် အိုနိဝါဘန် shogun (ဥယျာဉ်စောင့်များ) အမည်ရသည့် ထောက်လှမ်းရေးအေဂျင်စီ နှင့် လျှို့ဝှက်လုပ်ငန်း ဝန်ဆောင်မှုကို တည်ထောင်ခဲ့သည်။ အဆိုပါ အိုနိဝါဘန် အဖွဲ့ဝင်များသည် မြို့စားများနှင့် အစိုးရအရာရှိများ အပေါ် သတင်းအချက်အလက် စုဆောင်းရာတွင် ပါဝင်ပတ်သက် အေးဂျင့်ခဲ့ကြသည်။ [21]အိုနိဝါဘန်တို့၏ လျှို့ဝှက်သော အနေအထားနှင့် အစောပိုင်း အိဂါ နှင့် ကိုးဂါ မျိုးနွယ်ဝင်များကို နန်းတော်အစောင့်များအဖြစ် အသုံးပြုခဲ့သည့် အစဉ်အလာများကြောင့် အချို့က အိုနိဝါဘန်များကို နင်ဂျာများ အဖြစ် သတ်မှတ်ကြသည်။[22] ဤသို့ ပုံဖော်ခြင်းသည် နောက်ပိုင်းတွင်ဝတ္ထုများနှင့် ရုပ်ရှင် များတွင်လည်း တွေ့ရသည်။ သို့သော်လည်း အစောပိုင်း ရှိနော့ဘိများနှင့် အိုနိဝါဘန်များကြားတွင် ဆက်နွယ်မှု မရှိပေ။

နင်ဂျာတို့၏ အခန်းကဏ္ဍများ

နင်ဂျာတို့သည် အများအားဖြင့် နယ်စားများမှ ငှားရမ်းထားသော ကိုယ်ပျောက်စစ်သား နှင့် ကြေးစားများ ဖြစ်ကြသည်။ [2] သူတို့၏ အဓိကအခန်းကဏ္ဍမှာ သူလျှိုလုပ်ခြင်းနှင့် အဖျက်အမှောင့်လုပ်ငန်းများ ဖြစ်သည်။ သူတို့အား ဆာမူရိုင်းဆန့်ကျင်သူများဟု သတ်မှတ်ခဲ့ကြပြီး ဆာမူရိုင်းအလွှာ က အထင်အမြင်သေး ခဲ့ ကြသော်လည်း စစ်ဆင်ရေးအတွက် လိုအပ်ပြီး ဆာမူရိုင်းများ ကိုယ်တိုင်ပင် ဘူရှီးဒိုးလမ်းစဉ်မှ တားမြစ်ထားသည့် စစ်ဆင်ရေးများ ပြုလုပ်ရန် အသုံးချ ခဲ့ကြသည်။ [9]

ဖြစ်နိုင်သော ရုပ်ဖျက်နည်းများကို အသေးစိတ် ဖော်ပြထားခြင်း။ ရှိုးနင်ကိ (၁၆၈၁) မှစာမျက်နှာ

သူလျှိုလုပ်ခြင်း

သူလျှိုလုပ်ခြင်းသည် နင်ဂျာ၏ အဓိကအခန်းကဏ္ဍ ဖြစ်သည်။ ရုပ်ဖျက်ခြင်းကို အကူအညီ ရယူပြီး နင်ဂျာတို့သည် ရန်သူ၏ မြေပြင်အနေအထားနှင့် အဆောက်အဦး အသေးစိတ် အချက်အလက်များကို စုဆောင်းရုံသာမက စကားဝှက်များနှင့် ဆက်သွယ်ရေး နည်းလမ်းများကိုလည်း စုဆောင်းရယူကြသည်။

သမိုင်းနောက်ပိုင်းတွင် ကိုးဂါနင်ဂျာများသည် တိုကုဂါဝါ ရှိုးဂန်းတို့၏ အေးဂျင့်အဖြစ် သတ်မှတ်ခဲ့ကြသည်။ ထိုအချိန်တွင် ရှိုးဂန်းတို့သည် နင်ဂျာများကို ထောက်လှမ်းရေးကွန်ယက် အတွင်း ထည့်သွင်း၍ ဒေသခံ နယ်စားများကို ထောက်လှမ်းသကဲ့သို့ နန်းတွင်းရေးကိုလည်း ထောက်လှမ်းခဲ့ကြသည်။ [12]

အဖျက်အမှောင့်လုပ်ငန်း

မီးရှို့မှု သည် နင်ဂျာတို့ အဓိက ကျင့်သုံးသော အဖျက်အမှောင့်လုပ်ငန်း ဖြစ်ပြီး ရဲတိုက်များနှင့် စခန်းများအား ပစ်မှတ်ထားခဲ့ကြသည်။

၁၅၅၈ ခုနှစ်တွင် ရောကာကု ယောရှိကာတာသည် ဆာဝါယာမာရဲတိုက်ကို မီးရှို့ရန်အတွက် နင်ဂျာအဖွဲ့တစ်ခုကို စေခိုင်းခဲ့သည်။ နင်ဂျာခေါင်းဆောင်သည် အင်အား ၄၈ ဦး ရှိသော နင်ဂျာများကို ရဲတိုက်သို့ လှည့်စားခြင်း နည်းလမ်းသုံး၍ ဦးဆောင်ဝင်ရောက်ခဲ့သည်။ ဘာကဲမိုနို-ဂျုဆု ( "တစ္ဆေ နည်းလမ်း") ဟု အမည်ပေးထားသည့် နည်းလမ်းဖြင့် သူ၏ လူတစ်ဦးသည် ရန်သူမိသားစု၏ စည်းတံဆိပ်ပါသော မီးအိမ်ကို ခိုးယူ၍ ထိုသို့ စည်းတံဆိပ်ပါသော မီးအိမ်အတုများ ပြုလုပ်ခဲ့သည်။ထိုမီးအိမ်များကို ကိုင်တွယ်ပြသခြင်းအားဖြင့် သူတို့သည် ရဲတိုက်အတွင်းသို့ တိုက်ခိုက်စရာ မလိုဘဲ ဝင်ရောက် ခွင့်ရခဲ့သည်။ အတွင်းသို့ ရောက်သောအခါ နင်ဂျာများသည် ရဲတိုက်အား မီးရှို့လိုက်ပြီး ယောရှိကာတာ၏ စစ်တပ်မှ နောက်ပိုင်း ဆက်လက်၍ အောင်ပွဲရယူနိုင်ခဲ့သည်။ [2] ရှိနော့ဘိ တို့၏ ကြေးစား သဘောသဘာဝကို ဆာဝါယာမ ရဲတိုက်အား မီးရှို့ပြီး မကြာမီ နောက်မီးလောင်မှုတစ်ခုတွင် တွေ့မြင်နိုင် ခဲ့သည်။ ၁၅၆၁ ခုနှစ်တွင် ကိဇာဝါ နာဂါမာဆာ ၏ လက်အောက်မှ တပ်မှူးများသည် မာအိဘာရာရှိ ခံတပ်ကို သိမ်းပိုက်နိုင်ရန် ဂျီနင်း အဆင့်ရှိ အိဂါနင်ဂျာ သုံးဦးကို ငှားရမ်းခဲ့သည်။ လွန်ခဲ့သောနှစ်အနည်းငယ်က အိဂါနင်ဂျာများ ကို ငှားရမ်းခဲ့သည့် ရော့ကာကု ယော့ရှိတာကာ သည် ခံတပ်ကို အုပ်စိုးသူဖြစ်ပြီး တိုက်ခိုက်မှု၏ ပစ်မှတ်လည်း ဖြစ်သည်။ သို့သော် ကြေးစား ရှိနော့ဘိများသည် အမိန့်နာခံရန် စိတ်မပါခဲ့ကြပေ။ စီစဉ်ထားသည့်အတိုင်း မီးရှို့ တိုက်ခိုက်မှု မစတင်သော အခါတွင် အိဂါလူများက ဒေသတွင်းမှမဟုတ်သော တပ်မှူးများအား သူတို့ ရှိနော့ဘိ တို့၏ နည်းဗျူဟာများကို နားမလည်နိုင်ကြောင်း ပြောကြားခဲ့သည်။ အကယ်၍ သူတို့၏ ကိုယ်ပိုင် မဟာဗျူဟာအပေါ် မူတည်၍ လှုပ်ရှားခွင့် မပြုခဲ့လျှင် စစ်ဆင်ရေးမှ စွန့်ခွာမည်ဟု ခြိမ်းခြောက်ခဲ့သည်။ နောက်ဆုံးတွင် မီးလောင်သွားပြီး နာဂါမာဆာ၏ စစ်တပ်သည် ဝရုန်းသုန်းကား အနေအထားဖြင့် ရဲတိုက်အား သိမ်းပိုက်နိုင်ခဲ့သည်။

လုပ်ကြံသတ်ဖြတ်ခြင်း

လုပ်ကြံရန်ကြိုးပမ်းမှု၏ လူသိအများဆုံး ဖြစ်ရပ်များတွင် ထင်ရှားသော သမိုင်းဝင်ပုဂ္ဂိုလ်များ ပါဝင်သည်။ နာမည်ကြီးပုဂ္ဂိုလ်များ၏သေဆုံးမှုများကိုတစ်ခါတစ်ရံတွင် နင်ဂျာများက လုပ်ကြံသတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုကြသော်လည်း ထိုအခြေအနေများ၏ လျှို့ဝှက်သော အနေအထားက သက်သေပြရန် ခက်ခဲစေသည်။ [2] လုပ်ကြံသတ်ဖြတ်သူများကို နောက်ပိုင်းတွင်နင်ဂျာဟု မကြာခဏ မှတ်ယူလေ့ရှိသော်လည်း အချို့သည် ထိုလုပ်ငန်းအတွက် အထူးလေ့ကျင့်ပေးထားခြင်း ရှိမရှိ သက်သေပြရန်အထောက်အထားမရှိဘဲ အချို့မှာ အခကြေးငွေယူ လုပ်ကြံသော လူမိုက်များသာ ဖြစ်ကြသည်။

အိုဒါ နိုဘူဂါနာ ၏ပုံတူ၊ ဂျေရှု ပန်းချီဆရာ ဂျီအိုဗာနီ နစ်ကိုလို (၁၅၈၃-၁၅၉၀) မှ ရေးဆွဲသည်။

စစ်ခေါင်းဆောင် အိုဒါ နိုဘူနာဂါ သည် နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သော သူ၏ဂုဏ်သတင်းကြောင့် သူ၏ အသက်ကို လုပ်ကြံရန် ကြိုးပမ်းမှုများစွာ ပြုလုပ်ခဲ့ကြသည်။ ၁၅၇၁ ခုနှစ်တွင် ကိုးဂါနင်ဂျာနှင့် လက်ဖြောင့်ပစ်ခတ်သူ တစ်ဦးဖြစ်သည့် ဆူဂီတာနီ ဇန်ဂျူဘို အား နိုဘူနာဂါကို လုပ်ကြံရန် ငှားရမ်းခဲ့သည်။ ဒေါက်တင်သေနတ် နှစ်လက်ကို သုံး၍ နိုဘူနာဂါအား နှစ်ကြိမ်ဆက်တိုက် ပစ်ခတ်ခဲ့သော်လည်း နိုဘူနာဂါ ၏ သံချပ်ကာဝတ်စုံကြောင့် သေလောက်သော ဒဏ်ရာ မရခဲ့ပေ။ [2] ဆူဂီတာနီသည် လွတ်မြောက် သွားသော်လည်း လေးနှစ်အကြာတွင် အဖမ်းခံရပြီး ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခံခဲ့ရသည်။ ၁၅၇၃ ခုနှစ်တွင် နယ်စား ဟာတာနို ဟိဒဲဟာရု ၏ လက်အောက်ခံ မာနာဘဲ ရိုကုရောသည် အာဇူချီ ရဲတိုက် အတွင်း ထိုးဖောက် ဝင်ရောက်ခဲ့ပြီး အိပ်ပျော်နေသော နိုဘူနာဂါ ကို လုပ်ကြံရန် ကြိုးပမ်းခဲ့သည်။ သို့သော် ၎င်းသည် မအောင်မြင်ဘဲ အဆုံးသတ် ခဲ့ရပြီးနောက် မာနာဘဲအား ကိုယ့်ကိုယ်ကို သတ်သေရန် ဖိအားပေးခံ ခဲ့ရပြီးနောက် သူ၏အလောင်းကို လူအများရှေ့တွင် ပြသထား ခဲ့သည်။ မှတ်တမ်းတစ်ခု အရ နိုဘူနာဂါသည် အိဂါပြည်နယ်အား စစ်ဆေးနေစဉ်တွင် နင်ဂျာ ၃ ယောက်တို့မှ သေနတ်ကြီးဖြင့် ပစ်ခတ်ခဲ့သည်။ ပစ်ချက်များသည် နိုဘူဂါနာ၏ အနားတစ်ဝိုက် ကျရောက်ခဲ့သော်လည်း အနီးအနားရှိ အဖော်ခုနစ်ယောက်ကို သေစေခဲ့သည်။ [2]

နင်ဂျာ ဟာချိဆုကာ တန်ဇိုးကို နိုဘူနာဂါမှ ဩဇာကြီးမားသော နယ်စား တာကဲဒါ ရှင်ဂန်းအား လုပ်ကြံရန် စေလွှတ်ခဲ့သော်လည်း သူ၏ ကြိုးပမ်းမှုများ နောက်ဆုံး မအောင်မြင်ခဲ့ပေ။ သစ်ပင်တစ်ပင်၏ အရိပ်ထဲတွင် ပုန်းအောင်းနေခဲ့ပြီး လရောင်အောက်တွင် မတွေ့ရအောင် ရှောင်ကွင်းနိုင် ခဲ့ပြီးနောက် သူကြိုတင်ပြင်ဆင်ထားသော တွင်းထဲ၌ သူကိုယ်တိုင် ပုန်းအောင်နေခဲ့သောကြောင့် ဖမ်းဆီးခံရခြင်းမှ လွတ်မြောက်ခဲ့သည်။ [2]

တိုယိုတိုမိ ဟိဒဲယောရှိအား လုပ်ကြံရန် ကြိုးပမ်းမှုကိုလည်း တားဆီးနိုင်ခဲ့သည်။ ကိရိဂါကူရဲ ဆိုင်းဇိုး အမည်ရှိ နင်ဂျာ တစ်ဦးသည် ဟိဒဲယောရှိအား သတ်ရန် ကြမ်းပြင်အောက်မှ လှံဖြင့် ထိုးခဲ့သည်။ သို့သော်လည်း မအောင်မြင်ခဲ့ပေ။ ဟိဒဲယောရှိထံတွင် အလုပ်လုပ်နေသည့် နင်ဂျာတစ်ဦးမှ သူပုန်းကွယ်နေသည်ကို ဖော်ထုတ်ရန် မီးခိုးမှိုင်း တိုက်ခဲ့သည်။ [2] သို့သော်လည်း နောက်ပိုင်း စိတ်ကူးယဉ်စာပေများကြောင့် ထိုဇာတ်လမ်း မှန်မမှန် ဆိုသည်မှာ ဝေဝါးနေခဲ့သည်။

အဲချီဂို ပြည်နယ် ၏ထင်ရှားသော နယ်စား အုအဲဆုဂိ ကန်ရှင်းအား နင်ဂျာတစ်ယောက်မှ သတ်ဖြတ်ခဲ့သည်ဟု ကောလာဟာလ ထွက်ခဲ့သည်။ ထိုဒဏ္ဍာရီအရ သူ၏ သေဆုံးမှုတွင် လူသတ်သမားသည် အိမ်သာအတွင်း ပုန်းအောင်းနေခဲ့ပြီး သူ၏ စအိုအတွင်းသို့ ဓား သို့မဟုတ် လှံဖြင့် ထိုးသွင်းခြင်းဖြင့် သေလောက်အောင် ဒဏ်ရာ ရစေခဲ့သည်ဟု ဆိုသည်။[23] သမိုင်းဆိုင်ရာမှတ်တမ်းများအရ ကန်ရှင်းသည် ဝမ်းဗိုက် ပြဿနာများ ခံစားခဲ့ရကြောင်း ပြသသော်လည်း ခေတ်သစ် သမိုင်းပညာရှင်များက ယေဘုယျအားဖြင့် အစာအိမ်ကင်ဆာ၊ အစာပြွန် ကင်ဆာ သို့မဟုတ် ဦးနှောက်ဆိုင်ရာ ရောဂါဖြင့် သေဆုံးခဲ့သည်ဟု ဆိုကြသည်။ [24]

စိတ်ပိုင်းဆိုင်ရာ စစ်ဆင်ရေး

စစ်တိုက်ရာတွင် နင်ဂျာ များသည် ရန်သူအကြား ဇဝေဇဝါ ဖြစ်စေရန်လည်း လုပ်ဆောင်ကြသည်။ [2]

တန်ပြန်တိုက်ခိုက်ခြင်း

နင်ဂျာတို့၏ လှုပ်ရှားမှုများကို တားဆီးနိုင်ရန်အတွက် တုံ့ပြန်သော အစီအမံများ ပြုလုပ်လေ့ ရှိသည်။ လုပ်ကြံခြင်း အတွက် ကြိုတင်သတိထားမှုများ ပြုလုပ်လေ့ ရှိကြသည်။ အိမ်သာအတွင်း သိုဝှက်ထားသည့် လက်နက်များ သို့မဟုတ် ဖြုတ်တပ်နိုင်သော ကြမ်းပြင်အောက် စသည်တို့ကို သတိထား စောင့်ကြည့်ကြသည်။[2] အဆောက်အအုံများကို ထောင်ချောက်များနှင့် ခလုပ်တိုက်လဲကျစေနိုင်သော ကြိုးများတွင် အချက်ပေး ခေါင်းလောင်းများ တပ်ဆင်ခြင်းများဖြင့် ဆောက်လုပ်ထားလေ့ ရှိသည်။[14]

ဂျပန်ရဲတိုက်များသည် သွားလာရန်ခက်ခဲစေရန် ဒီဇိုင်းဆွဲထားခြင်း ဖြစ်၍ အကွေ့အကောက်များသော လမ်းကြောင်းများဖြင့် အတွင်းပိုင်းသို့ ဝင်ရောက်သည်။ ဟိမဲဂျီရဲတိုက်တွင်ဥပမာ တွေ့မြင်နိုင်သည့်အတိုင်း နံရံတွင် မမြင်နိုင်သော နေရာများ နှင့် အပေါက်များမှတဆင့် ထိုဝင်္ကပါကဲ့သို့သော လမ်းကြောင်းများအား စဉ်ဆက်မပြတ် စောင့်ကြည့် နိုင်သည်။ ကျိုတို ရှိ နိဂျိုးရဲတိုက်သည် "တေးဆိုငှက် ကြမ်းပြင်" ဟုခေါ်သည့် ပတ္တာများပေါ်တွင် တင်ထားပြီး လမ်းဖြတ်လျှောက်သောအခါ ကျယ်လောင်စွာ အသံမြည့်သည့် ရှည်လျားသည့် ကြမ်းပြင်များဖြင့် တည်ဆောက်ထားသည်။ [2] ကျောက်စရစ်များ ဖြင့် ဖုံးအုပ်ထားသည့် မြေများသည် မလိုလားအပ်သည့် ကျူးကျော် ဝင်ရောက်သူများကို စောစောစီးစီး သတိပြုမိစေပြီး ခွဲခြားဆောက်လုပ်ထားသည့် အဆောက်အအုံများမှ မီးလောင်ခြင်းကို ပိုမိုကောင်းမွန်စွာ ထိန်းချုပ်နိုင်စေသည်။ [25]

လေ့ကျင့်ရေး

နင်ဂျာတို့၏ လိုအပ်သော စွမ်းရည်များကို ယနေ့ခေတ်တွင် နင်ဂျုဆု အဖြစ် သိကြသည်။ သို့သော် ၎င်းတို့ကို ယခင်က ပညာရပ် တစ်ခုတည်းအောက်တွင် ရှိခြင်းမဟုတ်ဘဲ သူလျှို နှင့် ရှင်သန်မှုစွမ်းရည် အမျိုးမျိုး အနေနှင့် ရှိခဲ့သည်။ အချို့က နင်ဂျုဆု အရ နင်ဂျာများသည် ရိုးရှင်းသော ကြေးစားစစ်သည်များ သက်သက် မဟုတ်ကြောင်း သက်သေသာဓက တစ်ခု အဖြစ် ရှုမြင်ကြသည်။ အကြောင်းမှာ စာသားများတွင် တိုက်ခိုက်ရေး လေ့ကျင့်ခြင်းဆိုင်ရာ အချက်အလက်များသာမက သတ္တုတူးဖော်ရေး နည်းပညာများ ပါဝင်ပြီး နေ့စဉ်လိုအပ်ချက်များနှင့် ပတ်သက်သော သတင်းအချက်အလက်များလည်း ပါဝင်သည်။ နေ့စဉ်အလုပ်အတွက် ပေးသော လမ်းညွှန်မှုတွင် နင်ဂျာအား အနိမ့်ဆုံးအလုပ်၏ ပင်ကိုယ်စွမ်းရည်များကို နားလည်ရန် စွမ်းဆောင်နိုင်သော အချက်များ ပါဝင်သည်။ ဤအချက်များက နင်ဂျုဆုသည် လိုက်လျောညီထွေမှု ရှိစေရေး အခြေခံ ဥပဒေသကို နင်ဂျာလူတန်းစားကြားတွင် ခွဲခြားထားသည်။

ဘန်ဆန်ရှုကိုင်း မှ ဤပုံသည် အချို့သော လုပ်ဆောင်မှုများအတွက် အကောင်းဆုံးအချိန်ကို ညွှန်ကြားရန် နတ်ဝိဇ္ဇာအတတ် နှင့် နက္ခတ္တဗေဒပညာ ကိုအသုံးပြုသည်။

ပထမဆုံးသော အထူးသင်တန်းကို ၁၅ ရာစု အလယ်ပိုင်းတွင် စတင်ခဲ့ပြီး ဆာမူရိုင်းမိသားစုများက သူလျိုလုပ်ခြင်းနှင့် လုပ်ကြံသတ်ဖြတ်ခြင်းအပါအဝင် လျှို့ဝှက်စစ်ဆင်ရေးကို အာရုံစိုက် လာကြသည်။ [2] ဆာမူရိုင်းကဲ့သို့ပင် နင်ဂျာသည် ရိုးရာ ဓလေ့ထုံးတမ်းများကို ထိန်းသိမ်းထားပြီး ထိုမိသားစုအတွင်း လက်ဆင့်ကမ်းပေးသော အလုပ်အကိုင်တစ်ခု အဖြစ်ပေါ်ပေါက်လာသည်။[12] [26] နင်ဂျာအကြောင်း ရေးသားသူ တန်းဘူး ၏အဆိုအရ နင်ဂျာများကို ကလေးဘဝကတည်းက လေ့ကျင့်သင်ကြားခဲ့ပြီး ဆာမူရိုင်း မိသားစုများတွင်လည်း အလားတူပင် ဖြစ်သည်။

ကိုယ်ခံပညာများ တတ်မြောက်ရမည်ဟု မျှော်လင့်ထားသည့် အပြင် လူငယ်သည် ရှင်သန်မှုစွမ်းရည်နှင့် ကင်းထောက်နည်းများအပြင် အဆိပ်နှင့် ပေါက်ကွဲစေတတ်သော ပစ္စည်းများအကြောင်း လေ့လာသင်ကြားရသည်။ [2] ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်ခြင်းသည်လည်း အရေးကြီးသော ခရီးဝေးပြေးခြင်း၊ တောင်တက်ခြင်း၊ ကိုယ်ယောင်ဖျောက် လမ်းလျှောက်ခြင်း [5] နှင့် ရေကူးခြင်းတို့ ပါဝင်သည်။ [15] လူတစ် ဦး သည် သူတို့၏ အသွင်သဏ္ဌာန်ကို ဖုံးကွယ်ထားရန် မျှော်လင့်ထားပါက ထိုလုပ်ငန်းနှင့် ပတ်သက်သော အသိပညာ အဆင့်အတန်း တစ်ခုလည်း လိုအပ်သည်။ ဆေးဘက်ဆိုင်ရာ လေ့ကျင့်သင်ကြားမှုများကို မှတ်တမ်းတစ်ခုမှ သက်သေ အထောက်အထားအဖြစ် တွေ့နိုင်သည်။ ဆဲကိဂါဟာရာ တိုက်ပွဲတွင် သေနတ်ဒဏ်ရာရသော အိအိ နာအိုမာဆာအား အိဂါနင်ဂျာမှ ရှေးဦးသူနာပြုနည်းဖြင့် ပြုစုခဲ့ကြောင်း ဖြစ်သည်။ ထိုနေရာတွင် နင်ဂျာသည် နာအိုမာဆာအား သွေးတိတ်ရန်အတွက် "အနက်ရောင်ဆေးဝါး" ကို ပေးခဲ့သည်ဟု ဆိုသည်။[2]

အဆိုပါ အိဂါ နှင့် ကိုးဂါ မျိုးနွယ်စုများ၏ ကျဆုံးခြင်း နှင့်အတူ နယ်စားများအနေနှင့် ပရော်ဖက်ရှင်နယ် နင်ဂျာများကို ကိုစုဆောင်းနိုင်ခြင်း မရှိတော့ဘဲ မိမိတို့ကိုယ်ပိုင် ရှိနော့ဘိ များကို လေ့ကျင့်ရန် ဖြစ်လာစေခဲ့သည်။ ရှိနော့ဘိသည် တကယ့်အလုပ်အကိုင်တစ်ခုဖြစ်သည် ဆိုခြင်းကို ဘာကူဖူ၏ ၁၆၄၉ စစ်ဖက်ရေးရာ ဥပဒေတွင်ပြသထားသည့်။ ထိုဥပဒေအရ ကိုကု ၁၀,၀၀၀ ကျော် ဝင်ငွေရှိသော နယ်စားများကိုသာ ရှိနော့ဘိများ ကိုဆက်လက်ထိန်းသိမ်းထားရန်ခွင့်ပြုထားသည်။ [2] နောက်ပိုင်း ရာစုနှစ် နှစ်ခုအတွင်းတွင် နင်ဂျုဆု လက်စွဲ အများစုကို ဟတ်တိုးရိ ဟန်ဇိုးမှ ဆင်းသက်လာသူများနှင့် ဟတ်တိုးရိနှင့် ဆက်နွယ်နေသည့် ဖူဂျီဘာယားရှိ မျိုးနွယ်စုများကရေးသားခဲ့သည်။ အဓိက ဥပမာများမှာ နင်ပိဒန် (၁၆၅၅)၊ ဘန်ဆန်ရှုကိုင်း (၁၆၇၅) နှင့် ရှိနိကိ (၁၆၈၁) တို့ဖြစ်သည်။ [6]

၁၉၇၀ ခုနှစ်များတွင် နင်ဂျုဆုကို လေ့ကျင့်သင်ကြားပေးသည်ဟု ဆိုသော ခေတ်သစ်ကျောင်းများ ပေါ်ပေါက်လာခဲ့သည်။ ထိုကျောင်းများ၏ ဆက်ခံမှုနှင့် စစ်မှန်မှုသည် အငြင်းပွားဖွယ်ရာ ကိစ္စတစ်ခုဖြစ်သည်။

နည်းဗျူဟာများ

နင်ဂျာများသည် အမြဲတမ်း တစ်ယောက်တည်း အလုပ်လုပ်ကြသည် မဟုတ်ပေ။ အသင်းအဖွဲ့ဆိုင်ရာ နည်းစနစ်များလည်း ရှိသည်။ - ဥပမာအားဖြင့် နံရံတစ်ခု ဖယ်ရှားရန်အတွက် နင်ဂျာအုပ်စုတစ်စုသည် တစ်ဦးကိုတစ်ဦး ကျောကုန်းပေါ်တွင် အပြန်အလှန် သယ်ဆောင်သွားခြင်း သို့မဟုတ် လူတစ်ဦး အား ပိုမိုမြင့်မားသော အမြင့်သို့ ရောက်ရှိရန် လူများဖြင့် စင်ပုံသဏ္ဌန် ပြုလုပ်ခြင်း တို့ ဖြစ်သည်။ [2] မိကာဝါ ဂေါ့ ဖူဒိုးကိ က စုစည်းတိုက်ခိုက်သည့် အဖွဲ့တစ်ဖွဲ့သည် စကားဝှက်များကို အသုံးပြု၍ ဆက်သွယ်ကြောင်း မှတ်တမ်း ရေးသားခဲ့သည်။ ထိုမှတ်တမ်းတွင် လှည့်စားမှု ကိစ္စတစ်ခု ပါရှိပြီး တိုက်ခိုက်သူများက ကာကွယ်သူများနှင့် တူညီသော အဝတ်အစားများ ဝတ်ဆင်ကာ ထင်ယောင်ထင်မှား ဖြစ်မှုများ ဖြစ်ပေါ်စေသည်။ [2] အိုဆာကာအား ဝိုင်းရံပိတ်ဆို့မှု ကာလအတွင်း ဆုတ်ခွာရန် လိုအပ်သောအခါ နင်ဂျာများကို နောက်ဘက်မှ မိမိစစ်တပ်များကို ပစ်ခတ်ရန် ညွှန်ကြားခဲ့သည်။ ဤနည်းဗျူဟာကို နောက်ပိုင်းတွင် လူစုခွဲရန်နည်းလမ်းအဖြစ် ပြန်လည်အသုံးပြုခဲ့ကြသည်။ [2]

ကျမ်းစာလိပ်များနှင့် လက်စွဲစာအုပ်များတွင် မှတ်တမ်းတင်ထားသော နင်ဂျုဆု နည်းစနစ်အများစုသည် ရှာဖွေတွေ့ရှိခြင်းကို ရှောင်ရှားရန်နည်းလမ်းများနှင့် လွတ်မြောက်ရန် နည်းလမ်းများကို ဖော်ပြထားသည်။ [6] ဤနည်းစနစ်များကို သက်ဆိုင်ရာ သဘာဝပစ္စည်းများအောက်တွင် လျော့ရဲစွာ စုစည်းထားသည်။ ဥပမာအချို့မှာ -

  • ဟိဆုကဲ: နင်ဂျာ၏ ကြိုတင်စီစဉ်ထားသော နေရာမှ ဝေးလံသော နေရာတွင် မီးစတင်ရှို့ခြင်းဖြင့် အစောင့်များကို အာရုံလွှဲခြင်း။ မီးနည်းစနစ် (ကာတွန်-နော့-ဂျုဆု) အောက်တွင် အကျုံးဝင်သည်။ [14]
  • တာနုကိ-ဂကူရဲ- သစ်ပင်တစ်ပင်ပေါ် တက်ပြီး အရွက် များအတွင်း မိမိကိုယ်ကို ကိုယ်ရောင်ဖျောက်ထားခြင်းအလေ့အကျင့်။ "သစ်သားနည်းစနစ်" ( မိုကုတွန်-နော့-ဂျုဆု) အောက်တွင် အကျုံးဝင်သည်။
  • အုကိဂုဆ-ဂကူရဲ - ရေအောက်လှုပ်ရှားမှုကိုဖုံးကွယ်ရန်အတွက် ဒိုက်များ ကို ရေပေါ်ပစ်ချခြင်း အလေ့အကျင့်။ "ရေနည်းစနစ်" (ဆုအိတွန်-နော့-ဂျုဆု) အောက်တွင် အကျုံးဝင်သည်။
  • အုဇုရ-ဂကူရဲ : ဘောလုံးထဲသို့ ဖြစ်အောင် ကွေးညွှတ်ခြင်းနှင့် ကျောက်တုံး ကဲ့သို့ ထင်မြင်စေရန် မလှုပ်မရှားခြင်း အလေ့အကျင့်။ "မြေနည်းစနစ်" ( ဒိုတွန်-နော့-ဂျုဆု) အောက်တွင် အကျုံးဝင်သည်။
ကိုမူဆို ဘုန်းကြီး ယောင်ဆောင်ခြင်းသည် များစွာသော ရုပ်ဖျက်ခြင်းများ အနက်တစ်ခုဖြစ်သည်။

ရုပ်ဖျက်ခြင်း

ရုပ်ဖျက်ခြင်း အသုံးပြုခြင်းသည် အမြဲတစေ ဖြစ်ပြီး ကောင်းစွာ မှတ်တမ်းတင် ထားသည်။ ရုပ်ဖျက်ခြင်းတွင် ဘုန်းကြီးများ၊ ဖျော်ဖြေရေးသမားများ၊ ဗေဒင်ဆရာများ၊ ကုန်သည်များ နှင့် ရိုနင်းဆာမူရိုင်းများ အဖြစ် ရုပ်ဖျက်လေ့ ရှိသည်။ [3]

ယာမာဘူရှိ ဟုခေါ်သော တောင်ပေါ်နေ ရသေ့ ဝတ်စုံသည် ခရီးသွားလာရာတွင် လွယ်ကူချောမွေ့ပြီး နိုင်ငံရေး နယ်နိမိတ်များအကြား လွတ်လပ်စွာ သွားလာနိုင်သည်။ ဗုဒ္ဓဘာသာ ဘုန်းကြီး၏ သင်္ကန်းသည် ဖွက်ထားသော လက်နက်များကို သယ်ဆောင်နိုင်စေသည်။ [15] နယ်လှည့် ဖျော်ဖြေရေးသမား အဖြစ် ရုပ်ဖျက်ခြင်းမှ နင်ဂျာတို့အား ရန်သူ၏ အဆောက်အဦးကို သံသယ မဝင်စေဘဲ ဝင်ရောက်ကြည့်ရှုနိုင်စေသည်။ ကိုမုဆိုး ခေါ် ဝါးပုလွေကို တီးမှုတ်သည့် ဘုန်းကြီး အဖြစ် ရုပ်ဖျက်ခြင်းဖြင့် သူတို့ ဝတ်ဆင်လေ့ရှိသော ခမောက်ကြီးများမှ ဦးခေါင်းကို လုံးဝ ဖုံးကွယ်ပေးထားသည်။ [2]

လက်နက်ကိရိယာ

နင်ဂျာများသည် အမျိုးမျိုးသော ကိရိယာနှင့် လက်နက်များကို အသုံးပြုခဲ့သည်။ အချို့ကို လူသိများသော်လည်း အချို့မှာမူ အထူးပြု ပစ္စည်းများ ဖြစ်သည်။ အများစုမှာ ရဲတိုက်များကို ထိုးဖောက်ခြင်းတွင် အသုံးပြုသော ကိရိယာများဖြစ်သည်။ ၁၇ ရာစုတွင် ထုတ်ဝေသော ဘန်ဆန်ရှုကိုင်းတွင် အထူးကိရိယာများကို ဖော်ပြ၍ ပုံဖော်ထားသည်။ [2] ၎င်းတို့တွင် တောင်တက် ပစ္စည်းကိရိယာများ၊ ပိုရှည်သောလှံ၊[2] ဒုံးပျံ မြှား [2] နှင့်အသေးစားခေါက်လှေ တို့ ပါဝင်သည်။ [14]

ဝတ်စားဆင်ယင်မှု

ရှေးဟောင်း ဂျပန် ဂပ်ပါ (ခရီးသွား ဝတ်ရုံ) နှင့် ဇူကင် (ဦးဆောင်း)။ သံချပ်ကာအား အောက်တွင် ဖွက်ထားသည်။

အနက်ရောင်ဝတ်ရုံ (ရှိနော့ဘိ ရှိုးဇိုးကု) ဝတ်ဆင်ထားသော နင်ဂျာ၏ပုံရိပ်သည် လူကြိုက်များသော မီဒီယာတွင် ပျံ့နှံ့ နေသော်လည်း ထိုကဲ့သို့ဝတ်စားဆင်ယင်မှု အတွက် ရေးသားထားသော အထောက်အထားမရှိပါ။ [2] ထိုဝတ်ရုံအစား နင်ဂျာတို့သည် အရပ်သားအဖြစ် ရုပ်ဖျက်ခြင်း ပိုများသည်။ လူကြိုက်များသော အနက်ရောင်အဝတ်အစား အယူအဆသည် အနုပညာသမားတို့၏ အားလုံး လက်ခံမှုတွင် အစပျိုးဖွယ် ရှိသည်။ နင်ဂျာ၏ အစောပိုင်းပန်းချီကားများက သူတို့၏ မမြင်ရသည့်သဘောကို ဖော်ပြရန်အတွက် သူတို့အား အနက်ရောင်ဖြင့် ဝတ်ဆင်ထားခြင်း ဖြစ်သည်။ [27] ဤသို့ အများသဘောတူညီချက်သည် ဘန်ရားကု ပြဇာတ်ရုံမှ ရုပ်သေးသမားများ၏ အိုင်ဒီယာကို ရယူထားပြီး ၎င်းတို့မှ ရုပ်သေးများ လှုပ်ရှားမှုအား ကိုင်တယ်သူမှ သီးခြားဖြစ်စေရန် အနက်ရောင် အပြည့် ဝတ်ခြင်းဖြင့် လုပ်ဆောင်ကြသည်။ [28] ခိုင်လုံသော သက်သေအထောက်အထား မရှိသော်လည်း အချို့သော ပညာရှင်များက အနီရောင် အနည်းငယ် စွန်းပေနေသော အနက်ရောင် ဝတ်စုံသည် သွေးကွက်များကို ဖုံးကွယ်ပေးပြီး ထိုးဖောက်ဝင်ရောက်ရန်အတွက် ယုတ္တိတန်သော အဝတ်အစား ရွေးချယ်မှု ဖြစ်သည်ဟု ဆိုကြသည်။

နင်ဂျာတို့၏ အဝတ်အစားများသည် ဆာမူရိုင်းတို့နှင့် ဆင်တူသော်လည်း ဖားလျားကျနေသော အဝတ်များ (ဥပမာ ခြေထောက်) စသည်တို့ကို ဘောင်းဘီထဲထည့်သည် သို့မဟုတ် ခါးပတ်ပတ်ထားလေ့ ရှိသည်။ တီနုဂုအိ ဟု ခေါ်သော သိုင်းပညာတွင် သုံးသော အဝတ်စကို အမျိုးမျိုး သုံးနိုင်သည်။ မျက်နှာကို ဖုံးကွယ်ခြင်း၊ ခါးပတ်အဖြစ် စည်းနှောင်ခြင်း သို့မဟုတ် အပေါ်တက်ရာတွင် အကူအညီအဖြစ် သုံးခြင်းတို့ကို ပြုနိုင်သည်။

နင်ဂျာတို့အတွက် ပြုလုပ်ထားသော သံချပ်ကာများ အကြောင်းကို ရေရာစွာ မသိရှိရပေ။ နင်ဂျာတို့ ဝတ်ဆင်သည်ဟု ယူဆကြသော ပေါ့ပါးသော သံချပ်ကာများသည် ယနေ့ထက်တိုင် ရှိသော်လည်း နင်ဂျာတို့သည် စစ်ဆင်ရေးများတွင် အသုံးပြုခဲ့ကြောင်း အထောက်အထား မရှိပေ။ နင်ဂျာအဖြစ် နောင်တွင် ကျော်ကြားသော သူများကို ဖော်ပြသည့် အခါတွင် ဆာမူရိုင်းတို့၏ သံချပ်ကာများဖြင့် တွဲဖက် ဖော်ပြလေ့ ရှိသည်။ ချိန်းဖြင့် ပြုလုပ်ထားသော ပေါ့ပါးပြီး သိုဝှက်ထားနိုင်သည့် ကူဆာရိ ဟု ခေါ်သော သံချပ်ကာနှင့် ကာရုတာ ဟု ခေါ်သော သံချပ်ကာပြား အသေးစားတို့ကို နင်ဂျာတို့​ ဝတ်ဆင်သည်ဟု ယူဆနိုင်ပြီး ကာတာရီဘာဟု ခေါ်သည့် အဝတ်ထဲတွင် ဝှက်၍ ချုပ်ထားသော သံချပ်ကာများကိုလည်း ဝတ်ဆင်သည်ဟု ယူဆကြသည်။ သတ္တုဖြင့် ပြုလုပ်ထားသော ခေါင်းစွပ်၊​ချိုင်းကာ နှင့် လက်မောင်းကာတို့သည် နင်ဂျာ၏ သံချပ်ကာတွင် ပါဝင်သည်ဟု ယူဆကြသည်။ [27]

လက်နက်များနှင့် အတူ အခြားသော စစ်မက်သုံး ကိရိယာများမှာလည်း နင်ဂျာများနှင့် ပတ်သက်နေသည်။ ဥပမာ အနေနှင့် ပြရလျှင် အဆိပ်[2]၊ မာကိဘိရှိဟု ခေါ်သော ကြယ်ပုံ​သံချွန်များ၊[29]အိရှိကု မိဇူး ဟုခေါ်သော ကြိမ်ဓားနှင့် မြေမြှုပ်မိုင်း [30]ဖြစ်သည်။ ဖူကိယာဟု ခေါ်သော သေနတ်၊​ အဆိပ်သုတ်ထားသော မြှားတိုများ၊​အက်ဆစ် ပက်ဖျန်းနိုင်သော ပိုက်လုံးများ သေနတ်များ ပါဝင်သည်။[31] မျက်စိကန်းစေသော အမှုန့်များဖြင့် ဖြည့်တင်းထားသည် ကြက်ဥခွံအလွတ်ကို ဟပ်ပို ဟု ခေါ်ပြီး လွတ်မြောက်ရန်အတွက်လည်း အကူအညီ ပေးနိုင်သည်။[32]

ကိရိယာ

နင်ပီဒန်မှ စာမျက်နှာတစ်ခုက သော့ဖျက်ရာတွင် သုံးသည် ကိရိယာတစ်ခုကို ပြနေသည်။

ထိုးဖောက်ဝင်ရောက်ခြင်းနှင့် သူလျှိုလုပ်ခြင်းတို့တွင် အသုံးပြုသော ကိရိယာများသည် နင်ဂျာများနှင့် ပတ်သက်၍ များပြားလှသော ကိရိယာများ ဖြစ်သည်။ ကြိုးနှင့် ချိတ်ကောက်တို့မှာ နေရာတကာ တွေ့ရပြီး ခါးပတ်ဖြင့် တွဲချိတ်လေ့ ရှိကြသည်။[2] ခေါက်၍ရသော လှေကာများကို "ဘန်ဆန်ရှုကိုင်း" တွင် ဖော်ပြထားပြီး ထိပ်နှစ်ဘက်စလုံးတွင် လှေကားကို ချိတ်ရန် အချွန်များ ပါရှိကြသည်။[33] ဆူးချွန်ပါသော သို့မဟုတ် ချိတ်ပါသော အမြင့်တက် ကိရိယာကို လက်နှင့် ခြေထောက်တို့တွင် ဝတ်ဆင်ကြပြီး လက်နက်အဖြစ်လည်း အသုံးပြုကြသည်။ [34] အခြားကိရိယာများတွင် ဆောက်၊​တူ၊ လွန်ပူ၊​ရဲဒင်း နှင့် အခြားကိရိယာများ ပါဝင်သည်။

ကူနိုင်းမှာ ကြီးမားသော ထိပ်ချွန်ကိရိယာဖြစ်ပြီး ဂျပန်တို့၏ ပန်းရန်လုပ်ငန်းတွင် သုံးသော သန်လျှက်နှင့် ဆင်တူသဖြင့် ၎င်းမှ ဆင့်ပွားထားသည်ဟု ထင်မြင်ယူဆရသည်။ လူကြိုက်များသော အနုပညာဖန်တီးမှုများတွင် လက်နက်အဖြစ် ဖော်ပြလေ့ ရှိကြသော်လည်း ကူနိုင်း၏ အဓိက အသုံးပြုမှုမှာ နံရံတွင် အပေါက်ဖောက်ရန် ဖြစ်သည်။[35] ဓားနှင့် ဟာမဂါရိဟု ခေါ်သော လွှ အသေးစားကလေးများကို အဆောက်အဦးများတွင် အပေါက်ဖောက်ရန် အသုံးပြုကြပြီး ထိုအပေါက်များကို ခြေနင်းရန် အသုံးပြု၍ ဝင်ရောက်ကြသည်။[36] ဆာအိုတို ဟိကိဂါနဲ ဟု ခေါ်သော အလွယ်တကူ သယ်ဆောင်နိုင်သည့် နားထောင်သည့် ကိရိယာများကို အသုံးပြု၍ စကားပြောသည်ကို ခိုးနားထောင်ရန် နှင့် အသံကို ရှာဖွေရန် အသုံးပြုကြသည်။[37]

မိဇုဂုမိုသည် နင်ဂျာတို့ ရေပေါ်တွင် လမ်းလျှောက်ရန် သုံးသော ဖိနပ်များဟု ယူဆကြသည်။.[14] ထိုဖိနပ်များတွင် စီးနင်းသူ၏ အလေးချိန်ကို ဖိနပ်၏ ကျယ်ပြန့်သော အောက်ခြေမျက်နှာပြင်ပေါ်တွင် ဖြန့်ကျက်ခြင်းဖြင့် ရေပေါ်တွင် လမ်းလျှောက်နိုင်ရန် ပြုလုပ်ထားသည်။ မိဇုဂုမိုသည် ဂျပန်ရေပင့်ကူအား ဒေသခံတို့ ခေါ်ဝေါ်သော အမည် ဖြစ်သည်။ မိဇုဂုမိုကို "မစ်ဘတ်စတာ" ဟု ခေါ်သည် "ဒဏ္ဍာရီများကို ဖော်ထုတ်ခြင်း"​တီဗွီ အစီအစဉ်တွင် ပြသ၍ ရေပေါ်တွင် လျှောက်၍ မရနိုင်ကြောင်း သက်သေပြခဲ့သည်။ အုကိဒါရိ ဟု ခေါ်သော အလားတူ ဖိနပ်များကိုလည်း ရေပေါ်တွင် လမ်းလျှောက်ရန် အသုံးပြုကြပြီး အောက်ခြေတွင် ပြား၍ ဝိုင်းသော ရေပုံး ပါဝင်သည်။သို့သော်လည်း တည်ငြိမ်မှု မရှိပေ။[38] ကျုံ့နိုင်ချဲ့နိုင်သော အကာနှင့် အသက်ရှူပိုက်များက နင်ဂျာများကို ရေအောက်တွင် အချိန်ကြာမြင့်စွာ နေထိုင်နိုင်ရန် ကူညီပေးသည်။[31]

နင်ဂျာတို့အတွက် ကိရိယာ အမျိုးမျိုး ရှိသော်လည်း "ဘန်ဆန်ရှုကိုင်း" မှ နင်ဂျာတို့အား ကိရိယာများဖြင့် ဒုက္ခမများရန် သတိပေးထားပြီး "အောင်မြင်သော နင်ဂျာဆိုသည်မှာ ကိရိယာတစ်ခုကို လုပ်ငန်းဆောင်တာ အများအပြားအတွက် အသုံးပြုသူ ဖြစ်သည်။"​ဟု ဖော်ပြထားသည်။[39]

လက်နက်

ဓားတိုများနှင့် ဓားမြှောင်များကို အသုံးပြုလေ့ ရှိကြသော်လည်း ကာတနာ့ ဓားရှည်မှာ နင်ဂျာတို့ အသုံးပြုလေ့ ရှိသော လက်နက်ဖြစ်ပြီး ကျောကုန်းတွင် သယ်သွားလေ့ ရှိသည်။[2] ကာတာနာ့များကို ပုံမှန်တိုက်ခိုက်ခြင်းထက် ပိုမိုအသုံးပြုလေ့ ရှိသည်။ မှောင်မိုက်သော နေရာများတွင် ဓားအိမ်ကို ဓားမှ ဆန့်ထုတ်၍ ရှည်လျားသော စမ်းသပ် ကိရိယာများဖြင့် သုံးကြသည်။[40] ဓားရှည်များကို နံရံတွင် စိုက်၍ နင်ဂျာများက ဓားနှောင့်ကို အသုံးပြု၍ ပိုမြင့်သော နေရာသို့ ခြေနင်းတက်နိုင်သည်။[41] ကာတာနာများသည် ရန်သူများကို မတိုက်ခိုက်မီ အကြောင်ရိုက်ရန်အတွက်လည်း အသုံးပြုနိုင်ပြီး ငရုတ်ကောင်းမှုန့်၊ ဖုန်မှုန့်နှင့် သံတိုသံစများကို ဓားအိမ်၏ ထိပ်နားတွင် ထည့်ထားပြီး ဓားကို ထုတ်လိုက်သော အခါတွင် အမှုန်အမွှားများသည် ရန်သူ၏ မျက်နှာသို့ လွင့်ပျံသွားပြီး သေစေလောက်သော ဓားချက်ဖြင့် မတိုက်ခိုက်မီ ရုတ်တရက် ကြောင်သွားစေနိုင်သည်။ ကာတာနာ့ မပေါ်ပေါက်မီက ရှည်လျားသော ဓားဖြောင့်များကို အသုံးပြုကြသော်လည်း[42]

အိဝါကုနီ ရဲတိုက်တွင် ပြသထားသော ကုဆာရိဂါမာ တစ်စုံ

လက်ပစ်မြှား၊ ဆူးချွန်များ၊​ဓားများ နှင့် ကြယ်နှင့်တူသော အဝိုင်းပြားကလေးများကို စုပေါင်း၍ ရှုရိကန် ဟု ခေါ်ဆိုကြသည်။ နင်ဂျာတို့သာ သီးသန့် သုံးကြသည် မဟုတ်ဘဲ[43] ထိုလက်နက်တို့သည် အရေးပါသော လက်နက်များဖြစ်ပြီး မည်သည့်အရပ်မျက်နှာကို မဆို လှမ်း၍ ပစ်နိုင်သည်။[44] ချိန်ပစ်ရန်အတွက် လေးများကို သုံးကြပြီး အချို့သော နင်ဂျာတို့၏ လေးများသည် ရိုးရာ ယုမိ ခေါ် လေးအရှည်ကြီးများထက် ပိုမို၍ တိုအောင် တမင်သက်သက် ပြုလုပ်ထားသည်။[45] ကုဆာရိဂါမာ ဟု ခေါ်သော သံကွင်းဆက်ကြိုးနှင့် ဆူးချွန်များကိုလည်း နင်ဂျာတို့ အသုံးပြုကြသည်။​ဤလက်နက်များ၏ သံကွင်းဆက်ကြိုး တစ်ဖက်ထိပ်တွင် အလေးတုံး ပါဝင်ပြီး အခြားတစ်ဖက်တွင် ကန့်လန့်ဖြတ် ဓားချွန် ပါဝင်သည်။ အလေးတုံးကို လွှဲပစ်ခြင်းဖြင့် ပြိုင်ဘက်ကို အနာတရ နှင့် မသန်စွမ်း ဖြစ်စေပြီး ကန့်လန့်ဖြတ် ဓားချွန်ကို အနီးကပ် သတ်ဖြန်ရန် သုံးကြသည်။

၁၃ ရာစု မွန်ဂိုတို့ ကျူးကျော်ဝင်ရောက်စဉ် အတွင်း တရုတ်တို့မှ မိတ်ဆက်ယူဆောင်လာသဖြင့် ဂျပန်တို့အနေနှင့် ပေါက်ကွဲစေတတ်သော ပစ္စည်းများအကြောင်း သိရှိရသည်။[46] နောက်ပိုင်းတွင် ပေါက်ကွဲစေတတ်သော ပစ္စည်းများဖြစ်သော လက်ကိုင်ဗုံးနှင့် လက်ပစ်ဗုံးတို့ကို နင်ဂျာတို့ အသုံးပြုခဲ့ကြသည်။ အခွံပျော့ဗုံးများသည် မီးခိုးနှင့် အဆိပ်ငွေ့များ လွှတ်ထုတ်ရန် ဒီဇိုင်းပြုလုပ်ထားပြီး တစ်စစီလွင့်ပျံနိုင်သည့် သံစ နှင့် ကြွေစ အချွန်အတက်များကို လည်း ထုတ်လွှတ်လေ့ ရှိကြသည်။

ပုံမှန်လက်နက်များနှင့် အတူ နင်ဂျာတို့နှင့် ပတ်သက်နေသော အထွေထွေ လက်နက်များ အများအပြား ရှိသည်။ အချို့သော ဥပမာများမှာ အဆိပ်[2]၊ မာကိဘိရှိခေါ် ကြယ်ပုံစံ ဆူးချွန်လက်နက် [29]ရှိကိုးမိဇူးခေါ် လက်ကိုင်တုတ် ဓားရှည်၊[47] မြေမြှုပ်မိုင်း[30] ဖူကိယ ခေါ်မှုတ်ပြောင်း၊ အဆိပ်သုတ်မြှား၊ အက်ဆစ်ဖျန်းသည့် ပြွန် နှင့် သေနတ်တို့ ဖြစ်ကြသည်။[31] ဟပ်ပိုးဟု ခေါ်သော် ဥပုံသဏ္ဌန် အသေးစားလေးမှာ မျက်စိကို ရုတ်တရက် မမြင်ရနိုင်အောင် ဖြစ်သွားစေသော မဲဆုဘုရှိ ခေါ် အမှုန်များဖြင့် ထည့်သွင်းထားပြီး လွတ်မြောက်ရန် အတွက် အကူအညီပေးသည်။[32]

ဒဏ္ဍာရီဆန်သော စွမ်းရည်များ

လူသားထက် ကျော်လွန်သော သို့မဟုတ် သဘာဝလွန် ဖြစ်သော စွမ်းအင်များ နင်ဂျာတို့တွင် ရှိသည်ဟု မကြာခဏ ထင်မြင်ယူဆလေ့ ရှိကြသည်။ ဒဏ္ဍာရီဆန်သော ပုံပြင်များတွင် မိုးပျံနိုင်ခြင်း၊ ကိုယ်ဖျောက်နိုင်ခြင်း၊ ရုပ်ပြောင်းရုပ်လွှဲပြုလုပ်နိုင်ခြင်း၊ ဘွန်ရှင်းဟု ခေါ်သော ကိုယ်ခွဲအများအပြား ခွဲခြားနိုင်ခြင်း၊ ကူချီယောဆဲ ဟု ခေါ်သော တိရစ္ဆာန်များကို ခေါ်ယူနိုင်ခြင်း နှင့် ဓာတ်ကြီး ငါးပါးတို့ကို ထိန်းချုပ်နိုင်ခြင်းတို့ပါဝင်သည်။ ထိုသို့ ပုံပြင်ဆန်သော အတွေးများသည် နင်ဂျာတို့၏ ဆန်းကြယ်သော အခြေအနေပေါ်တွင် စိတ်ကူးယဉ်မှုများ ရှိသကဲ့သို့ အဲဒိုခေတ်ရှိ ဂျပန်တို့၏ အနုပညာဖန်တီးမှုတွင် ပါဝင်သော အတွေးအမြင်များကြောင့် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ပဉ္စလက် စွမ်းအင်များသည် နင်ဂျာတို့၏ ဆန်းကြယ်သော သတင်းအချက်အလက်များကို ဖြန့်ဖြူးနိုင်သည့် စွမ်းအင်ပေါ်တွင် မြစ်ဖျားခံကြသည်။ ဥပမာအားဖြင့် ၁၇ ရာစု နာကာဂါဝါ-ရူး ကို တည်ထောင်သူ နာကာဂါဝါ ရှိုးရှုဂျင်း သည် သူကိုယ်တိုင်ရေးသားသော "အိုကုဖုဂျိ မိနိုဂါတာရီ" တွင် ငှက်များ နှင့် တိရစ္ဆာန်များ အဖြစ် ပြောင်းလဲနိုင်ကြောင်း ရေးသားခဲ့သည်။

ဓာတ်ဝတ္ထုများကို ထိန်းချုပ်နိုင်ကြောင်း ထင်မြင်ယူဆချက်မှာ နင်ဂျာတို့၏ တကယ့် နည်းစနစ်များပေါ်တွင် အခြေခံပြီး ၎င်းတို့သည် သဘာဝစွမ်းအင်များနှင့် ဆက်နွယ်နေသည့် အတွက်ကြောင့် ဖြစ်သည်။ ဥပမာအားဖြင့် နင်ဂျာတို့၏ ခြေရာကို ဖျောက်ဖျက်ရန် မီးကို စတင်ခြင်းသည် ကတွန်-နော့-ဂျုဆု ("မီးနည်းစနစ်") ပေါ်တွင် အခြေခံထားသည်။[29]

ကာဘူကီပြဇာတ် "ဆန်ဒိုင်း ဟာဂိ" မှ လူကြမ်းတစ်ဦး ဖြစ်သော နစ်ကီ ဒန်ဂျိုကို သရုပ်ဆောင်တစ်ဦးမှ သရုပ်ဆောင်နေစဉ်။ လက်မှ "ကူဂျီကင်း" စည်းတံဆိပ်ကို ပြနေပြီး ထိုစည်းတံဆိပ်မှ ထိုသူအား ကြွက်ကြီးတစ်ကောင် အဖြစ် ပြောင်းလဲစေသည်။ စာရွက်ပေါ်တွင် သစ်သားပုံနှိပ်တုံးဖြင့် နှိပ်ထားခြင်း ။ ကူအိဆာဒါ၊ ၁၈၅၇

နင်ဂျာတို့သည် လေတံခွန် ကို အသုံးပြု၍ သူလျှိုလုပ်ခြင်းနှင့် စစ်တိုက်ခြင်းမှာလည်း ဒဏ္ဍာရီ တစ်ခု ပင် ဖြစ်သည်။ နင်ဂျာများကို လေထဲသို့ စွန်အသုံးပြု၍ လွှင့်တင်ပြီး ရန်သူများ တင်းကြမ်းပြည့်နေသော နယ်ကို ဖြတ်ကျော်၍ ရန်သူ၏ နယ်နိမိတ်အတွင်း သို့ ဆင်းသက်ခြင်း သို့မဟုတ် ဗုံးပစ်ချခြင်း များနှင့် ပတ်သက်၍ မှတ်တမ်းရှိသည်။ [14] စွန်များကို ဂျပန်တို့သည် စစ်ပွဲများတွင် သုံးလေ့ ရှိသော်လည်း စာလွှာပေးပို့ရန်နှင့် အချက်ပြရန် အတွက်သာ ဖြစ်သည်။ [48] တန်းဘူးလ်မှ ဆွေးနွေးသည်မှာ လူတစ်ဦးအား လေတံခွန် သုံး၍ လွှင့်တင်ခြင်းမှာ ဖြစ်နိုင်ခြေ ရှိသောလည်း စွန်ကို လူစီးသော စက်မဲ့လေယာဉ် အဖြစ် အသုံးပြုခြင်းမှာ စိတ်ကူးယဉ်သာ ဖြစ်နိုင်သည်ဟု ဆိုသည်။[49]

ကူဂျိ-ကိရိ

ကူဂျိ-ကိရိဆိုသည်မှာ လူနည်းစုသာ သိသော ကျင့်စဉ်တစ်ခု ဖြစ်ပြီး လက်ဖြင့် စည်းတံဆိပ်ပုံစံများကို ပြုလုပ်ခြင်းဖြင့် နင်ဂျာများကို လူသားလွန် ကိစ္စရပ်များကို ပြုလုပ်နိုင်စေခြင်း ဖြစ်သည်။

ကူဂျိ (အက္ခရာကိုးလုံး) ဆိုသည်မှာ တာအိုဘာသာ မှ အစတည်သော အတွေးဖြစ်ပြီး အက္ခရာကိုးလုံးကို ဆက်တိုက်သုံး၍ ရွတ်ဖတ်သရဇ္ဈယ်ကြခြင်း ဖြစ်သည်။ [50] တရုတ်ပြည်တွင်မူ ဤဓလေ့သည် ဗုဒ္ဓဘာသာနှင့် ဆက်နွယ်နေပြီး အက္ခရာကိုးလုံးကို ဗုဒ္ဓဘာသာဆိုင်ရာ နတ်များသို့ အမည်ပေးထားသည်။ ကုဂျိသည် ဂျပန်သို့ ဗုဒ္ဓဘာသာမှ တဆင့် ရောက်ရှိလာခြင်း ဖြစ်နိုင်သည်။[51] where it flourished within Shugendō.[52] ဂျပန်တွင်လည်း ကုဂျိ ၏ အက္ခရာတိုင်းသည် ဗုဒ္ဓဘာသာဆိုင်ရာ နတ်များ၊ တာအိုဒဏ္ဍာရီမှ တိရစ္ဆာန်များ နှင့် ရှင်တိုဘာသာမှ နတ်များ နှင့် ဆက်နွယ်နေသည်။ [53] ဗုဒ္ဓ၏ လက်အနေအထား အမျိုးမျိုးကို ပြသော မုဒြာ များကို ဗုဒ္ဓဘာသာများမှ ကုဂျိသို့ ထည့်သွင်းခဲ့ပြီး လူနည်းစုသာသိသော မိကျို သင်ကြားမှုမှ ဖြစ်နိုင်သည်ဟု ယူဆကြသည်။[53] နောက်ပိုင်းတွင် ကုဂျိများ အသုံးပြုခြင်းကို ဘုဂျုဆု (ကိုယ်ခံပညာ) နှင့် နင်ဂျုဆု ကျောင်းတော်များသို့ လက်ဆင့်ကမ်းပေးခဲ့ပြီး ရည်ရွယ်ချက်အမျိုးမျိုး ရှိသည်ဟု ဆိုကြသည်။ .[54] ကုဂျိအား လိုအပ်သော သက်ရောက်မှု ရရှိရန် အသုံးချခြင်းကို ကုဂျိအား ဖြတ်ခြင်း သို့ ကုဂျိကိရိ ဟု ခေါ်ကြသည်။ လိုအပ်သော သက်ရောက်မှု ဆိုသည်မှာ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ စုစည်းမှုမှစ၍ မယုံနိုင်လောက်သော အချက်များ ဖြစ်သော ရန်သူအား မလှုပ်ရှားနိုင်အောင် ပြုလုပ်ခြင်း သို့မဟုတ် ပဉ္စလက်ကျိန်စာတိုက်ခြင်း တို့ ပါဝင်သည်။[55] ထိုဒဏ္ဍာရီများကို ခေတ်ပေါ် ယဉ်ကျေးမှုမှ ရယူကြပြီး ကုဂျိကိရိဟု ဖွင့်ဆိုကြကာ ပဉ္စလက်အတတ်၏ ရှေးဦးဖြစ်သည်ဟု ဆိုကြသည်။

နိုင်ငံခြားသား နင်ဂျာများ

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၅ တွင် မိအဲတက္ကသိုလ်မှ ပါမောက္ခ ယာမာဒါ ယူးဂျီ နှင့် သမိုင်းပညာရှင် နာကာနိရှိ ဂေါ့ တို့က ခေတ်သစ်အစောပိုင်း အုရဲရှိနို တွင် အောင်မြင်ခဲ့သော လူ၃ ဦးကို တွေ့ရှိခဲ့ပြီး သူတို့အထဲတွင် နင်ဂျာတစ်ဦးဖြစ်သူ ဘန်ကိုင်း မုဆိုးလည်း ပါဝင်သည်။[56][57] မူဆိုး သည် မာရူမဲ နာဂါယောရှိ၏ တရုတ်လူမျိုးတပည့် ဒန်ရင်ဘိုး ရိုင်းကဲ နှင့် တစ်ဦးတည်း ဟု ယူဆကြသည်။ [57] တာဝန်ရှိသူများက နိုင်ငံခြားသား နင်ဂျာရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သဖြင့် အများစုက အံ့အားသင့်ခဲ့ကြသည်။


မြန်မာနိုင်ငံ နှင့် နင်ဂျာများ

၁၉၄၁ ခုနှစ်တွင် ရဲဘော်သုံးကျိပ်တို့ သည် ဂျပန်အင်ပိုင်ယာမှ အထူးထောက်လှမ်းရေးယူနစ်ဖြစ်သော မိနာမိ ကီကန် မှ စစ်ပညာသင်ကြားပေးခြင်း ခံသည်။ မိနာမိကိကန်းသည် နာကာနိုကျောင်းမှ ထွက်သူများဖြင့် အဓိက ဖွဲ့စည်းထားပြီး နာကာနိုကျောင်းမှာ နောက်ဆုံး နင်ဂျာဖြစ်သော ဖူဂျီတာ ဆီကိုက ကျောင်း၏ အစောပိုင်းနှစ်များတွင် ကိုဂါးမှ နင်ဂျုဆု အတတ်ပညာကို သင်ကြားပေးခဲ့ဖူးသည်။ ရဲဘော်သုံးကျိပ်ထဲမှ ဗိုလ်နေဝင်း၊ ဗိုလ်ရန်နိုင်၊ ဗိုလ်ဇေယျ နှင့် ဗိုလ်ကျော်ဇောတို့သည် တိုက်ပွဲတွင်း ကွပ်ကဲမှု၊ အဖျက်အမှောင့်လုပ်ငန်း၊ ပြောက်ကျားစစ် အပါအဝင် နင်ဂျာနည်းစနစ်များကို သင်ကြားခဲ့သည်ဟု ယူဆရသည်။[58][59] ထိုသို့ နိုင်ငံခြားသား စစ်သားများကို နာကာနိုကျောင်းထွက်များမှ လေ့ကျင့်သင်ကြားပေးခြင်းသည် ဖြစ်တောင့်ဖြစ်ခဲကိစ္စဖြစ်ပြီး ဤသင်ကြားမှု အပြင် အခြားမှာ ဂျပန်လျို့ဝှက်စစ်တပ်အေဂျင်စီ မှ ဟာဘင်တွင် ရုရှားတို့အား သင်ကြားပေးခဲ့ခြင်း ဖြစ်သည်။.[60]

၂၀၁၉ အောက်တိုဘာ ၂၆ တွင် ဘန်ကဲ ရှိနော့ဘိနိုဒန်၏ အကြီးအကဲဖြစ်သူ ဂျင်ချိကာဝါကာမိသည် ရန်ကုန်မြို့သို့ ရောက်ရှိပြီး နင်ဂျုဆုနည်းစနစ်များကို ပြသခဲ့သည်။ သူသည် နင်ဂျုဆု အစစ်အမှန်ကို ဆက်ခံသူဟု ပြောကြားခဲ့သည်။[61]

နာမည်ကြီး နင်ဂျာများ

ဂျပန်သမိုင်းရှိ နာမည်ကြီး ပုဂ္ဂိုလ်အချို့သည် နင်ဂျာတို့နှင့် ပတ်သက်နေသည် သို့မဟုတ် သူတို့ကိုယ်တိုင် နင်ဂျာတစ်ဦး ဖြစ်ကြသည်။ သို့သော် သူတို့နင်ဂျာဖြစ်ကြောင်း သက်သေပြရန် ခက်ခဲပြီး နောက်ပိုင်း စိတ်ကူးယဉ်တွေးဆမှုများလည်း ဖြစ်နိုင်သည်။ ထင်ရှားသော စစ်သူရဲများ ဖြစ်သည့် ကုဆုနိုကဲ မာဆာရှိဂဲ နှင့် မိနာမိုတို နော့ ယော့ရှိဆုနဲ တို့အား နင်ဂျာများ အဖြစ် ဖော်ပြကြသော်လည်း ထိုကိစ္စအတွက် သက်သေ အနည်းငယ်သာ ရှိသည်။

ထင်ရှားသော ဥပမာများမှာ အောက်ပါအတိုင်း ဖြစ်သည်။

  • ကုမာဝါကာမာရု (၁၃ရာစု-၁၄ရာစု) : လူငယ်တစ်ယောက်၏ နယ်နှင်ခံထားရသော ဖခင်ကို သေဒဏ်ပေးရန် ဘုန်းကြီး ဟွန်မာ ဆာဘုရောက အမိန့်ချခဲ့သည်။ ကုမာကာဝါက လက်စားချေသည့် အနေနှင့် ဟွန်မာ၏ အခန်းအတွင်းသို့ ဟွန်မာ အိပ်ပျော်နေစဉ် တိတ်တဆိတ် ဝင်ရောက်ပြီး သူ၏ ဓားရှည်ဖြင့် ကိုယ်တိုင် လုပ်ကြံခဲ့သည်။[62] သူသည် ဂေါ့-ဒိုင်ဂေါ့ ဘုရင်၏ အဆင့်မြင့် အမတ်ကြီး တစ်ဦး၏ သားဖြစ်ပြီး နင်ဂျာ မဟုတ်ပေ။ သူ့အား လက်စားချေရာတွင် ကူညီခဲ့သူ တောင်ကုန်းနေ ရသေ့မှာ နင်ဂျာတစ်ဦး ဖြစ်သည်။[63][64]
    ကုမာဝါကာမာရုသည် ကျုံးပေါ်တွင် ဝါးတုတ်ဖြင့် ခုန်လွှားကျော်ဖြတ်ခြင်းဖြင့် သူ့အားလိုက်ဖမ်းသူများထံမှ လွတ်မြောက်ခဲ့သည်။[65] စာရွက်ပေါ်တွင် သစ်သားဘလောက်တုံးဖြင့် နှိပ်ထားခြင်း ကုနိယောရှိ ၁၈၄၂-၁၈၄၃
  • ကုမာဝါကာ (၁၆ ရာစု) : တာကဲဒါ ရှင်းဂန်၏ လက်အောက်ခံ အိုဘု တိုရာမာဆာ (၁၅၀၄-၁၅၆၅) ထံတွင် အမှုထမ်းခဲ့သူ နင်ဂျာတစ်ဦး[66]
  • ယာဂျုး မုနဲတိုရှိ (၁၅၂၉-၁၆၀၆) : ရှင်းကဂဲ-ရူး ကျောင်းမှ ထင်ရှားသော ဓားသမား။​မုနဲယောရှိ၏ မြေးဖြစ်ပြီး သူ၏ အဖိုးမှာ နင်ဂျာတစ်ဦးဖြစ်ကြောင်း ပြန်လည်ပြောပြခဲ့သည်။[2]
  • ဟတ်တိုးရိ ဟန်ဇိုး (၁၅၄၂-၁၅၉၆) : တိုကုဂါဝါ အိအဲယဆု ၏ လက်အောက်တွင် အမှုထမ်းခဲ့သော ဆာမူရိုင်းတစ်ဦး။​သူ၏ ဘိုးစဉ်ဘောင်ဆက်မှာ အိဂါ့ ပြည်နယ်မှ ဖြစ်ပြီး သူ၏ သားမြေးများက နင်ဂျုဆု လက်စွဲကို ထုတ်ဝေခဲ့သဖြင့် အချို့သောသူများက သူ့အား နင်ဂျာဟု သတ်မှတ်ကြသည်။[67] ထိုဖော်ပြမှုသည် လူကြိုက်များသော ယဉ်ကျေးမှုတွင်လည်း ထင်ရှားသည်။
  • အိရှိကာဝါ ဂိုအဲမွန် (၁၅၅၈-၁၅၉၄) : ဂိုအဲမွန်သည် မျက်နှာကြက်အတွင်း ပုန်းခိုရာ နေရာမှ အိုဒါ နိုဘုနာဂါ၏ ပါးစပ်အတွင်းသို့ ပြွန်ချောင်းသုံး၍ အဆိပ်များကို လောင်းထည့်ခဲ့သည်။,[68] ဂိုအဲမွန်နှင့် ပတ်သက်သော လျို့ဝှက်သည်းဖို ဇာတ်လမ်းများစွာရှိပြီး ဤဇာတ်လမ်းမှာ အတည်မပြုနိုင်ပေ။
  • ဖူးမား ကိုတာရော (၁၆၀၃ သေဆုံး) သူ၏ ပြိုင်ဘက်ဖြစ်သည့် ဟတ်တိုးရိ ဟန်ဇိုးကို သတ်သည်ဟု ကောလာဟာလထွက်သည့် နင်ဂျာ။ ဒဏ္ဍာရီလာ လက်နက်ဖြစ်သော ဖူမားရှူရိကန် မှာ သူ့ကို အစွဲပြု၍ ခေါ်ဆိုခြင်း ဖြစ်သည်။
  • မိုချိဇုကိ ချိယောမဲ (၁၆ ရာစု) : မိုချိဇုကဲ မိုရိတိုကိ၏ ဇနီး။ ချိယောမဲသည် မိန်းကလေးများအတွက် ကျောင်းကို တည်ထောင်ခဲ့ပြီး ထိုကျောင်းမှ ဂေးရှား အတတ်ကို သင်ကြားပေးသလို သူလျှိုအတတ်ကိုလည်း သင်ကြားပေးသည်။[69]
  • မိုမိုချိ ဆန်ဒယူး (၁၆ ရာစု) : အိဂါနင်ဂျာမျိုးနွယ်စု၏ ခေါင်းဆောင်တစ်ဦး ဖြစ်ပြီး အိုဒါ နိုဘုနာဂါက အိဂါပြည်နယ်ကို တိုက်ခိုက်ရာတွင် သေဆုံးခဲ့သည်။ အချို့ကလည်း သူသည် သေဘေးမှ လွတ်မြောက်ခဲ့ပြီး ကိအိပြည်နယ်တွင် လယ်သမားအဖြစ် နေထိုင်ခဲ့သည်ဟု ယုံကြည်ကြသည်။[70] မိုမိုချိသည် ဟတ်တိုးရိ မျိုးနွယ်စု၏ အဆက်အနွယ်လည်း ဖြစ်သည်။
  • ဖူဂျီဘာယာရှိ နာဂါတို (၁၆ရာစု) : အိဂါမှ မဟာနင်ဂျာ ၃ ဦးတွင် တစ်ဦး အပါအဝင်ဟု ယူဆပြီး အခြားနှစ်ဦးမှာ ဟတ်တိုးရိ ဟန်ဇိုးနှင့် မိုမိုချိ ဆန်ဒယူး တို့ ဖြစ်ကြသည်။ ဖူဂျီဘာယာရှိ၏ သားမြေးများသည် "ဘန်ဆန်ရှုကိုင်း"​ကို ရေးသားတည်းဖြတ်ခဲ့ကြသည်။
  • ကာတိုး ဒန်ဇိုး (၁၅၀၃-၁၅၆၉) : ကျော်ကြားသော ၁၆ ရာစု ဆန်ဂေါ့ကုခေတ်မှ နင်ဂျာမာစတာ တစ်ဦးဖြစ်ပြီး "မိုးပျံ ကာတိုး"​ဟုလည်း သိကြသည်။
  • တာတဲအိုကာ ဒိုးရွှန်း (၁၆ ရာစု) : ဆန်ဂေါ့ကုခေတ်မှ အလယ်အလတ်တန်းစား နင်ဂျာ
  • ကာရာဆာဝါ ဂမ်းဘာ (၁၆ ရာစု) : ၁၆ရာစု ဆန်ဂေါ့ကု ခေတ်မှ ဆာမူရိုင်း တစ်ဦးဖြစ်ပြီး ဆနားဒါး မျိုးနွယ်စု၏ အရေးပါသော ထိန်းသိမ်း စောင့်ရှောက်သူ တစ်ဦး ဖြစ်သည်။

ရေပန်းစားသော ယဉ်ကျေးမှု

ဂျိရိုင်းယသည် ကြီးမားသော မြွေကြီးအား သူဆင့်ခေါ်ထားသော ဖားပြုတ်နှင့် အတူ တိုက်ခိုက်နေစဉ်။ စာရွက်ပေါ်တွင် သစ်သားဘလောက်တုံးဖြင့် ပုံနှိပ်ခြင်း။ ကုနိယောရှိ ၁၈၄၃

အဲဒိုခေတ်အတွင်း နင်ဂျာတို့၏ ပုံများသည် လူကြိုက်များသော ယဉ်ကျေးမှုအတွင်း ဝင်ရောက်လာခဲ့ပြီး နင်ဂျာတို့အကြောင်း ရိုးရာပုံပြင်များနှင့် ပြဇာတ်များ စတင်ဖြစ်ပေါ်ချိန်တွင် ဖြစ်သည်။ နင်ဂျာတို့နှင့် ပတ်သက်သော ဇာတ်လမ်းများသည် ပုံမှန်အားဖြင့် သမိုင်းဝင်လူများ အပေါ်တွင် အခြေခံသည်။ ဥပမာအားဖြင့် နယ်စားများမှ နင်ဂျာတို့အား သူတို့သည် နင်ဂျာအဖြစ် ထိုက်တန်သည်ကို သက်သေပြရန်အတွက် အိပ်နေစဉ် ခေါင်းအုံး သို့မဟုတ် လက်နက်ကို ခိုးယူခိုင်းသည် ပုံစံတူ ပုံပြင်များ အများပြား ရှိခဲ့သည်။[71] နင်ဂျာများအကြောင်း ဝတ္ထုများလည်း ရေးသားခဲ့ပြီး ကာဘုကိ ပြဇာတ် အဖြစ်လည်း ကပြခဲ့သည်။ ဇာတ်လမ်းထဲမှ ဇာတ်ဆောင် ဆာရုတိုဘိ ဆာဆုကဲ အစရှိသူတို့သည် ရုပ်ပြများ ရုပ်မြင်သံကြားများ အထိ ရောက်ရှိခဲ့ပြီး ယဉ်ကျေးမှုသူရဲကောင်း အဖြစ် ရှုမြင်ကြသည် အထိ ဖြစ်သည်။

နင်ဂျာတို့သည် ဂျပန်နှင့် အနောက်တိုင်းတို့၏ လူကြိုက်များသော မီဒီယာများဖြစ်သော စာအုပ်များ၊ တီဗွီများ၊ ကာတွန်းများ၊​ရုပ်ရှင်များ၊ ဗွီဒီယိုဂိမ်းများ၊ နာရုတိုကဲ့သို့သော အာ့နီမဲ ရုပ်ပြများ အမေရိကန် ရုပ်ပြများ တွင် ဖော်ပြခဲ့ကြသည်။ ရှေးခေတ် ဂျပန်မှ ယနေ့ခေတ် ကမ္ဘာ့မီဒီယာ အထိ နင်ဂျာတို့အကြောင်းကို အစစ်အမှန်မှ အခြေခံအားဖြင့် လည်းကောင်း ကြည့်ကောင်းစေရန်လည်းကောင်း လျို့ဝှက်ဆန်းကြယ် ချဲ့ကားထားသည် အထိ လူကြိုက်များသော ချယ်မှုန်းပြသမှုတွင် အမျိုးမျိုး အဖုံဖုံ ရှိကြသည်။

ဓာတ်ပုံများ


ကိုးကား

  1. Kawakami, pp. 21–22
  2. Turnbull 2003
  3. Crowdy 2006
  4. Frederic 2002
  5. Green 2001
  6. Green 2001; based on different readings, Ninpiden is also known as Shinobi Hiden, and Bansenshukai can also be Mansenshukai.
  7. Takagi, Gomi & Ōno 1962; the full poem is "Yorozu yo ni / Kokoro ha tokete / Waga seko ga / Tsumishi te mitsutsu / Shinobi kanetsumo".
  8. Oxford English Dictionary, 2nd ed.; American Heritage Dictionary, 4th ed.; Dictionary.com Unabridged (v 1.1).
  9. Axelrod၊ Alan (2015)။ Mercenaries: A Guide to Private Armies and Private Military Companies။ Washington, D.C.: CQ Press။ ISBN 9781483364674
  10. Waterhouse 1996
  11. Chamberlain 2005; Volume 2, section 80
  12. Ratti & Westbrook 1991
  13. Friday 2007
  14. Draeger & Smith 1981
  15. Deal 2007
  16. Adams 1970
  17. Yamada 2019
  18. 嬉野に忍者3人いた! 江戸初期-幕末 市が委託調査氏名も特定 2018-08-20 တွင် ပြန်စစ်ပြီး။
  19. Japan university awards first-ever ninja studies degree AFP, Yahoo! News (26 June 2020)။ 26 June 2020 တွင် ပြန်စစ်ပြီး။
  20. Japan university to set up ninja research facilities Telangana Today (11 May 2017)။ 26 June 2020 တွင် ပြန်စစ်ပြီး။
  21. Tatsuya 1991
  22. Kawaguchi 2008
  23. Nihon Hakugaku Kurabu 2006
  24. Nihon Hakugaku Kurabu 2004; Turnbull 2003
  25. Fiévé & Waley 2003
  26. Turnbull၊ Stephen (2012)။ Ninja AD 1460–1650။ Oxford: Osprey Publishing။ p. 9။ ISBN 9781782002567
  27. Turnbull 2003; Turnbull uses the name Buke Meimokushō, an alternate reading for the same title. The Buke Myōmokushō cited here is a much more common reading.
  28. Howell 1999
  29. Mol 2003, p. 176
  30. Draeger & Smith 1981, p. 127
  31. Ratti & Westbrook 1991, p. 329
  32. Mol 2003, p. 124
  33. Turnbull 2003, p. 20
  34. Mol 2003, p. 121
  35. Turnbull 2003, p. 61
  36. Turnbull 2003, pp. 20–21
  37. Turnbull 2003, p. 21
  38. Turnbull 2003, p. 62
  39. Green 2001, p. 359
  40. Adams 1970, p. 52
  41. Adams 1970, p. 49
  42. နင်ဂျာတိုး ဟု ခေါ်သော ဓားဖြောင့်မှာ သမိုင်းတွင် မရှိပဲ ယနေ့ခေတ် တီထွင်မှုသာလျှင် ဖြစ်နိုင်သည်။
  43. Mol 2003, p. 119
  44. Ratti & Westbrook 1991, pp. 328–329
  45. Ratti & Westbrook 1991, p. 328
  46. Bunch & Hellemans 2004, p. 161
  47. Mol 2003, p. 195
  48. Buckley 2002, p. 257
  49. Turnbull 2003, pp. 22–23
  50. Waterhouse 1996, pp. 2–3
  51. Waterhouse 1996, pp. 8–11
  52. Waterhouse 1996, p. 13
  53. Waterhouse 1996, pp. 24–27
  54. Waterhouse 1996, pp. 31–33
  55. Adams 1970, p. 29; Waterhouse 1996, p. 31
  56. 嬉野に忍者3人いた! 江戸初期-幕末 市が委託調査氏名も特定 2018-08-20 တွင် ပြန်စစ်ပြီး။
  57. 嬉野忍者調査結果 弁慶夢想 (べんけいむそう) 【武術家・山伏 / 江戸時代初期】 2018-08-20 တွင် ပြန်စစ်ပြီး။
  58. Bo Min Yaung (1990)။ アウンサン将軍と三十人の志士 : ビルマ独立義勇軍と日本။ 中央公論社။ ISBN 978-4121009807
  59. John Man (2012)။ Ninja: 1,000 Years of the Shadow Warrior။ Bantam Press။ ISBN 978-4121009807
  60. 西原征夫 『全記録ハルビン特務機関―関東軍情報部の軌跡』 毎日新聞社、1980年
  61. 「忍者文化研究プロジェクト レクチャー・デモンストレーション2019(ミャンマー)と題した忍者講座を開催しました Mie University (2019-10-28)။ 2019-11-16 တွင် ပြန်စစ်ပြီး။
  62. McCullough 2004, p. 48
  63. 大膳神社 Sado Tourist Bureau
  64. 透波 Kotobank
  65. McCullough 2004, p. 49
  66. 熊若 忍者名鑑
  67. Adams 1970, p. 34
  68. Adams 1970, p. 160
  69. Green 2001, p. 671
  70. Adams 1970, p. 42
  71. Turnbull 2003, p. 14
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.