နို့
အစားအစာတို့အနက် နို့ရည်တွင် အာဟာရဓာတ် အပြည့်စုံဆုံးပါဝင်သည်ဟု သိပ္ပံပညာရှင်တို့က ယူဆကြသည်။ ကျန်းမာသန်စွမ်းသော ကိုယ်ခန္ဓာဖြစ်ထွန်းမှု အတွက် လိုအပ်သော အာဟာရ အခြေခံကို နို့ရည်မှသာ ရရှိနိုင်သည်။ နို့စို့အရွယ် ကလေးငယ်တို့အတွက် နို့ရည်သည် လူတို့အဖို့မှာမူ တစ်ခါတစ်ရံ အမိနို့ရည်သည် သားငယ်နှင့်မသင့်သောအခါ နွားနို့ကို အစားထိုး၍ သုံးစွဲနိုင်သည်။ နွားနို့သည် နို့စို့ကလေးအတွက်သာမက အရွယ်တက်ဆဲဖြစ်သော လူငယ်၊ ရွယ်ကျစဖြစ်သော လူကြီးအတွက်လည်း အာဟာရဖြစ်သည်။ စင်စစ် နွားနို့ကို လူကြီးလူငယ်မရွေး အားလုံးသုံးဆောင်လေ့ရှိကြသည်။ နွားနို့ကို မရနိုင်သော ဒေသတို့၌ ဒေသအလိုက် ထွန်းကားသော တိရစ္ဆာန်တို့၏နို့ရည်ကို မှီဝဲကြသည်။ မြန်မာနိုင်ငံတွင် ကျွဲပေါများသော အရပ်၌ နွားနို့အစား ကျွဲနို့ကို သုံးစွဲကြသည်။ ဆိတ်နို့နှင့် သိုးနို့ကို အိန္ဒိယနိုင်ငံစသော အာရှတိုက် တောင်ပိုင်းနိုင်ငံတို့တွင် မှီဝဲလေ့ရှိသည်။ အိန္ဒိယနိုင်ငံ၏ခေါင်းဆောင်ကြီး မဟတ္တမ ဂန္ဓီသည် ဆိတ်နို့ကို အာဟာရအဖြစ်ဖြင့် အမြဲမှီဝဲသည်။
နွားနို့၌ ပါသော အာဟာရ
နွားနို့သည်လူသားများအတွက် မရှိမဖြစ်လိုအပ်သော ကယ်လဆီယမ်၊ ဗီတာမင်ဓာတ်၊ ပရိုတိန်းနှင့် အဆီဓာတ်များလုံလောက်စွာ ပါဝင်နေခြင်းကြောင့်မဖြစ်မနေသောက်သုံးသင့်ပါသည်၊၊ နွားနို့သောက်သုံးခြင်းဖြင့် အရိုးအဆစ်များ သန်မာကြီးထွား၍ ကိုယ်ကြံ့ခိုင်သန်စွမ်းပြီး ဉာဏ်ရည် ဖွံ့ဖြိုးတိုးတက်စေနိုင်ပါသည်၊၊ ထို့အပြင် နွားနို့ကို နေ့စဉ်ပုံမှန်သောက်သုံးပေးခြင်းအားဖြင့် အရပ်ရှည်လာစေနိုင်ပေသည်။[1]
နို့ရည်၌ ပရိုတင်းဓာတ်၊ အဆီ၊ ကာဗိုဟိုက်ဒရိတ်၊ ဓာတ်ဆားနှင့် ရေတို့ အချိုးကျ ပါဝင်ကြသည်။ ထိုဓာတ်တို့မှာ ခန္ဓာကိုယ်ကြီးထွားရေးအတွက် အဓိကဖြစ်သည်။ နို့ရည်၌ ရေ ၈၇ ရာခိုင်နှုန်း၊ အဆီ ၄ ရာခိုင်နှုန်း၊ ပရိုတင်း ၃.၃၅ ရာခိုင်နှုန်း၊ ကာဗို ဟိုက်ဒရိတ် ၄.၉၀ ရာခိုင်နှုန်း၊ ဓာတ်ဆား ၀.၇၅ ရာခိုင်နှုန်း ပါဝင်သည်။ ဤကား ယေဘုယျနှုန်း ဖြစ်သည်။ နို့ရည်၌ ပါသောအဆီသည် ကလေးသူငယ်တို့အတွက် အစာချေရန် အလွန်လွယ်ကူသဖြင့် များစွာ အဖိုးတန်သည်။ ထိုအဆီမှာ အလွန်တရာသေးငယ်သော အဆီဉကလေးများပါဝင်သော အဆီဖြစ်သည်။ နွားနို့မှ ရသော အဆီဥကလေးများကို တစ်ခုစီ တစ်ခုစီ တစ်လက်မ အရှည်ရှိသော နေရာ၌ စီတန်းလိုက်လျှင် အဆီဥပေါင်း ၂၀၀၀မှသည် ၂၀၀၁၀ အထိ စီတန်းနိုင်သည်။ နို့၏အဆီ၌ ဗီတာမင် အေနှင့် ဒီတို့ ပါဝင်သည်။
နို့ရည်မှ ရသော ပရိုတင်း၌ အာဟာရဓာတ်များစွာပါဝင်သည်။ ထိုပရိုတင်းမှာ အပင်မှရသော ပရိုတင်းထက် ကောင်းသည်။ အာဟာရအတွက် အရေးကြီးသော အမိုင်နိုအက်ဆစ်အားလုံးပါရှိ၍ အစာကြေလွယ်သည်။ အမိုင်နိုအက်ဆစ်၏သဘောမှာ ခန္ဓာကိုယ်၏သွေး၊ အသားတို့ ဖြစ်ထွန်းစေသော သဘောရှိသည်။ ပရိုတင်းတွင် ကေဆီအင်းဓာတ် ၇၀ ရာခိုင်နှုန်း၊ လက်တယ်လဗျူမင် ၂၀ ရာခိုင်နှုန်းနှင့် လက်တို ဂလိုဗျူလင် ၂ ရာခိုင်နှုန်း ပါဝင်သည်။ နွားနို့ဖြူသည်မှာ အဖြူရောင်ရှိသော ကေဆီအင်းကြောင့် ဖြစ်သည်။ နို့ထဲသို့ အချဉ်ဓာတ်ကို ဖြစ်စေ၊ အင်ဇိုင်းခေါ် အချဉ်ဓာတ်ပါသော ဓာတုဗေဒဆေးကို ဖြစ်စေ ထည့်လိုက်လျှင် ကေဆီအင်းသည် ခဲသွားပြီးလျှင် ဒိန်ချဉ်ဖြစ်လာသည်။ ထိုဒိန်ချဉ်မှ ဒိန်ခဲကို ပြုလုပ်ရသည်။ ကေဆီအင်းမှ ဆင်စွယ်တု၊ အရိုးတု၊ ကော်ပလတ်စတစ်ပစ္စည်း၊ အိမ်သုတ်ဆေး စသည်တို့ကိုလည်း ပြုလုပ်နိုင်သည်။ လက်တယ်လဗျူမင် နှင့် လက်တို ဂလိုဗျူလင်တို့မှာ လူ၏သွေး၌ပါသော အယ်လဗျူမင်နှင့် ဂလိုဗျူလင်ဓာတ်တို့နှင့် အတူတူပင်ဖြစ်ရာ ခန္ဓာကိုယ်၏ အသွေးအသား ဖြစ်ထွန်းရေးအတွက် အထောက်အပံ့ ပြုပေသည်။
နို့ရည်တွင် ပါရှိသော ဓာတ်ဆားတို့မှာ ပိုတက်ဆီယမ်၊ ကယ်လဆီယမ်, ဖော့စဖောရပ်၊ ဆိုဒီယမ်၊ ကန့်ဆာလဖာ၊ အိုင်အိုဒင်း၊ သံ၊ ကြေး၊ မန်ဂရိ၊ သွပ်၊ အလျူမီနီယမ်နှင့် အခြားသတ္တု၏ဓာတ်ဆားများ ဖြစ်ကြသည်။ ထို ဓာတ်ဆားတို့သည် သွားနှင့်အရိုးများကို ခိုင်မာအောင် ပြုလုပ်ပေးသည်။
နို့ရည်၌ပါသော ကာဗိုဟိုက်ဒရိတ်ကို လက္ကာတို့ဟု ခေါ်သည်။ ယင်းမှာ နို့သကြားဖြစ်၏။ ထိုသကြားမျိုးမှာ များစွာ မချိုလှချေ။ ရိုးရိုးသကြားကဲ့သို့ အရည်ပျော်လွယ်သည်မဟုတ်။ သို့သော် အစာကြေလွယ်၏။ ခွန်အားကို ဖြစ်စေတတ်၏။ လက္ကာတို့ကို ဗက်တီးရီးယားပိုးများက မှီဝဲလာသည့်အခါ လက်တစ်အက်ဆစ်ဖြစ်ပေါ်လာ၍ နို့သည် ချဉ်သွားတတ်သည်။ ဤသဘောတရားသည့် နို့မှ ဒိန်နှင့်ထောပတ်ထုတ်လုပ်ခြင်းလုပ်ငန်းတွင် များစွာ အထောက်အပံ့ပြုလုပ်ပေသည်။ လက္ကာတို့သည် နို့ရည်၌ ပါသော ဓာတ်ဆားတို့ကို သွားနှင့် အရိုးများ ခိုင်မာအောင် ပြုလုပ်ပေးသည့် ဓာတ်ဆားများ အဖြစ်သို့ ပြောင်းလဲစေရန် ဖန်တီးပေးသည်။
အထက်ပါ ဓာတ်များအပြင် နို့ရည်ထဲ၌ ဗီတာမင်များလည်း ပါဝင်သည်။ နို့တွင် ပါရှိသော ဗီတာမင်တို့မှာ အေ၊ ဘီ၊ စီ၊ ဒီနှင့် ကေတို့ဖြစ်ကြသည်။ သို့ရာတွင် ထိုဗီတာမင်တို့မှာ ကလေးသူငယ်များအဖို့ လုံလောက်သည်မဟုတ်သေး။ ထို့ကြောင့် ယင်းတို့အား ရံဖန်ရံခါ ဗီတာမင်အေ၊ စီနှင့်ဒီကို သတ်သတ်တိုက်ကျွေးပေးရသည်။ မြက်စိမ်းကို စားရသော နွားမများသည် မြက်ခြောက်ကို စားရသော နွားမများထက် ဗီတာမင် ဒီကို ပို၍ ပေးနိုင်စွမ်း ရှိသည်။ နွားနို့ကို ကြာကြာ လေသလပ် ထားလျှင် ဗီတာမင် စီ ကုန်ခန်းသွားတတ်သည်။ နို့၌ ဗီတာမင် ဘီသည် အတော် များများ ပါဝင်သည်။ နို့ရည်မှရသော အဆီနှင့်မလိုင်တို့တွင် ဗီတာမင် အေ၊ ဒီနှင့် အီး ပါဝင်သည်။
လူတို့၏အစားအစာသည် သွေးသားဖြစ်စေရုံမျှသာမက ကိုယ်ခန္ဓာ၏ အပူဓာတ်ကိုလည်း ပေးသည်။ ထို အပူဓာတ်ကို ဖြစ်စေသော စွမ်းအင်ကို ပေးသည့်အရာတွင် နို့သည် အလွန်တာသွားသည်။ ပမာအားဖြင့် ပုလင်းတစ်လုံးခန့်ရှိသောနွားနို့၏ အပူဓာတ်ပေးသော စွမ်းအင်သည် အမဲသား ၄/၅ ပေါင်၊ ကြက်သား ၁ ၁/၄ ပေါင်၊ ဝက်သား ပေါင်ဝက်၊ ငါး ၂ ၁/၃ ပေါင်၊ ကြက်ဥ ၈လုံး၊ ပဲသိး ၁ ၁/၇ ပေါင်၊ ပဲစေ့ ၂ ၁/၃ ပေါင်၊ ခရမ်းချဉ်သီး ၆ ၂/၃ ပေါင်တို့၌ ရှိသော စွမ်းအင် အသီးသီးတို့နှင့် ညီမျှသည်။[2]
ကိုးကား
- မြန်မာ့အလင်းသတင်းစာ၊ အောက်တိုဘာ ၃ ရက်၊ ၂၀၁၄။
- မြန်မာ့စွယ်စုံကျမ်း အတွဲ ၆ ၊ နှာ ၁၆၉